တနေ့က Facebook မှာ တက်လာသည့် ပုံများ
ကိုကြည့်မိသည်။ လွန်ခဲ့သော ခြောက်နှစ်၊ ခုနှစ်
နှစ်ကဖြစ်သည်။ ဘူတာကြီးဂုံးကျော်ပေါ်မှ
လမ်းလျှောက်၍ ဈေးချိုသို့သွားကာ အမှတ်
ရှစ်ကားစီး၍ အမရပူရသို့သွားရသည်။
ယခုတော့ ဘူတာကြီးဂုံးကျော်အား ပိတ်ထား
ပြီဖြစ်သည်။ ယာဉ်များဖြတ်သန်းသွား၍
မရတော့ပေ။
အမှတ်ရှစ်ကားကို တကူးတကမစီးပဲ အမရပူရ
သို့သွားရန် အေးချမ်းမောင်ကားများပေါ်လာသည်။
ထိုအေးချမ်းမောင် ကားများက မန်းတောင်
ကုသို့လ်တော်ဘုရားမှသည် အမရပူရ နှာပေါက်ကို
ကျော်သည်အထိ ပြေးသည်။ ဒီတော့ စနေ၊ တနင်္ဂနွေ
ရုံးအားရက်မှာ ထိုအေးချမ်းမောင်ကားကို
အစအဆုံး လိုက်စီးဖို့ စိတ်ကူးသည်။
ပထမဦးစွာ အမရပူရွှေကြက်ယက်ဘုရားသို့
လိုက်ပါစီးသည်။ ရွှေကြက်ယက်ရထားသံလမ်း
ဂိတ်မှာ ဆင်းကြသည်။ ထိုမှတဆင့် ရွှေကြက်ယက်
ဘုရားသို့ လမ်းလျှောက်သွားကြသည်။ ဆောင်း
အကုန် နွေအကူ ကာလဖြစ်ပေမည်။ မမှတ်မိတော့
ပေ။ ကားအဆင်း ရထားလမ်းဂိတ်မှ ရွှေကြက်ယက်
ဘုရားသို့ ရောက်အောင် အတော်လျှောက်ရသည်။
နောက်တခါ အေးချမ်းမောင်ကားဖြင့် ဦးပိန်တံတား
သွားသည်။ အမရပူ ရွှေဂူကြီးဘုရားမှာ ဆင်းသည်။
ထိုမှတဆင့် ရွှေဂူကြီးဘုရားနှင့် ပုထိုးတော်ကြီး
ဘုရားများဖူးကာ ဦးပိန်သို့ လမ်းလျှောက်သွား
ကြသည်။ ထိုအခါက ပါသည်။
သူမက လမ်းလျှောက်ပျင်းသူဖြစ်သည်။
ဒီတော့ သူမအကြိုက် ကန်ပတ်လမ်းတလျှောက်
ရှုခင်းလှသည့်နေရာများတွင် ဓာတ်ပုံရိုက်ပေးမည်
ဟု ချော့ခေါ်ကာ လမ်းလျှောက်ခိုင်းရသည်။
ကန်ပတ်လမ်းမှ မြင်နေရသော ဦးပိန်တံတားကို
ရောက်ဖို့ လမ်း အတော်လျှောက်ရသည်။
အမြင်သာနီး၍ သွားသောအခါ အတော်
လျှောက်ရသည်။ ဦးပိန်တံတားရောက်တော့
ဓာတ်ပုံရိုက်ဖို့ အိုက်တင် ပင် မပေးနိုင်ရှာတော့ပေ။
အတော်ပင်ပန်သွားသည်။
ဦးပိန်မှ အပြန်မှာတော့ ဆိုင်ကယ် ကယ်ရီငှား၍
ကားဂိတ်သို့သွားရသည်။ ကားပေါ် အရောက်မှာ
တော့ သူမက ပြဿနာရှာပါသည်။ နောက်တခါ
လိုင်းကားစီးပြီး လမ်းလျှောက်ဖို့ ပြောပါရင်
ဆောတီးပါဟုသတည်း။