အိုးက မပူ စလောင်းက ပူ စကားရှိသည်။
ထိုစကားအတိုင်းဖြစ်နေသည်။ ယနေ့ အိမ်သို့
မိတ်ဆွေ အမျိုးသမီးတဦးအလည်လာသည်။
သူမက ကျွန်တော်တို့ရုံးမှ အဖွဲ့သားတဦး
ဖြစ်သည်။ သူမက ကျွန်တော့်ထက် ငယ်သည်။
ငယ်ရွယ်သူဖြစ်သည့်အလျှောက် သူမက
ရုံးမှာ ဆက်လုပ်ပါလျှင် ရှေ့ဆက်ပြီး သူမအတွက်
တက်လမ်းများရှိသည်။ လုပ်ငန်းများကို
စိတ်ဝင်စားစွာ လုပ်ကိုင်တတ်သူလည်းဖြစ်သည်။

ယခုတော့ လမ်းတဝက်မှာ လမ်းပျောက်နေရှာသလို။
သူမမှာ ညီမနှင့် တူမလေးတဦးရှိသည်။ ညီမက
သူမထံမှီခိုနေထိုင်သည်။ အမထံမှာ အတူနေပြီး
နေ့ပြန်တိုးလေးများပေးကာ သားအမိနှစ်ယောက်
အဆင်ပြေသလိုနေခဲ့သည်။ ယခုတော့ သမီးလေးက
အရွယ်ရောက်လာပေသည်။ မိတ်ဆွေအမျိုးသမီးလည်း
အပြင်မှာ စီးပွားရေးလုပ်ရန် စဉ်းစားလာသည်မှာ
ငါးနှစ်ပြည့်ပေသည်။ လက်ထဲရှိသော ငွေကလေးကို
မိတ်ဆွေအချို့ထံ အတိုးလေးပေးကာ ထိုအတိုး
ငွေလေးဖြင့် အဆင်ပြေသလိုနေသည်။

ထိုးတက်လာသော လူနေမှုစရိတ်များကြောင့်
အတိုးငွေကလေးဖြင့် လူသုံးဦး၏ စရိတ်က
စားဖို့အတွက် စိစစ်သုံးနေရသည်။ အခြားအသုံးစရိတ်
များအတွက် သုံးရန်အဆင်မပြေပေ။ ထိုကြောင့်
ညီမသားအမိကို ပြောရတော့သည်။ တူမကလေးကို
ကျောင်းဆက်တက်မည်ဆိုက တက်ရန်၊ ကျောင်း
မတက်ပါက အလုပ် လုပ်ကိုင်ရန်ပြောမိသည်။
သားအမိနှစ်ဦးအနက် အမေဖြစ်သူက ဘာမျှ
မသိတော့ကြောင့်၊ ဘာဆက်လုပ်ရမည်ကို
သူ မသိကြောင်း စိတ်ဆိုးစွာပြောသည်။ သမီး
လေးကလည်း သူအား ထိုသို့ အဒေါ်ကပြောသဖြင့်
စိတ်ဆိုးပြီး ငိုယိုကာ အဒေါ်ကို စကားမပြောပေ။

ဖော်ပြပါအကြောင်းအရာများကို မိတ်ဆွေက
ကျွန်တော့်အား ပြောပြခြင်းဖြစ်ပါသည်။
သူမ မရှိပါလျှင် ထိုသားအမိအတွက် ရင်လေး
သည်ဟု ပြောသည်။ မိတ်ဆွေကသာ သူ မရှိ
လျှင် မဖြစ်ဟုထင်နေသည်။ သူမ မရှိပါလျှင်လည်း
သူရို့ဟာနဲ့ သူရို့ဖြစ်သွားပေမည်။ လူဆိုသည်က
နေလို့ ရသလောက်နေကြသည်။ နေလို့ မရသည့်
အခါမှာတော့ မနေသာသဖြင့် လုပ်ကိုင်ကြရ
ပေမည်။

နေသာလို့နေ နေကြသည်ဟုသာ မိတ်ဆွေ
အမျိုးသမီးကို ပြောမိသည်။ သူမကတော့
သူ့ ညီမနှင့် တူမအတွက် ပူပန်နေသည်။ မှန်ပါသည်
သူမ ကတော့ လောလောဆယ် ပူပန်နေရပေအုံးမည်။
လူသုံးယောက်စာ စားစရိတ်နှင့် နေစရိတ်များက
လောလောလတ်လတ် မိတ်ဆွေက တာဝန်ယူ
ထားရသဖြင့် သူမကတော့ ပူပင်နေရပေအုံးမည်။