မနေ့က ညနေမှာ မိုးရွာသည်။ မိုးက အလုပ်ပြန်ချိန်မှာ
ရွာချသမို့ လမ်းမပေါ်ရှိ အလုပ်ပြန်လာသူများ
မိုးမိကုန်သည်။ မိုးခိုသူက မိုးခိုသလို မိုးမခိုပဲ
ဆက်လက် သွားသူများလည်း ရှိသည်။ မနက်ဖန်
ကဆုန်လပြည့်နေ့ဖြစ်သည်။ အဖိတ်နေ့မို့
အလုပ်သမားများ ငွေရွှင်စွာဖြင့် အိမ်ပြန်သူ
ရှိသလို။ ဘုံဆိုင်မှာ မိုးခိုသူများလည်း ရှိသည်။
စက်ဘီးက ဘီးပေါက်သဖြင့် ညနေလေးနာရီမှာ
စက်ဘီးဆိုင်သို့ သွားဖာသည်။ စက်ဘီးဆိုင်သည်
ဂျပန်စက်ဘီးအသစ်နှင့် အဟောင်းများကို ရောင်းချ
သည့်အပြင် စက်ဘီးအပို ပစ္စည်းများလည်း
ရောင်းချသေးသည်။ ထိုအပြင် စက်ဘီးများကိုလည်း
ပြုပြင်ပေးသည်။ ဒီတော့ စက်ဘီးဆိုင်ပိုင်ရှင်သည်
အမြဲတမ်း အလုပ်ရှုပ်နေသည်။ စက်ဘီးဖားရန်
မအားသေးသဖြင့် ညနေမှ လာယူရန်ပြောသည်။
သို့နှင့် ဘီးကို ညနေမှ သွားယူရန်ထားခဲ့သည်။
ညနေ ငါးနာရီခွဲကျော်မှာ စက်ဘီးသွားယူဖို့ရာ
မိုးများက တဖွဲဖွဲရွာနေသည်။ ဦးထုပ်ဆောင်၍
စက်ဘီးဆိုင်သို့ သွားသောအခါ မိုးက ပိုမိုသည်း
လာသည်။ စက်ဘီးဆိုင်ရောက်သောအခါ
စက်ဘီး မပြုပြင်ရ သေးပေ။ မိုးကရွာ စက်ဘီးပြင်သမားက
မအားသဖြင့် မနက်ဖန်မှ ပြင်ပေးမည်
ဟုပြောသည်။ ယခုလောလောဆယ် စက်ဘီး စီးချင်
ပါလျှင် လေထိုးပြီး စီးသွားပါဟု ပြောသည်။
ရပါတယ် စီးရာမရှိသဖြင့် မနက်ဖန်မှ လာယူမည်
စက်ဘီးကိုထားခဲ့သည်။ မနက်ဖန် မည်သည့်အချိန်
လာယူရမလဲ မေးရာ မနက်ဆယ်နာရီမှာ လာယူ
ပါဟုပြောသည်။
သို့နှင့် စက်ဘီးကို ထားခဲ့ကာ မိုးဖွဲဖွဲလမ်းမထက်
လမ်းလျှောက်ပြန်ခဲ့သည်။ လမ်းတဝက်အရောက်မှာ
တော့ ကိုယ်ရွှေမိုးက သည်းသည်းမဲမဲ ရွာချလာပါ
လေသည်။ တဝေါဝေါနဲ့ မိုးများက ကောင်းကင်ထက်မှ
ကျလာက လမ်းမကြီးကို မိုးရေများ စိုရွှဲသွားစေသည်။
လမ်းမကြီးမှာ မိုးရေစိုသလို လမ်းမကြီးထက်ရှိ
ဆိုင်ကယ်စီးသူများကိုလည်း စိုစေသည်။
မိုးသည်းသည်းမှာ မိုးခိုဖို့ ကားပါကင်တခုအောက်မှာ
မိုးခိုမိသည်။ ကားပါကင်မှာ ကားတစီးသာရှိသဖြင့်
မိုးခိုဖို့ နေရာက ကိုယ်တွေအတွက် ကျယ်ပေသည်။
ကိုယ်တွေ မိုးခိုနေစဉ်မှာပင် ဆိုင်ကယ်တစီးလည်း
ဝင်ရောက် မိုးခိုသည်။ ထိုဆိုင်ကယ်ပေါ်မှ အလုပ်ပြန်
လူငယ်နှစ်ဦးသည် မော်တာစက်ဟု ထင်ရသော
စက်ပစ္စည်းနှင့် ကိရိယာများကို သယ်ယူလာသည်။
ခဏအကြာမှ သူတို့ဆိုင်ကယ်က မိုးကို မစောင့်နိုင်
သဖြင့် မောင်းထွက်သွားသည်။ ကိုယ်တွေသာ
မိုးအတိတ်ကို စောင့်နေသည်။ မိုး အတိတ်စောင့်ရင်း
လမ်းမကြီးထက် မိုးရေများကြား သွားလာနေသည့်
ယာဉ်များကို ငေးမောမိသည်။
မိုးခိုနေစဉ် လေက ဝှေ့၍ တိုက်သဖြင့် မိုးစက်
မိုးမှုန်တို့က ခန္ဓာကိုယ်သို့ လာရောက်ကျီစယ်ကြသည်။
ကိုယ်တွေသာ မိုး အတိတ်ကို အေးအေးလူလူ
စောင့်နေနိုင်သည်။ လမ်းမထက် မိုးရေထဲမှာ
သုတ်သုတ်ဖြင့် သွားနေသူများအနက် ကိုယ်လို
အေးဆေးသူ ဘယ်နှစ်ဦးရှိပြီး၊ ဘယ်နှစ်ယောက်က
ဘဝခရီးကို မမောတမ်း သွားနေကြသလဲလေ။