နွေရာသီက ပူ။ လူတွေရဲ့ ရင်ထဲမှာလည်း အပူ။
အပူတွေ များလှချည်ရဲ့။ အင်း တခါလာလည်း
အပူတွေအကြောင်း ဟိုအကြောင်း ဒီအကြောင်း
ရေးလိုက်ပါရင် စိတ်မချမ်းသာစရာ အကြောင်း
အရာကများသည်။ လူ့ဘဝ ဆိုတာကလည်း
ဒုက္ခက အများသား။ သုခက အနည်းသားမို့လား။
အနည်းငယ်သော ထို သုခအတွက် လူတို့က
ဘဝမှာ နေသာပျော်ရွှင်နေကြသည်။
ဆိုင်ကယ်အတွက် ဆီတန်းရင်း ဒုက္ခများသူ။
ကားအတွက် ဆီတန်းရင်း သေဆုံးကြသူတို့ကို
ကြားရသည့်အတွက် စိတ်မကောင်းဖြစ်ရသည်။
ဟော့ တခါ အရှေ့ဘက် လမ်းမကြီးဆီမှ
ဆိုင်းသံတခြိမ့်ခြိမ့်ဖြင့်။ နေပူပူမှာ စီတန်းလှည့်လည်
သည့်။ အလှူပွဲကြီးကို မြင်ရပြန်တော့ ရင်ထဲ
ဝမ်းသာ ဝမ်းနည်းဖြစ်ရပြန်။ အင်း သူရို့ခမျများတော့
ခေတ်ပျက်ကြီးမှာ လှူတန်နိုင်ကြတာ။ ဒီအလှူပွဲ
ရဲ့ အကျွေးအမွေးများကို ဟိုအဝေးက အသက်လု
ပြေးရသူ အပေါင်းကို ကျွေးမွေးစေချင်မိ။
ဖြစ်ချင်တာလည်း မဖြစ်ရပါ။ အော် မဖြစ်ချင်တာ
တွေလည်း ဖြစ်နေရတဲ့ လောက။ ကိုယ်တွေက
အိမ်ထဲမှာ နေပြီး တောင်တွေး၊ မြောက်တွေး
နေမိသည်။ ငွေကို သိန်းပေါင်း၊ သောင်းပေါင်းချီပြီ
လှူသည်ကလည်း အလှူဖြစ်သလို။ ကိုယ်တတ်နိုင်
သည့် နေရာကနေ လှူသည်ကလည်း အလှူ
ဖြစ်ပေသည်။ တနေ့က အိမ်က တူမအမျိုးသား
သည်။ ရေခဲဘူးထဲ ရေခဲများ ဝယ်ထည့်၍ သူ့သုံးဘီး
ကားပေါ်တင်သည်။ သူက နေ့လယ်ခင်းမှာ
ဆီဆိုင်မှာ ဆီတန်းသည်။
ဆီတန်းရာတွင်လည်း သိတော်မူကြသည့်အတိုင်း
သုံးလေးငါးနာရီ တန်းစီရသည်။ ဆီတန်းရင်း
ဘဝတူ ဆီတန်းသူများကို ရေခဲရေ ဒါနပြုသည်။
ယခုအခါ မန္တလေးမှာ ဆီတန်းသူများကို အချိုရည်၊
ဖျော်ရည်နှင့် စားစရာများ လာရောက်လှူဒါန်း
သည်လည်းရှိသည်။ လောင်စာဆီသည်က
ယခုခေတ်မှာ မရှိမဖြစ်အရေးပါလှပေသည်။
ပို့ဆောင်ဆက်သွယ်ရေးအတွက် အဓိကအရေး
ပါသည်။
ယခင် ဆီခက်ခဲသော အချိန်ကာလမှာလည်း
သူ့သုံးဘီးပေါ်မှာ အချိုရည်ပုလင်းပေါက်စလေးများ
တွင် ဆီထည့်ထားသည်။ သူ့သုံးဘီးက စစ်ကိုင်းနှင့်
မန္တလေးသို့ တရက်ခြား၊ သုံးရက်ခြားသွားရသည်။
ထိုသို့ သွားလာရင်း လမ်းမှာ ဆီပြတ်၍ ဆိုင်ကယ်
တွန်းသူများကို တွေ့ပါမူ သူ့သုံးဘီးကိုရပ်၍ အသင့်
ထည့်ထားသော ဆီပုလင်းလေးများကို လှူပေးခဲ့ဖူးသည်။
ဆီဆိုင်ရှိရာ အဝေးကြီးသို့ တွန်းရမည့် ဆီပြတ်သူများအဖို့
ဝမ်းသာရှာကြပေမည်။ သူတို့၏ အပြုံးမျက်နှာ
ကို မြင်ရသည့် ဝမ်းသာမှုက ကိုယ်တိုင်ခံစားဖူးသူ
တိုင်း သိကြပါလိမ့်မည်။