စာရေးပျင်းသည်။ ဒီတော့ ဟိုးယခင် ရေးသားခဲ့သော
ပိုစ့်များကို ပြန်လည်ပြုပြင် တည်ဖြတ်ပြီး ပြန်တင်ရ
မလားဟု စိတ်ကူးသည်။ စိတ်ကူးသာ ရှိတာ။ ထိုပို့စ့်
များကို ပြန်ကြည့်ဖို့ရာက ကိုယ့်အတွက် မလွယ်ကူပေ။
ကွန်ပြူတာရှိရင်ဖြင့် အဆင်ပြေမလား။ Steemit
မှာ ပိုစ့်ရေးခဲ့စဉ်က အသုံးပြုခဲ့ ရေးသားခဲ့သော
Samsung ဖုန်းသည်က notes မှာ စာလုံးရေ
များများ ရေးမရပေ။
ရုံးကွန်ပြူတာဖြင့် စာရေးဖို့ကလည်း အဆင်မပြေ။
အမှန်က ထိုအချိန်က နည်းပညာကျွမ်းကျင်မှု
မရှိခဲ့တာလည်းပါသည်။ ယခုရော ကျွမ်းကျင်လာဆိုတော့
နိုးပါဗျာ။ အေအိုင်မှာ ပုံပြင်ခိုင်း၊ ကိုယ်သိချင်
တာလေး မေးခိုင်းရတာကိုပင် ကိုယ့်မှာ အဟုတ်ကြီး
မှတ်၊ သဘောကျနေသည့်ဘဝ။ ရှိစေတော့
မောင့်အပြစ်နဲ့ မောင်သာ ရှိပါစေတော့ မောင်ရေ။
အဟီး အဆိုတော်ကြီး မာမာအေး သီချင်းသာ
နားမှာ ကြားယောင်မိ။
ကဲ ဆက်ကြအုံးစို့ Steemit စာရေးစဉ်က ဖော်ပြပါ
အတိုင်း ဖုန်းက စာရေးတာ အဆင်မပြေ။ ကွန်ပြူတာ
နှင့်လည်း အဆင်မပြေဆိုတော့။ ကျွန်တော် မည်သို့
စာရေးပိုစ့်တင်သည်ဟု ထင်ပါသလဲ။ ကိုယ်ရေးချင်သော
အကြောင်းအရာကို အေဖိုးစာရွက်မှာ ချရေး။
ရေးပြီသော စာရွက်ကို ဓာတ်ပုံရိုက်ပြီး ပိုစ့်တင်သည်။
ထိုသို့ ပိုစ့်တင်သောအခါ ကြာလာတော့ အဆင်မပြေ
ပေ။ Steemit မှ မေးလာသည် သူက စာလုံးအရေအတွက်ကို
လိုချင်သည်။ ကျွန်တော်က ဓာတ်ပုံတွေတင်ထားသည်။
ထိုသို့ ဓာတ်ပုံရိုက်တင်တာ အဆင်မပြေတော့
စာနှင့် ပုံကို ရောပြီးနောက်တမျိုး ပြုလုပ်၍ ပိုစ့်တင်
ရသည်။ ထိုအချိန်က ကျွန်တော်၏ ပိုစ့်များသည်
ပုံသဏ္ဍန်မျိုးစုံဖြင့် တင်ခဲ့သည်။ ထိုစဉ်အချိန်ကလည်း
ခရီးသွားနိုင်၊ ရေးနိုင်သည့် အချိန်အခါဖြစ်ခဲ့သည်။
Steemit ဈေးကလည်း ဆယ်ဒေါ်လာထိရောက်အောင်
ကောင်းခဲ့ပေသည်။
ယခု Hive သည်က ဆယ်ဒေါ်လာမပြောပါနဲ့
ဆယ်ပြားသို့ပင် မရောက်နိုင်ပါလေ။ အင်း
လွမ်းရတဲ့ အဖြစ်ကလေးတွေပါလေ။ တနေ့တော့
ရောက်မှာပေါ့။ စောင့်ရင်း မျှော်ရင်းနဲ့ စောင့်မျှော်
ရကျိုးနပ်မည်ထင်တာပါပဲ။ တခါတရံ ဘာရေးရမည်
မသိဖြစ်ရသည်။ ရေးစရာရှိပါသော်လည်း ရေးဖို့ရာ
လက်က မသွက်။ ရေးစရာတွေ ရှိပြီး ရေးမရသော
မိမိ၏ အဖြစ်က ခက်လိုက်ပါဘိတော့သည်။