မီးတောက် နေတယ်
ရေလို နေတယ်။
အဲ့သီချင်းစာသားက ကျွန်တော်တို့ ငယ်စဉ်က သီချင်း
ဖြစ်သည်။ နွေရောက်ပြီဆို ရေ အခက်အခဲဖြစ်ကြသည်။
မြစ်အနီး၊ ချောင်းအနီးမှ နေသူများအဖို့
ရေခက်ခဲမည်မဟုတ်ပေသိ။ အပူပိုင်းအညာ
ဒေသမှာဖြင့် နွေရာသီပူပြင်းတဲ့ရာသီမှာ ရေအခက်
အခဲဖြစ်ကြရသည်။
သို့ပေသိ ရေခက်ခဲခြင်းကို ကျွန်တော်တို့ ငယ်စဉ်
ကသာ ကြားခဲ့ရသည်။ ကျွန်တော် အရွယ်ရောက်လာသော
ကာလမှ ယခုအချိန်ထိတော့ ရေရှားပါးသော
ပြဿနာကို ကြားရခြင်းမရှိတော့ပေ။ နည်းပညာ
တိုးတက်၍ ရေခက်ခဲခြင်းကို ဖြတ်ကျော်နိုင်ကြလေသလား
မသိပေ။ ရေသည်က လူသားတို့အတွက်
မရှိမဖြစ်သော အရာဖြစ်ပေသည်။
နွေရာသီရောက်ပြီဆိုပါမူ ရေအသုံးများသည်။
ရေအသုံးမျသည်ဆိုမှ လျှပ်စစ်မီးက ပျက်သည်က
များသည်။ မြို့နေလူများအဖို့ လျှပ်စစ်မီးဖြင့်
ရေကိုထုတ်ယူသုံးစွဲကြသည်။ အဝီစိမှ ရေကို
မော်တာဖြင့် မြေပေါ်ရောက်အောင်ပြုလုပ်သည်။
ထိုမြေပေါ်ရောက်လာသော ရေကို တိုက်အမြင့်
ပေါ်သို့ရောက်အောင် တခါပြန်လည် တင်ရပြန်သည်။
ထိုအမြင့်မှ ရေကို ကိုယ်လိုအပ်သလို သွယ်ယူ
အသုံးပြုကြရသည်။
ထိုသို့ ရေကို အသုံးပြုရာမှာ လျှပ်စစ်မီးက အဓိက
အသုံးပြုကြရသည်။ ယခုအခါမှာတော့ ငွေကြေး
တတ်နိုင်သူတို့က လျှပ်စစ်မီးကို အားမကိုးပဲ
ဆိုလာပြားများကို အသုံးပြုလာကြသည်။
ချမ်းသာသူမျအဖို့ လျှပ်စစ်မရပါက ဆိုလာဖြင့်
ရေတင်၊ ရေမောင်းပြုလုပ်နိုင်သည်။ ကိုယ်တွေ
သာမန်လူများအဖို့ လျှပ်စစ်မီးကိုသာ အားထား
ရသည်။
လျှပ်စစ်မီးအလာကို မျှော်ကိုး၍ ရေမောင်း၊ ရေတင်
ပြုလုပ်ရသည်။ ကိုယ်တွေက တိုက်အိမ် မဟုတ်၍
တိုက်အပေါ်သို့ ရေတင်ခြင်းတော့ မပြုလုပ်ရပေ။
မြေအောက်မှ အဝီစိရေကိုသာ မြေပေါ်ရောက်အောင်
ပြုလုပ်ရသည်။ ရေကန်မှ ရေကို ခပ်၍ အိမ်သာသို့
သယ်ယူ အသုံးပြုရသည်။ အိမ်သာရေ အသုံးပြုရန်
ရေကန်မှ နေ့စဉ်သယ်ယူခြင်းမှ သက်သာရန်
ရေမော်တာ အသေးလေးတခုကို တူမများက
မနေ့က ဝယ်ယူခဲ့သည်။ ထိုမော်တာလေးသည်
ဟိုစဉ်အချိန်အခါက သုံးလေးသောင်းကျပ်သာ
ပေးရသည်။ ယခုအခါမှာ ငွေနှစ်သိန်းကျော်ပေး၍
ဝယ်ယူခဲ့ရသည်။ အစစ အရာရာ ဈေးများလှသော
ယနေ့ခေတ်မှာ မသုံးမဖြစ်သော အရာကိုသာ ဝယ်ယူ
သုံးစွဲကြရပေတော့မည်။