တသက်လုံးပျော်ချင်ရင် သစ်ပင်စိုက်ပါတဲ့။
သစ်ပင်လေး ပေါက်စကို စပြီး စိုက်သည့်နေ့ကပင်
ရင်ခုန်ရပေသည်။ မနက်မိုးလင်း၍ မျက်နှာသစ်ပြီးသကာလ
ကိုယ့်စိုက်ပျိုးခဲ့သော အပင်ပေါက်စလေးကို ရှင်သလား၊
သေသလား ရင်ခုန်စွာကြည့်မိသည်။
အရွက်ကလေးများ၊ အညွန့်လေးများ လန်းဆန်း
နေသလား၊ ညှိုးနေသလား ကြည့်ရသည်။
ထိုသို့ကြည့်ရသည်ကပင် ရင်ခုန်ပျော်စရာ
တခုဖြစ်သည်။
ကိုယ်စိုက်သည့် အပင်ကလေး ရှင်သန်နေပါလျှင်
တစိမ့်စိမ့်ကြည်၍ ပီတိဖြစ်ရသည်။ စိုက်သော
အပင်ကလေး နွမ်း၍ ရှင်သန်မှုမရှိပါလျှင် စိတ်
မကောင်းဖြစ်ရသည်။ နောက်တပင် ထပ်မံစိုက်ရ
တာပေါ့ဟု တွေးရပြန်သည်။ ကိုယ့်အပင်လေးက
အရွက်များဝေဖြာကာ အဖူး အပွင့်လေးများ
ထွက်လာပါလျှင် ပျော်ရွှင်ရပြန်ပါသည်။
အပွင့်မှ အသီးကင်းလေး၊ အသီးကင်းမှ
ဖွံ့ထွားသောအသီးကြီး ဖြစ်လာသည့်အခါမှာလည်း
ခူးဆွတ်ဖို့ အရိပ်တကြည့်ကြည့်ဖြစ်ရပြန်။
ယခုလို နွေရာသီရောက်ပြီဆိုပါလျှင် စပယ်ပန်းလေးများက
အညွန့်အဖူးမှ အပွင့်ဖူးလေးများထွက်ပေါ်လာသည်။
စပယ်ဖြူလေးများက ဖွေးဖြူစွာပွင့်ပြီး လေနှင်ရာ
မွှေးပျံ့နေသည်။ လေသယ်ဆောင်လာသော စပယ်ပန်း
ရနံ့ကို တရှိုက်မက်မက် ရှူရှိုက်ရသည်က နွေအပူမှာ
အမောပြေစေသည်။ စပယ်ဖြူတွေတောင် ပွင့်နေပြီ
ကွယ်။ ပူလွန်တဲ့နွေမှာလေ အေးချမ်းသွားတယ်။
ကော်နီ၏ သီချင်းသံကို နားမှာ ကြားသလိုလို။
ကိုညီထွဋ်၏ သီချင်းသံကိုလည်း ကြားမိပြန်သည်။
နွေဦးက အလွန်အမင် မပူသေးပေ။ ပူဖို့ တာစူ
နေသလားတော့ မသိပေ။ အပူချိန်က သုံးဆယ့်
သုံး ဒီကရီသာ ရှိပေသေးသည်။ လာမည့် နွေရာသီ
သင်္ကြန်ပွဲတော်ရောက်ပါလျှင် အပူချိန်က လေးဆယ်အထက်သို့
ရောက်ပေအုံးမည်။ အညာနွေ၊ မန်းသင်္ကြန်
ရယ်၊ အတာရေအေးရယ်က ဝေးကွာခဲ့သည့် ငါးရာသီ
ပင်ရှိချေသည်။ အပူလုံးကြွကာ ယူကြုံမရသမို့။
လူလုံးပင် မပြခဲ့တာ ကြာပါပြီလေ။
ရာသီ ငါးလီကျော်ပြန်ခဲ့ပေါ့။ ပျော်ရွှင်စရာ ပွဲတော်
များကိုလည်း မေ့ ပျောက်ထားသည်မှာ ကြာခဲ့ကြ
ပေသည်။ အောင်သပြေ ညောင်ရေလောင်းလို့
အောင်ပွဲရသူတို့ကို ကြိုဆိုချင်လှပေါ့။ ရွှေလည်ဖယောင်းတို့
ပျော့ကာ ပျောင်းရှာရော့မယ်။
ဒီတန်ခူး ရှင်မြူး ကြည်နူးရအောင်။ တူညီစွာ
ရွက်ကုန်ဖွင့်လို့ တက်ကုန်အားစိုက် လှော်လိုက်
ကြရအောင်ပါလေ။