မြို့ထဲသို့ ဆိုင်ကယ်ဖြင့် အသွား လမ်းမှာ မိုးရွာသဖြင့်
ဆိုင်ကယ်ကို ပြန်လှည့်ကာ မိုးကာပြန်ယူသည်။
မိုးကာယူပြီး မြို့ထဲ ပြန်ထွက်ခဲ့သည်။ စနေမိုးဆို
တော့ မိုးကစွေလေမလား။ မိုးကာဝတ်ပြီး
ဆိုင်ကယ်ဖြင့် ပြန်ထွက်သည့်အခါမှာ မိုးက
ဟုတ်တိပတ်တိမရွာပေ။ မိုးဖွဲလေးများသာ
ကျလေသည်။ ကိုယ်တွေ မိုးကာအင်္ကျီဝတ်သဖြင့်
အားနာသမှုကြောင့် ရွာလေသလား။
မိုးကာ မပါစဉ်ကတော့ မိုးသည် သည်းစွာ
ရွာသည်။ ခဏအတွင်း အင်္ကျီများ စိုရွှဲသွားသည်။
အင်္ကျီရေစိုများကိုလဲပြီး မိုးကာဝတ်ကာ
အပြင်ပြန်ထွက်တော့ ကိုယ်ရွှေမိုးက
ဟုတ်တိပတ်တိမရွာတော့ပေ။ အင်း ဒီလိုပါပဲ
လူ့ဘဝကြီးမှာလည်း ကိုယ်ဖြစ်ချင်သလို
မဖြစ်။ မဖြစ်ချင်တာတွေက ဖြစ်နေတာပဲလေ။
မိုးရွာထားသဖြင့် ကတ္တရာလမ်းက မိုးရေများ
စိုနေသည်။ ဆိုင်ကယ်ကို သတိထားမောင်းရန်
သတိပေးရသည်။
ဆိုင်ကယ်နောက်မှ လိုက်ပါရင် ဘုရားတကာ
လိုက်ပါစီးခဲ့ရသည်။ မြို့ထဲနှင့် မြို့သစ်ဆက်ကြား
မှာရှိသော လမ်းများက အချိန်မရွေး ကား၊ ဆိုင်ကယ်များဖြင့် ယာဉ်ကြောပြည့်နေတတ်သည်။ စနေနေ့
ဖြစ်၍ လမ်းရှင်းမည်ဟု ထင်ခဲ့သည်။ ကိုယ်သွား
သည့်အချိန်ကလည်း နေ့လယ် နေ့ခင်းဖြစ်၍
လူရှင်း လမ်းရှင်းမည်ဟုထင်မိသော အထင်က
မှားပေသည်။ သုံးလေးငါးလနေမှ အပြင်ထွက်သော
ကိုယ်တွေအဖို့ မြင်မြင်သမျှက အသစ်အဆန်းများ
ဖြစ်သည်။
မိုးရေထဲမှာ လူများစွာက စားဝတ်နေရေးဆိုတာကြီး
အတွက် သွားလာလှုပ်ရှားနေကြသည်။ ကိုယ်တွေက
မြို့ထဲသို့ ကျန်းမာရေးကိစ္စအတွက်သွားသည်။
ဆေးခန်းများက လူစည်ကားလှသည်။ မစည်ကား
အပ်သောနေရာမှာ စည်ကားနေသည်က
မကောင်းလေးစွ။ ကျန်းမာရေးက ဂရုစိုက်ရပေမည်။
ကျန်းမာရေးစရိတ်က ကြောက်စရာကောင်းသည်။
အခြားအရာတွေ၏ စရိတ်ကလည်း ကြောက်စရာ
ကောင်းသည်။
လူ့ဘဝသည် မသေရုံသာ ထမင်း၊ ဟင်းစားကာ
သေမည့်နေ့ စောင့်နေရသလို။ ဘဝအဓိပ္ပါယ်က
ပျောက်ဆုံးနေသော အရာဖြစ်နေသည်။ ပျော်ရွှင်စရာ
များက ယခင်လို လွတ်လပ်စွာ ပျော်ရွှင်လို့မရ။
အားရပါးရ လွတ်လပ်စွာ ပျော်ရွှင်ရယ်မောခြင်း
သည်ပင် ပြန်လည်တမ်းတ မှန်းဆကာ လွမ်းနေရတဲ့
ဘဝ။ ဟိုယခင်ဘဝ၊ အဲ့ဘဝများက ပြန်လည်ရရှိဖို့
ပျောက်သောလမ်းမှာ စမ်းတဝါးဝါး။ ဒီဇင်ဘာ
မြူနှင်းများကြာက မပီဝိုးတဝါး အရာတခုကို
ကြည့်နေရသလို။
မျှော်လင့်ခြင်းဆိုတဲ့ အရာလေးရှိနေသည့်အတွက်
အရာရာဟာ မျှော်လင့်ချက်တွေဖြစ်လို့နေသည်။
ဘဝမှာ အသက်ရှင်နေသမျှ မျှော်လင့်နေပါသည်။
ရောင်နီသာတဲ့နေ့၊ ရောက်ခြည်ဖြာတဲ့နေ့၊
အောင်စည်သာတဲ့နေ့၊ အောင်စည်ရွမ်းသံကြားရင်
ပြည်တော်ဝင်ဖို့ စောင့်နေသူတွေအများကြီးပါလေ။
ကိုယ်တယောက်ထဲတော့မဟုတ်ပါဘူး။
တို့ဘဝတွေ လှပတဲ့ အချိန်ရောက်ဖို့။
တို့ဘဝတွေ လှပဖို့ အချိန်ရောက်လုပါပြီလေ။
ပျော်ပျော်ပါးပါးကြီး ပြည်တော်ဝင်ကြတာပေါ့။