တလောက တာယာပွကြီး၏ ကြက်ထီး၊ ကြက်မ
အကြောင်းရေးသားခဲ့သည်။ ကြက်မ က မလှ၍
ကြက်ထီးက မကပ်သည့်အကြောင်း အမေနဲ့
တာယာပွကြီးတို့၏ ပြောစကားများကို ရေးသား
ခဲ့သည်။ ယခုတော့ မလှသော ကြက်မ ပေသိ။
တခုတည်းသော ကြက်မဖြစ်၍ ကြက်ဖကြီးလည်း
အော်အီးအီးအွတ်ခဲ့သည်။
ကြက်ဖကြီး၏ အော်အီးအွတ်မှုကြောင့် ကြက်မသည်
ဥ ဆယ့်တစ်လုံး ဥပေးရှာသည်။ ထိုဆယ့်တစ်လုံးမှ
တာယာပွကြီးက နှစ်လုံးကို ကြော်စားသည်။
တစ်လုံးက ကြက်မနှင့် တာယာပွကြီးတို့ ကလိ
မှုကြောင့် ကွဲသွားသည်။ ရှစ်ဥ ကျန်ရှိသည်။
ကြက်မ ဥသောနေရာက စားပွဲခုံကြီးထဲတွင်
ဝပ်ကျင်းပြုလုပ်ပေး၍ ဥစေသည်။
ကြက်မကြီး ဥ သောစားပွဲခုံသည် ကျွန်တော်တို့
အိမ်သို့ မိတ်ဆွေတဦးက ခဏလာရောက်ထားသော
ခုံဖြစ်သည်။ ဖြစ်ချင်တော့ ကြက်မကြီး သူ့ဥတွေကို
စပြီးဝပ်သော ငါးရက်မြောက်နေ့မှာ စားပွဲခုံကြီးကို
ပိုင်ရှင်က လာယူပါလေသည်။ ထိုအခါ ဥများကို
ဟိုပို့ ဒီပို့ ပြုလုပ်ရသည်။ ကြက်မသည် သူ မူလ
ဥသောနေရာမှာ ဥများမရှိ၍ သူ့ဥများကို လိုက်ရှာသည်။
တာယာပွကြီးက ကြက်မကို ဖမ်း၍ သူ့ဥနေရာကို ပြ
၍ ဝပ်ခိုင်းသည်။ ကြက်မက ဥများကို ခဏသာ
ဝပ်ပြီး အစာထွက်ရှာသည်။ ကြက်မက သူမူလ
ဥခဲ့သောနေရာကိုသာ သွား၍ ဝပ်နေလေသည်။
ထိုကြောင့် ကြက်ဥများကို ယူကာ သူမူလ
ဥခဲ့သောနေရာသို့ ပြန်သွားထားရပြန်သည်။
မူနေရာတွင် တာယာခွက်ကြီးထဲသို့ ကြက်ဥ
များကို ထည့်ထားလိုက်သည်။ ထိုနေရာမှသာ
ကြက်မသည် ဥများကို သေချာဝပ်တော့သည်။
ထိုနေရာက အပေါ်မှာ မိုးကာမရှိ၍ အမိုးပြုလုပ်
ပေးရသည်။ သို့ပေသိ နေ့လယ်နှင့် နေ့ခင်းများမှာ
နွေအပူက အတော်ပူသည်။
ကြက်မကြီးမှာ ပူရှာသဖြင့် ကောင်းစွာမဝပ်နိုင်ပေ။
အပေါ်သို့ မော့ကာ လည်ချောင်းထောင်၍ လေရှူ
သလား၊ အပူသက်သာအောင်ပြုသလား မသိပေ။
ကြက်မကြီး၏ ဆင်းလိုက် တက်လိုက်၊ အစာရှာ
ထွက်လိုက်၊ ရေသောက်ဆင်းလိုက် လုပ်သောကြောင့်
ပေလားမသိပေ။ ကြက်ဥ ရှစ်ဥသည် ကွဲသဖြင့်
လေးဥသာ ကျန်ရှိပေတော့သည်။ နောက်ဆုံး
လက်ကျန် ကြက်ဥ လေးဥသည် ပြာများပေကျန်ကာ
အဖြူရောင်မှ အမဲတဝက်ရောကာ အဖြူအမဲ
ဥများဖြစ်နေပေတော့သည်။
ကြက်ဥများသည် တာယာကန်ကြီးထဲမှာ ကွဲသဖြင့်
ကြက်ဥအနှစ်များကို ဖယ်ရှားရသည်။ တာယာကန်
အောက်ခြေမှ အနှစ်များကို ပြာမှုန့်များဖြူး၍ သုတ်ပစ်ရသည်။
နို့မို့ ဆိုပါမူ ပုရွက်ဆတ်များရောက်လာ
သည်။ ပုရွက်ဆိတ်များကြောင့် ကြက်မကြီးက
သူ့ဥများကို ကောင်းစွာ မဝပ်နိုင်ဖြစ်ရသည်။
နွေရာသီပူပူမှာ ကြက်မကြီးက သူ့ဥများကို
ဝပ်လိုက်၊ ရေကန်ရှိရာသို့ အပြေးအလွှား ရေလာ
သောက်လိုက်ဖြင့် အလုပ်ရှုပ်နေပေတာ့သေည်။
လက်ကျန်ဥ လေးဥကတော့ အကောင်ပေါက်
မပေါက် မသိနိုင်သေးပေ။