ယခုတလော ကျွန်တော်ရဲ့ စိတ်က တည်ငြိမ်
မှုမရှိပါ။ စိတ်ည်ငြိမ်မှု မရှိဆို၍ ဆယ်ကျော်သက်
အရွယ်များလို စိတ်လှုပ်ရှားနေခြင်းတော့ မဟုတ်ရပါဘူး။
သစ်ရွက်လှုပ်တိုင်း စိတ်က လှုပ်ချင်တယ်တော့
လို့လည်း မနူးမနပ် အရွယ်လည်းမဟုတ်ရပါ။
ဇရာအိုအရွယ်သို့ အောင်မြင်စွာ ချီတက်နေတဲ့
အချိန်အခါပါလေ။ ဆံဖြူအချို့က
ခေါင်းမှာ နေရာယူထားချေသည်။
စိတ်တည်ငြိမ်အောင် တရားထိုင်မိသည်။
အာနပါန (ဝင်လေထွက်လေ စောင့်ကြည့်ခြင်း)
စိတ်တည်ငြိမ်အောင် ဝင်လေ ထွက်လေ စောင့်
ကြည့်သည့်အခါမှာ ထိုလေကိုပင် သေချာစွာ
စောင့်မကြည့်နိုင်ပေ။ လွတ်သွားသော စိတ်ကို
သတိဖြင့်ပြန်လည်ထိန်းကာ ပြန်ရှာနေရသည်။
ကိုယ်တွေအသက်အရွယ်က တရားရှာရမည့်အရွယ်
လည်း ဟုတ်သလို၊ စီးပွားရှာနိုင်သည့်အရွယ်ဟုလည်း
ပြောနိုင်သည်။ သို့ပေသိ ဟိုဟာလည်း မဟုတ်၊
ဒီဟာလည်း မလုပ်သော ကိုယ်ဖြစ်နေသည်။
အခြားသော ကမ္ဘာ့နိုင်ငံများမှာမူ အသက်အရွယ်
သည် အဓိကမဟုတ်တော့ပေ။ ရှာနိုင်သမျှတော့
ရှာနေကြသည့် အရွယ်များအားလုံးဖြစ်နေသည်။
သို့ပေသိ သူရို့ခမျများက ကိုယ်တွေ မိရိုဖလား
ဗုဒ္ဓဘာသာများထက်ပင် ဗုဒ္ဓ၏ အဆုံးအမများကို
လက်တွေ့ပြုလုပ်နိုင်ကြသည်။
အာနပါန (Ānāpāna) ဆိုသည်က
“အာန” = ဝင်လေ၊ “ပါန” = ထွက်လေ
ကိုယ်ရဲ့ အသက်ရှုဝင်ထွက်ကို စိတ်ကတစ်နေရာတည်းမှာ
စောင့်ကြည့်ခြင်း၊ စိတ်ကို တည်ငြိမ်စေခြင်း
(သမာဓိရရှိခြင်း) အာရုံပျံ့နှံ့မှုကို လျော့ချခြင်း၊
လေ့ကျင့်ပုံအခြေခံ ဝင်လေဝင်တာကို သိ၊ ထွက်လေ
ထွက်တာကို သိ။ သဘာဝအတိုင်း
စောင့်ကြည့်ခြင်းဖြစ်သည် ဟုဆိုပါသော်လည်း
ကိုယ်တွေရဲ့ စိတ်က ထိုသို့ မမှတ်နိုင်အောင်
ဖြစ်နေသည်။
အာနပါနနှင့် ဝိပဿနာ က အပြန်အလှန်
အထောက်အကူပြုသည်။ ကိုယ်တွေက
အာနပါနဖြင့် ကိုယ်ရဲ့ စိတ်ကိုတည်ငြိမ်အောင်
သမာဓိရအောင်ပင် ကြိုးစားနေရသည်။
မနက်အိပ်ရာထသည်နှင့် ဝင်လေ ထွက်လေကို
သတိထားမှတ်သည်။ ပျံ့လွန့်နေသော စိတ်များကို
ထိန်းဖို့ရာ အတွက် မနက်တိုင်း ကြိုးစားမိသည်။
လွယ်မရောင်နဲ့ ကိုယ်တိုင်ပြုလုပ်ကြည့်သည့်
အခါမှသာ ခက်ခဲမှုကိုတွေ့ရသည်။
ဝိပဿနာ (Vipassanā)
“ဝိ” = အထူး၊ “ပဿနာ” = မြင်ခြင်း
အရာဝတ္ထုတွေကို အမှန်တရားအတိုင်း သိမြင်ခြင်း
ဖြစ်သည်။ အာနပါနကိုယ်ပင် ကြိုးစားမှတ်နေရသည်။
ဝိပဿနာ သို့ တက်လှမ်းဖို့ အတော်ကြိုးစားရပေအုံးမည်။
အဓိကသဘောတရားများဖြစ်သော
အနိစ္စ (မတည်မြဲ)
ဒုက္ခ (ဆင်းရဲခြင်း)
အနတ္တ (ကိုယ်ပိုင်မရှိ)
ကိုယ်၊ စိတ် ဖြစ်ပေါ်ပျက်ကွက်မှုတွေကိုလည်း
သေချာသတိထား ကြိုးစား မှတ်ရပေအုံးမည်။
အာနပါနက ဝိပဿနာအတွက် အခြေခံကောင်း
တစ်ခုဖြစ်သည်။ ထိုကြောင့်ပင် ဝင်လေ ထွက်လေ
မှတ်ရင်းစိတ်တည်ငြိမ်အောင် ကြိုးစားလေ့ကျင့် ရပေအုံးမည်။