လွန်ခဲ့သော 2016 May လက Facebook
မှာ ရေးတင်ခဲ့သည့် စာစုလေးပါ။ ယခု မီမို
တက်လာသည်။ သံလမ်းလုပ်သားတဦးရဲ့
အဖြစ်အပျက် ခေါ်ရမလား။ အတွေအကြုံ
ဆိုရမလား။ သံလမ်းလုပ်သားတဦး ပင်စင်
ထိုင်သည့်အခါ နေစရာအခက်အခဲဖြစ်ကြသည်။
ယခုခေတ်မှာတော့ တိုက်ခန်းများရောင်းချ
ပေးသည်။ သို့ပေသိ ထိုတိုက်ခန်းများ၏
တန်ဘိုးငွေကို သံလမ်းလုပ်သားများအနေဖြင့်
ဝယ်ယူနိုင်ခြင်းမရှိကြပါ။ ဒီအတိုင်း သူများက
လျောက်လွှာတင်၊ ဝယ်ဟုဆို၍ ဝယ်လိုက်သည်။
တိုက်ခန်းမဲပေါက်သောအခါ အမြတ်ငွေ အနည်း
ငယ်ယူ၍ ပြန်လည်ရောင်းချသည်။ ဆိုတော့
သူရို့ဘဝက ဒုန်းရင်းသာဖြစ်ပေသည်။
ဂိုဏ်းစတားလိုလို၊ မာဖီးယားဂိုဏ်းလိုလို
အဲ့လိုဂိုဏ်းသမား မဟုတ်ရပါဘူးဗျာ...။
တူ၊ ဂွကိုင်တဲ့ သံလမ်းလုပ်သား ဂိုဏ်းသမားပါ..။
စာပေပညာကနည်း၊ ဘုန်းကြီးကျောင်းထွက်၊
မြို့တက်ပြီးအလုပ်ရှာ...၊ ကုသိုလ်လဲရ၊ ဝမ်းလဲဝတဲ့
မီးရထားသံလမ်းလုပ်သား၊ ဂိုဏ်းသမား
တစ်ဦးအဖြစ်.. ရောက်ပါရောလား..။
ကျုပ်..အလုပ်စဝင်တော့ ဂိုဏ်းတစ်ဂိုဏ်းမှာ
လုပ်သား (၂၀) ဦးထိရှိသဗျာ..။
အဲ့အချိန်တုန်းက လမ်းအသစ်လဲမဖောက်
ရှိတဲ့လမ်းပဲပြင်ရတာ လမ်းတွေကလဲကောင်းသဗျ
မနက် ၆ နာရီကနေ နေ့လည် ၁၂ နာရီထိပဲ
လမ်းပြုပြင်ရတာ ကျန်တဲ့အချိန်
ဆိုက်ကားနင်း အပိုဝင်ငွေရှာလို့ရသဗျ
တစ်ခါတစ်လေ မိုးအားကြီးမှ
တောင်ပေါ်ဒေသတွေဆီ
၄ ၅ ညအိပ် ခရီးထွက်ပြင်တာရှိတာပ
ကျုပ်စိတ်ထဲ ခုထိမမေ့သေးတဲ့ ခရီး
မြစ်ကြီးနားလမ်းက မဲဇာ- ဘုံချောင်း-နမ်ခမ်း
မီးရထားလမ်းပေါ့ဗျာ
မိုးရာသီ ရထားလမ်းပိတ်လို့ သွားပြင်ရတာ
သူတို့ဆီက လုပ်သားနည်းသဗျ..။
သံလမ်းဘေးမှာ တဲထိုးပြီးလမ်းပြင်ရတာ
ညမှောင်မှောင်မဲထဲ ကြောက်ကကြောက်၊
ချမ်းကချမ်း၊ လွမ်းကလွမ်း ပါဘိ
ကျုပ်မိသားစုကိုပါဗျာ တစ်လွဲမတွေးပါနဲ့
လမ်းအမြန်ပွင့်အောင် ပြင်ရတာ
ကြံ့ခိုင်အောင် ၁ လနီးပါး နေတာရဗျ။
ခင်ဗျာတို့ဆိုရင် ၁ လ မပြောနဲ့
၁ ည တောင် အိပ်ရဲမယ် မထင်ပေါင်...။
ဘုန်းကြီးကျောင်းသားဆိုတော့
ရတဲ့ဘုရားစာ ရွတ်ဖတ်ပြီးအိပ်ရတာပ။
တောစောင့်နတ် ၊ တောင်စောင့်နတ်တွေ
ကျုပ်တို့က သူများတကာတွေ
သွားလမ်းသာအောင် လမ်းပြင်ရတာပါ
အမိုက်အမှားရှိရင် ခွင့်လွတ်ပါ
တောင်းပန်ပြီး ည ညအိပ်ရတာပ။
ခုတော့ ကျုပ်ပင်ပန်းပြီဗျာ....။
ခုကျုပ် အသက်ကြီးပြီဆိုတော့ ငယ်စဉ်လို
မလုပ်နိုင်တော့ဘူး ပင်စင်ယူချင်ပြီဗျာ..။
အော် ...အင်း စကားပြောကောင်းနေတာ
မိန်းမကခေါ်နေတယ်၊ ပင်စင်ယူရင်
နေဖို့ တဲနေရာလေးရဖို့။ ရထားပိုင် မြေလွတ်
တနေရာလေးကို သွားဦးထားရအုံးမှာမို့
သွားဦးလိုက်အုံးမယ်ဗျို့...။