အယူအစ ဆိုသည်က ယူတာကို စ ပြီးယူရတာလားသို့မဟုတ်
အယူအဆ ဟုခေါ်လေသလား။ စ နဲ့လား
ဆ လိမ်နဲ့လား ထို အရာသည် အမျိုးမျိုးရှိပေမည်။
အယူအဆ အမျိုးမျိုးရှိပေသည်ဟုကြားဖူးသည်။
ထိုအယူအဆ၊ အယူဝါဒများကြောင့် ယနေ့
ကမ္ဘာပေါ်မှာ ဝုန်းဒိုင်း ဒုန်းဆိုင်း ချနေကြသည်။
အယူဝါဒနှင့် လောဘ၊ ဒေါသများကြား
အားပြိုင်ကြရင်း ပေါက်ကွဲထွက်လာကြပေသည်။
အယူဝါဒနှင့် ကိုးကွယ်ယုံကြည်မှုများက ဆက်စပ်
နေသလား။ စာအုပ်ထဲမှာ ဖတ်ဖူးသည် ကိုးကွယ်
မှုသည်က အကြောက်တရားမှ ဆင်းသက်လာသည်။
လူတို့သည် လေဒဏ် မိုးဒဏ်နှင့် ရာသီဥတုဒဏ်
များခံရ၍ အန္တရာယ်ကျရောက်သည့်အခါ
အကြောက်တရားမှ လွတ်မြောက်ဖို့အတွက်
ကိုးကွယ်မှုကို စခဲ့သည်။ အခြားသော အန္တရာယ်များ
ကျရောက်သည့်အခါမှာလည်း ကိုးကွယ်မှုကို
ရှာဖွေကြသည်။
ကိုးကွယ်မှုနှင့် ယုံကြည်မှုက ကွာခြားသည်။
ဘယ်လို ကွာခြားသလဲဆိုတာကတော့ သေချာ
မရှင်းပြတတ်တော့ဘူး။ ရှင်းပြနေရင် ပိုရှုပ်သွား
လိမ့်မယ်။ သိချင်ရင် ရှာသာ ဖတ်ကြပါလော့။
ယုံကြည်မှုဆိုတာကတော့ ကိုယ်တွေနှင့် မစိမ်းသော
စကားဖြစ်သည်။ ယုံကြည်မှုဖြင့် အလုပ်လုပ်ကြ
သည်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်သည်။
စသဖြင့် ထိုသို့သော စကားလုံးများကို မကြာခဏ
ကြားကြပေမည်။
ယုံကြည်မှု ဆိုသည့်စကားလုံးက လေးနက်သော
စကားလုံးတခုဖြစ်ပေသည်။ သို့ပေသိ ယခု
ကျွန်တော်ရေးပြမည့် အကြောင်းအရာမှ
ယုံကြည်မှုကတော့ မိတ်ဆွေများအဖို့ ရီမောဖွယ်ရာ
ဖြစ်ပေမည်။ ဟိုတလောဆီက လကြတ်သည်ဟု
သိရသည်။ ထိုလကြတ်ခြင်းနှင့် ပတ်သက်၍
မိတ်ဆွေ အမျိုးသမီးကြီး၏ ယုံကြည်မှုအကြောင်း
ရေးပြပါမည်။
ထိုအမျိုးသမီးကြီးက လကြတ်မည့်ညမှာ သူ့ညီမထံ
ဖုန်းဆက်သည်။ သာကြောင်း မာကြောင်း
ပြောပြီး
"အေး ဒီည လကြတ်မှာအေ့ ထွက်ကြည့်လိုက်အုံး"
ညီမဖြစ်သူက သူ့အလုပ်နဲ့ သူ ရှုပ်နေ၍
လကြတ်သည်ကိုလည်း မသိပေ။ သို့ပေသိ
သူ့အမကြီးက တကူးတက ဖုန်းဆက်ပြောတာ
ဖြစ်သမို့ လကို ကြည့်ရန် အိမ်အပြင်သို့ ထွက်လေသည်။
မြို့အရပ်မို့ လကို အလွယ်တကူ ကြည့်ဖို့မလွယ်ပေ။
မြင့်မားတော့ တိုက်ကြီးများလွတ်ရာသို့ လ ကို
သွားကြည့်ရသည်။
လကြည့်သွားသော ညီမဖြစ်သူ အိမ်သို့ မရောက်မှီ
အမကြီးက ညီမကို ဖုန်းဆက်ပြန်သည်။
"အေး ငါ့ညီမရေ လကြတ်တာကို တကူးတက
သွားမကြည့်နဲ့တော့"
"ဟော့ စောစောက အမပြောလို့ သွားကြည့်ခဲ့ပေါ့"
"ဟေး အဲ့သဟာဆို ဒုက္ခပဲ။ လကြတ်တာကို
တကူးတက ကြည့်မိရင်း ကံမကောင်းတတ်ဖူးတဲ့။
ဒုက္ခပါပဲအေ။ ငါပြောလို့ ညည်းကြည့်မိပြီ။
ကံပြန်ကောင်းအောင်၊ ဂါထာရွတ်ရသတဲ့။
ဘာဂါထာဘာလိမ့်။ နေအုံးအေ ငါ အင်တာနက်မှာ
ပြန်ရှာကြည့်အုံးမယ်။ ညည်းအတွက်လည်း
ငါပဲ ကံပြန်ကောင်းအောင် ဂါထာရွတ်ပေးလိုက်မယ်။
အေးအေး ဒါပဲ ငါလိုင်းပေါ်တတ်ပြီး ရှာလိုက်အုံးမယ်
သက်လား"
"ဟုတ် အမ"
သူ့ဟာသူ နေတဲ့ ညီမကို အမကြီးဖြစ်သူက
သူပဲကြည့် သူပဲ မကြည့်နဲ့ စသဖြင့် တခဏလေး
အတွင်းမှာ ယုံကြည်မှု အကြောင်းကို အဓိပ္ပါယ်
အမျိုးမျိုးဖွင့်ပြသွားသည်ကို ကြားရတဲ့အခါ
ကျွန်တော်တို့မှာ ပြုံးမိကြပါလေသတည်း။