အလုပ်မရှိ အကိုင်မရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်။
109, 110 ဘဝဆိုးလှတယ် သီချင်းအတိုင်းဖြစ်နေသည်။
သို့နှင့် တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်။
ဆိုတာ ဘာလဲဟု စဉ်းစားမိသည်။ အလုပ်အကိုင်
မရှိသူတွေအတွက် တရားဥပဒေပုဒ်မတွေများလားဟု
တွေးမိသည်။ သို့နှင့် ChatGPT သို့ သွားမေးမိသည်။
အောက်ပါအတိုင်း ရေးပြပါသည်။ သူရေးပြသည်က
အနည်းငယ် စာရှည်သည်ကို ဖျက်ပြီး လိုရင်းသာ
ဖော်ပြပါသည်။
“တစ်ရာ့ကိုး (၁၀၉)” နဲ့ “တစ်ရာ့တစ်ဆယ် (၁၁၀)” ဆိုတာဟာ မြန်မာနိုင်ငံ ရာဇဝတ်ဥပဒေ (Penal Code) ထဲက ပုဒ်မတွေဖြစ်ပြီး “အကူအညီပေးမှု (Abetment)” ဆိုင်ရာကို ရည်ညွှန်းပါတယ်။
ပုဒ်မ ၁၀၉ (Section 109)
တစ်ယောက်ကို ပြစ်မှုလုပ်ဖို့ လှုံ့ဆော်ခြင်း၊ ကူညီခြင်း၊ အားပေးခြင်း လုပ်ခဲ့ပြီး
အဲ့ဒီပြစ်မှုက တကယ်ဖြစ်ပွားခဲ့ရင်
👉 အကူအညီပေးသူကိုလည်း အဲ့ဒီပြစ်မှုနဲ့တူညီတဲ့ ပြစ်ဒဏ် ချမှတ်နိုင်ပါတယ်။
ပုဒ်မ ၁၁၀ (Section 110)
လူတစ်ယောက်က ပြစ်မှုလုပ်ဖို့ လှုံ့ဆော်ခဲ့တယ်
ဒါပေမယ့် လုပ်တဲ့သူက မတူညီတဲ့ပြစ်မှုတစ်ခုကို လုပ်သွားတယ်
👉 လှုံ့ဆော်သူကလည်း အခြေအနေအလိုက် တာဝန်ရှိနိုင်ပါတယ်
အဲ့သလို ရေးပြထားသည်။ ဆိုတော့ အလုပ်အကိုင်မရှိတာတွေနဲ့ မည်သို့ဆက်စပ်နေပါလိမ့်။ အကျယ်တဝင့်
ဖော်ပြသည့်အခါမှာတော့ ပါဝင်ပေမည်လား မသိပေ။
အလုပ်မရှိ အကိုင်မရှိဆိုတော့ တခုခုနှင့်တော့ ညှိပေမည်ပေါ့။ အဘယ်ကြောင့်ဆိုသော အလုပ်မရှိမှတော့
နေရာတကာ ပါလေရာ။ ခပ်တိုင်းငံ။ ဟိုနေရာစပ်စပ်
ဒီနေရာစပ်စပ် ဆိုပေရင်ဖြင့် တနေရာရာမှာတော့
တခုခုနဲ့ ညှိကို ညှိပေးမည်။
အဘယ်ကြောင့် ဤသို့ ရေးနိုင်ရသည်ဆိုသည်က။
ကိုယ်တိုင်ပါဝင်ကပြ ညှိနေရသောကြောင့် ဖြစ်သည်။
ဘဝဇာတ်ခုံမှာ ဇာတ်ဆရာ အလိုကြ ကပြနေရတော့
လောဘ၊ ဒေါသ၊ မောဟကြိုးတွေနဲ့ ညှိပြီပေါ့။
တဏှာကကြိုး၊ သံယောဇဉ်ကကြိုးတွေနဲ့
တမေ့မော ဘဝဇာတ်ခုံကြီးမှာ မိုးလင်းမှာကိုပင်
စိုးရွံ့နေကြသည်။ ဘဝမှာ ရှိပူရသေး၊ မရှိ ကုန်မှ
အေး ဆိုသလို ကိုယ်လိုရာဆွဲတွေးပြီး နေကြသည်
ကလည်းရှိသည်။
ခေတ်ဆိုး ခေတ်ပျက်ကြီးမှာ ရှာကြံပျော်ရတာပဲလေ ဟု
ဆိုကြသလို။ အိမ်နောက်ပူသမို့ အိမ်ရှေ့ မချမ်းသာ
ဆိုသလိုလည်းရှိကြသည်။ ကိုယ်တိုင်ထိမှ ကိုယ်ချင်းစာ
ကြသည့်လူက အများသား။ ကိုယ့်မထိသရွေး
နူတ်က စာနာသည်ဟု ပြောဖို့ရာက အလွယ်သားပေ။
ဘယ်သူသေသေ ငတေမာ ပြီးရော လူစားတွေက
ပေါလိုက်ပါဘိ။ ဟော့ဒီ ရွှေပြည်ကြီးကလေ
ဗုဒ္ဓ၏အရိပ်အာဝသအောက်မှာ ရှိနေသမို့ပေါ့။
မရှိများမရှိပါရင်၊ မရှိများ မရှိပါရင်........။