ပူလိုက်တာ အမလေး ပူလှချည်ရဲ့၊ အိုက်လှချည်းရဲ့။
စသဖြင့် လူတိုင်းနီးပါး နှုတ်ဖျားမှ အလွယ်တကူ
ပြောထွက်နေကြသည်။ ကျွန်တော်တို့ဆီသီု့
တနေ့ညက လေမိုးကျသွားသဖြင့် အနည်းငယ်
အပူလျော့သွားသည်။ မိုးမရွာခင်က 41 ရှိပြီး
ယခု 39 ဒီကဂရီရှိပေသည်။ ဒါသိပင် နေရိပ်ထဲ
နေမှ အနည်းငယ် အပူဒဏ်သက်သာသည်။
နေပူထဲမှာဆိုပါမူ အတော်ပူပေမည်။
မိုးနဲ့ လေ အတွဲညီစွာ ရွာချသဖြင့် ရေငတ်နေသော
မြေကြီးက အငမ်းမရ မိုးရေကို စုပ်ယူသည်။
မိုးရေက အရည်အတော်ပါသည်ကိုပင် မနက်မိုးလင်း
တော့ မြေပြင်မှာ ရေခွက် ရေအိုင်လေးများကို
သိပ်မတွေ့ရပေ။ ကားလမ်း ကတ္တရာထက်ဆီမှသာ
ရေအိုင်ကို တွေ့ရသည်။ ကတ္တရာကတော့ မိုးရေ
ကို မြေကြီးလောက် အိန္ဒြေမဲ့စွာ မစုပ်ယူပေ။
မဟာပထဝီမြေကြီးသည်က ကာလကြာစွာ
ဝေးကွာနေသော သမီးရည်းစာများလို မိုးရေကို
ထွေးပွေ့ပါလေသည်။
ထိုသို့ မြေကြီးသည် မိုးရေကို စုပ်ယူ ထွေးပွေ့လင့်
ကစား မြေကြီးမှာ သူ့တကိုယ်လုံး လောက်ငှအောင်
စိုစွတ်မှုမရှိပေ။ နေရာကွက်ကြားသာ စိုစွတ်ရုံ
ရှိပေသည်။ မြေပြင်ထက်မှ သစ်ပင်ကြီးငယ်တို့မှာမူ
မိုးရေကောင်းစွာရရှိကြ၍ စိမ်းလန်းစိုပြေနေကြသည်။
သစ်ရွက်ကလေးများကလည်း ဖုန်မှုန့်ကင်းစင်၍
စိမ်းစို တောက်ပ လတ်ဆတ်နေကြသည်။
ခြံအပြင်ဖက် စိုက်ပျိုးထားသော သရက်ပင်ပေါက်
နှင့် အခြားသော အပင်များကို ကျွန်တော်သည်
ရေလာင်းဖို့ သက်သာရသည်။
နို့မို့ မနက်တကြိမ်၊ ညနေတကြိမ် ရေလောင်းရသည်။
တခါတရံ တကြိမ်သာ ရေလောင်းမိသည်လည်း
ရှိပေသည်။ သစ်ပင်များကို ရေလောင်းသည့်အခါ
အိမ်မှာရှိသော ရေကန်မှ ရေကို မလောင်းပေ။
အနောက်ဘက်မှာရှိသော တရုတ်အိမ်ရှေ့ရှိ
ရေမြောင်းမှ ရေကို ပုံဖြင့် ခပ်ယူ၍ လောင်းသည်။
သို့မှ သစ်ပင်များကို ရေလောင်းရာတွင် ရေကို
ချွေတာစရာမလို ပေ။ သစ်ပင်များကလည်း
ရေသန့်ထက် မြောင်းရေကို ပိုမိုနှစ်သက်ကြပေသည်။
ရေဗူးနဲ့ ဖိနပ်မပါရင် နွေအခါ သိလိမ်မည်။
ဒါနနဲ့ သီလ မပါရင် သေအခါ သိလိမ့်မည်တဲ့။
နွေရာသီမှာ ရေငတ်သဖြင့် ရေကိုရှာဖွေ
သောက်ကြရသည်။ ရေမသောက်ရပါမူ
အသက်သေဆုံးသည်အထိ ဖြစ်ပေမည်။
ရေကို လူပင်မဆိုထားလင့် သစ်ပင်များကလည်း
ရေမရပါမူ သေရှာကြသည်။ ခြံထဲမှာ စိုက်ထားသော
ကျောက်ဖရုံပင်က မိုးရေထိသဖြင့် အပွင့်ဝါဝါများက
အပြိုင်အဆိုင် ပွင့်ကြသည်။ အသီးကင်းလေး
များကို တွေ့၍ သေချာကြည့်ပါမှ ကျောက်ဖရုံသီး
မဟုတ်ပါကပဲ ရွှေဖရုံသီးများဖြစ်နေကြပေသည်။
အင်း ဖရုံတော့ ဖရုံပါပဲ ကျောက်ဖြစ်ဖြစ်၊ ရွှေဖြစ်ဖြစ်
စားတော့ စားလို့ရတာပါပဲလေ။