မီးတောက်နေတယ် ရေလိုနေတယ်။
ရေလို အေးမြတဲ့ မင်းရဲ့ မေတ္တာ ရချင်တယ်။
အညာနွေ နေပူပူမှာ ရေအေးအေးလေးတခွက်
သောက်ရတာ အမောပြေ၊ အပူညိမ်းသပေါ့။
ကျွန်တော်က ရေခဲရေထက် ရေအိုးမှ ရေအေးအေး
လေးကို ပိုမိုနှစ်သက်မိသည်။ နွေရာသီမှာ ပူသည်။
ပူတော့ ရေကို ပိုမို အသုံးပြုရသည်။ ဟော့
နွေရာသီ ပူသမို့ ရေပိုသုံးရပါတယ်
ဆိုမှ။ ရပ်ကွက်မှာ ရေအလှူလုပ်သည့်အိမ်က
ရေပေးပိုက်နေရာများကို ပြုပြင်သည့်အတွက်
ရေမပေးနိုင်တော့ပေ။
ဒီလိုဗျာ ကျွန်တော်အိမ့်မှာ အဝီစိရေရှိသည်။
မြေအနက်က ပေတစ်ရာ့ငါးဆယ်ကျော်ခန့်သာ
ရှိသည်။ ထိုရေက သုံးရေအတွက်သာ ကောင်းပေသည်။
အဘယ်ကြောင့်ဆိုသော် ထိုအဝီစိရေမှာ ထုံးဓာတ်
ပါသဖြင့် ရေရှည်သောက်၍ အဆင်မပြေပါ။
ကျန်းမာရေးအတွက် ထိခိုက်နိုင်သည်။ ဒီတော့
သောက်ရေအတွက် စက်ကြီးတွင်းမှာ သွားရောက်ခပ်
ယူရသည်။ စက်ကြီးဖြင့်တူးသော အဝီစိရေက
ကျွန်တော်တို့ရေထက် ရေအရည်အသွေး ပိုကောင်းသည်။
ပီအိတ်ဂ်ျဆယ်ပင်း မဟုတ်ပေသည့်
သောက်လို့တော့ အဆင်ပြေသည်။ ထမင်းဟင်း
ချက်ရန်နှင့် သောက်ရေအတွက် ထိုစက်ကြီးတွင်းရေ
ကို သွားရောက်သယ်ယူ အသုံးပြုကြသည်။
သောက်ရေသန့်တဗူးကို ငွေထောင့်ငါးရာကျပ်
ဖြစ်သည်။ ဝင်ငွေ မရှိသောသူအတွက် သောက်ရေသန့်
ဝယ်သောက်ဖို့ကပင် မလွယ်ကူပေ။ ထမင်းဟင်း
ချက်နှင့် သောက်ရေအတွက် တနေ့ကို ရေသန့်ဗူးကြီး
နှစ်ဗူးကျော် သုံးဗူးခန့်ကုန်သည်။ ရေဝယ်ရမည်ဆိုပါမူ
တနေ့ကို လေးထောင့်ငါးရာကျပ် ကုန်ပေမည်။
ဆိုတော့ တနေ့ လေးထောင့်ငါးရာကျပ်ခန့်သက်သာ
သော ရေအလှူပေးရာသို့ သွားရောက်ခပ်ယူရပေသည်။
ယခုတော့ ထိုရေအလှူပေးရာနေရာမှာ ပြုပြင်နေသည့်အတွက်
အခြားရေပေးလှူသည့်နေရာ ရှာဖွေ၍
ရေခပ်မည်ဟု စိတ်ကူးသည်။ စက်ဘီးပေါ် ရေပုံးတင်၍
ရေရှာပုံဖွင့်ခဲ့သည်။ ရေအလှူမရသေးသည့်အခိုက်
သောက်ရေသန့်ကို ဝယ်ယူသောက်ရအုံမည်ဟု
စိတ်ကူးရ သေးသည်။ သို့ပေသိ ရေအလှူ တနေရာ
မှာတော့ ရှိမလားဟု တွေးမိသည်။ တွေ့ပါရင်လည်း
ငွေကုန် သက်သာသည်ဟု စိတ်ကူးဖြင့် ရှာဖွေမိသည်။
ကျွန်တော့်စိတ်ကူးတွေက အတော်များနေပေသည်။
စိတ်ကူးဖြင့် စက်ဘီးနင်းနေစဉ် ဟော့ ရှေ့မှာ
ကိုယ်လို စက်ဘီးဖြင့် ရေခပ်ဖို့ထွက်လာသော
အမျိုးသမီးတဦးကို တွေ့ရသည်။ သူမနောက်
အသာကပ်လိုက်ပါပြီး ရေရှိရာ လိုက်ပါခဲ့သည်။
သူမ၏ စက်ဘီးက လမ်းကြားတခုသို့ ကွေ့ဝင်သွား
သည်။ ပြီးနောက် အိမ်တအိမ်ရှေ့သို့ရပ်လေသည်။
ထိုအိမ်ရှေ့မှာ ဂွေကန်သုံးဆင့်ဖြင့် ရေပိုက်ခေါင်း
တခုကိုဖွင့်ကာ ရှေ့မှ သွားသူ အမျိုးသမီးက
ရေခပ်ယူနေသည်။ သူမ ခပ်ယူနေစဉ်
ကျွန်တော်က ရေတပုံးလောက်ရမလားဟု
သူမကို မေးမိသည်။
ထိုအမျိုးသမီးက ကျွန်တော်မေးသည်ကို
ပြန်လည်ဖြေကြားခြင်းမပြုပေ။ ထိုမေးသည့်ခဏ
ကျွန်တော်စိတ်မှာ ဝေဒနာတခုခုဖြတ်သန်းသွားသည်။
သူမ ပြန်မဖြေသော အချိန်အနည်းငယ်လေး
အတွင်းမှာပင် ကျွန်တော်၏ စိတ်မှာ လျှင်မြန်သော
အတွေးများ၊ စိတ်များဖြစ်ပေါ်လာသည်။
သူ ခပ်သောရေကို ကျွန်တော်က လာလုသဖြင့်
မပြောသလား၊ ဘာလား ညာလား စသဖြင့်
လူ့စိတ် အတွေး၏ မြန်ဆန်မှုက ကြောက်ခမန်းလိလိ။
သူမ ခပ်နေသော ရေကို ခဏအတွင်းကြည့်ကာ
ဒီရေက ငါ့အိမ်က ရေနဲ့အတူတူပဲဖြစ်မှာ။
သူမကလည်း သူခပ်သောရေကို ယူမှာမကြိုက်သဖြင့်
ငါ့ကို အဖတ်လုပ်ပြီး မဖြေတာနေမှာ။ နေပါစေ
ရေမယူတော့ဘူး ဟု စိတ်ကို ဆုံးဖြတ်ကာ
စက်ဘီးကို ပြန်လှည့်ပြီး အိမ်ပြန်ခဲ့သည်။
အိမ်အပြန်စက်ဘီးစီးရင်း စိတ်အစဉ်က
အမျှင်မပြတ် တွေးလို့သာပါလေ။