အင်တာနက်ခေတ်ရဲ့ အစမှာ အင်တာနက်ဆိုတာ
ဘာကြီးလဲ။ ဘယ်လိုဟာလဲပေါ့။ အင်တာနက်
ဆိုတာက ဘယ်လို ညာလို စသဖြင့် ပြောဆိုသံ
ကြားဖူးပေသိ လက်တွေ့မသိသေး၊ မမြင်ဘူးသေးပေ။
ကိုယ်လည်းသေချာ ရေးရာ မသိ၊ ပြောစကားဖြင့်
အတော်မိုက်သားပေါ့။
အင်တာနက်ပေါ်ကာစမှာ အင်တာနက်ဆိုင်များ
အလျိုလျိုပေါ်လာသည်။ ထိုဆိုင်များမှာ တစ်နာရီ
ကို ငါးရာကျပ်လား မမှတ်မိတော့ပေ။ ထိုသို့ အခပေး၍
ကွန်ပြူတာဖြင့် အင်တာနက် အသုံးပြုကြသည်။
ထိုသို့ အသုံးပြုရာတွင် ဂျီတော့ဟုခေါ်သော အရာဖြင့်
အပြန်အလှန်စကား ပြောဆိုရသည့်အပြင် မျက်နှာကိုပါ
မြင်တွေ့ရသဖြင့် အတော် ဟန်ကျသည်။
အထူးသဖြင့် နိုင်ငံရပ်ခြားမှာ နေထိုင်သူနှင့် အလုပ်
သွားလုပ်ခြင်း၊ ကျောင်းတက်နေသောသူများ၏
မိသားစု မိတ်ဆွေများအတွက် အဆင်ပြေသော
ဆက်သွယ်မှုတခုဖြစ်ခဲ့သည်။ အခြားမည်သည်များ
ရှိပေသည်မသိပေ ကိုယ်သိသော အရာများသာ
ရေးခြင်းဖြစ်သည်။
ထိုသို့ နိုင်ငံခြားဖြင့် ဆက်သွယ်သမှုပြုသော
သူများအတွက် အဆင်ပြေသည်။ ကွန်ပြူတာ
အသုံးမပြုတတ်ပါကလည်း ဆိုင်မှ ဝန်ထမ်းများက
ပြုလုပ်ပေးသည်။ ဖုန်းဆက်သွယ်ပြောဆိုမှုထက်
အကုန်အကျ သက်သာသည့်အပြင် အပြင်မှာ
လူတွေ့ရသလို ပြောဆိုရသည့်အတွက်လည်း
ပို၍ အဆင်ပြေကြသည်။
ထိုသို့ ပြောဆိုမှုများကြားသိရပေသိ ကျွန်တော့်မှာ
အင်တာနက်ဆိုသည်က ကိုယ်နှင့်မဆိုင်သလိုပင်
ရှိပေသည်။ မှန်ပါသည် ကွန်ပြူတာဆိုသည်ကလည်း
ကိုယ်တွေအတွက် အိပ်မက်ပင် မက်ခွင့်မရှိသော
အချိန်ကာလဖြစ်ခဲ့ပေသည်။ တနေ့မှာတော့
ရွှေဥဒေါင်းစာကြည့်တိုက်မှ အဖွဲ့ဝင် ဦးလေးကြီးက
ကျွန်တော်တို့ကို အင်တာနက်ဆိုတာ ဘယ်လိုဟာလည်း
သိရအောင် အင်တာနက်ဆိုင် တခုသို့သွားရောက်
ရန်ပြောသည်။
အဲ့မှာ အခက်တွေ့လေသည်။ အင်တာနက်ဆိုင်သွားပါက
ကိုယ်တွေသည် ကွန်ပြူတာကို မည်သို့မည်ပုံဖွင့်လှစ်
ကိုင်တွယ်ရမည်ကိုမသိပေ။ ကံကောင်းပေသည်။
စာကြည်တိုက်သို့ စာအုပ်လာငှားသူ လူငယ်စုံတွဲ
လေးက သူရိုမှ ကူညီပြသပေးမည်ဟု ပြောသည်။
ထိုလူငယ်စုံတွဲလေး၏ ပြသမှုကြောင့် ကွန်ပြူတာ
ဆိုသည်က ဒီလို၊ ဂျီတော့ဆိုသည့်အရာနှင့် စာရေး
သည့်အခါမှာလည်း မြန်ဂလိစကားဖြင့် အပြန်အလှန်
ရေးသားသည်ကို လက်တွေ့မြင်ရလေသည်။
ယခုအချိန်မှာတော့ ထိုအဖြစ်အပျက်များက
အသေးအဖွဲလေးများသာ ဖြစ်ပေတော့သည်။
အင်တာနက်ဝိုင်ဖိုင်ရရှိဖို့ လက်ဘက်ရည်ဆိုင်
သွားရောက်ထိုင်ခဲ့ရသော ခေတ်အခါလည်း ရှိခဲ့
ပေသည်။ ထိုအချိန်အခါကို ယခုခေတ် လူငယ်များ
လည်း တွေ့ကြုံဖူးကြပေအုံးမည်။ မိတ်ဆွေတဦး၏
ဝိုင်ဖိုင်တီးဆိုင် ထိုင်သည့်အကြောင်းလေး ရေးရပါအုံး
မည်။ မိတ်ဆွေ၏သူငယ်ချင်းတစု ဝိုင်ဖိုင်သုံးရန်
လက်ဘက်ရည်ဆိုင်သွားကြသည်။ လူလေးယောက်
သွားကြည့်မည်ဖြစ်သည်။ ဆိုင်ကယ်က တစီးသာရှိသည်။
လက်ဘက်ရည်တိုက်မည့်သူ ငွေရှင်းမည့်သူကို
နောက်တခေါက် လာခေါ်မည်ဖြစ်သည်။
လက်ဘက်ရည် ဖိုးမပါသူများက ဆိုင်ကယ်ဖြင့်
ဦးစွာ သွားရောက်ပြီး ဝိုင်ဖိုင်အသုံးပြုပြီး လက်ဘက်ရည်
သောက်ကြသည်။ အချိန်တန်၍ ငွေရှင်းမည်သူ
ပေါ်မလာသဖြင့် ဒုက္ခရောက်ကြသည်။
ဘာလို့ မလာသေးပါလိမ့်၊ ဘာဖြစ်နေတာလဲ
စသဖြင့် ဝိုင်ဖိုင်ကို အသုံးမပြုနိုင်ကြတော့ပေ။
အတော်ကြာမှ တယောက်က ငွေရှင်းမဲ့သူကို
သွားခေါ်သည့်အခါမှာ။ ငွေရှင်းမည့်သူက။
"မင်းတို့ကို အမြင်ကပ်လို့ ဟေ့။ ဘယ်နဲ့ကွာ
လက်ဘက်ရည်တိုက်မယ့်သူကို အရင်မခေါ်ဘဲ။
ကပ်သောက်မယ်သူတွေက အရင်သွားနှင့်ရတယ်လို့"
ထိုအခါမှ မျက်နှာငယ်ကလေးများဖြင့် တဟီးဟီး
ရယ်ကာ သူငယ်ချင်းကိုချော့ကြလေသည်။