မီးရထားနဲ့ ခရီးသွားတဲ့ပြည်သူများ ခင်ဗျာ။
အဟမ်း အဟမ်း ကျွန်တော်ကတော့
မိဘပြည်သူများ အတွက် မရှိမဖြစ်
လိုအပ်သော အပ်နဲ့ အပ်ချည်၊
တွယ်ချိတ်များနဲ့ ပရုပ်လုံးများကို
လက်ထိ လက်ရောက် လာရောက်
ရောင်းချပေးလျှက်ရှိပါသည်။
ရေရမယ်၊ ရေနွေးရမယ်။
အနင်း အနှိပ်ခံနေရသူများ။
သံချောင်းလိုမာနေတဲ့ အကြောသမား
တွေအတွက် ဖော့၊ ဖယောင်းလို ပျော့ပျောင်း
သွားစေရမယ်။ သမားတော်ကြီး ဆရာသက်ကြီး၏
ဒဏ်ကြေးလိမ်းဆေးကြီး။
ဟော့ဒီမှာ လာပါပြီးခင်ဗျာ မြန်မာပြည်မြောက်ပိုင်းက
ရေခဲပြင်၊ ရေခဲတောင်တွေထဲမှာထွက်ရှိတဲ့
အဖိုးတန် ရှားပါလှတဲ့ ကချင်ပြည်နယ်ထွက်
မချစ်ဥတွေနဲ့ ရှားပါးဆေးမြစ်တွေပါ။
ဖော်ပြပါ ပါးစပ်ကြော်ငြာဖြင့်ရောင်းချသော
မီးရထားပေါ်မှာ ဈေးသည်များ၏ အသံများကို
ကြားဖူးခဲ့သူများရှိပါရင် ထိုသူ၏ အသက်သည်
ဆယ်စုနှစ်ကို ငါးကြိမ်၊ ခြောက်ကြိမ်ခန့် ဖြတ်သန်းပြီး
ဖြစ်ပါလိမ့်မည်။ မီးရထားဥသြသံနှင့် ငယ်စဉ်က
ကြီးပြင်းလာသူမို့ မီးရထားဥဩသံကြားရင် လွမ်းသလိုလို
ဘာလိုလို ရင်မှာခံစားမိရပါသည်။
တနေ့က မိတ်ဆွေတဦးက သူ၏ မီးရထားစီးသည့်
အတွေ့အကြုံကို ပြောပြသည်။ သူနေထိုင်သည်က
ရထားသံလမ်းဘေးရှိ ဘူတာလေးအနီးမှာ နေသည်။
သူခရီးသွားသည့်အခါ သူ့အိမ်မှာ ကျန်ရှိနေသူများက
သူစီးလာသော ရထားသံကြားလျှင် သံလမ်းရှိရာသို့
ပြေးထွက်လာပြီး ရထားကို ကြည့်ကြသည်။ သူစီး
သော ရထားတွဲ သူရို့ရှိရာ ရောက်လာပါလျှင်
လက်ပြ နူတ်ဆက်ကြသည်။
မိတ်ဆွေသည် ထိုသို့ ရထားဖြင့်ခရီးသွားခြင်းကို
သုံးလတခါ၊ ခြောက်လတခါ သွားတတ်သည်။
ထိုသို့ ခရီးသွားတိုင်း အိမ်မှ ကျန်ရှိသောသူများကလည်း
သူ၏ရထားတွဲကို လာရောက်လက်ပြ နူတ်ဆက်ကြမြဲဖြစ်သည်။
သူက လာရောက်နူတ်ဆက်သူ အိမ်သား
များကို အပျော်သဘောဖြင့် တစ်ထောင်တန်ငွေ
စက္ကူလေးများကို သစ်သားစလေးများဖြင့် ချည်နှောင်ပြီး
ရထားပေါ်မှ ပစ်ချပေးသည်။
လာရောက်နူတ်ဆက်သူ မိသားစုကလည်း
ရထားလွန်သွားသောအခါ ပျော်ပျော်ပါးပါး
ကောက်ယူတတ်ကြသည်။ မိတ်ဆွေ၏ မြေးက
ပိုက်ဆံကို ဘာလို့ သစ်သားတုံးမှာ ချည်းထားတာလဲ
ဟုမေးရာ။ လေထဲ မလွင့်အောင်လို့ပေါ့ သားရယ်ဟု
ပြောရသည်။ တနေ့မှာ မိသားစုထဲမှ
မိတ်ဆွေ၏ မြေးဖြစ်သူကလေးငယ်သည်လည်း
သူ့မိခင်နှင့်အတူ ရထားစီးခရီးထွက်ရန်ရှိသည်။
ထိုကလေးငယ်သည် သုံးတန်အရွယ်ဖြစ်သည်။
သူကလည်း ကျွန်တော့် မိတ်ဆွေ ပိုက်ဆံကျဲသလို
သူလည်း ပစ်ချပေးချင်သည်။
ထိုကလေးငယ်က သူ့စိတ်ကူးနဲ့အတူ သူစုထားသော
ငွေလေးများကို ရထားပေါ်မှာ ပစ်ပေးဖို့ တဦးတည်း
ပြုလုပ်နေသည်။ မိတ်ဆွေတို့ကလည်း ကိုယ့်အလုပ်
ကိုယ်စီမို့ ကလေးကို သထားမထားမိပေ။ ဒီလိုနဲ့
သုံးတန်းကျောင်းသား သားအမိ ရထားစီးခရီးသွားဖို့
နေ့ရက်သို့ ရောက်ရှိလာသည်။ ဟဲ့ကောင်လေး
လာတော့ ဘာလုပ်နေတာလဲ အချိန်မရှိတော့ဘူး။
မအေဖြစ်သူ၏ အော်သံကြောင့် သုံးတန်းကျောင်းသားသည်
သူရထားပေါ်မှ ပစ်ချဖို့အတွက် ပြုလုပ်ထားသော
ပိုက်ဆံထုပ်လေးကို မေ့သွားရှာလေသည်။
ထုံးစံအတိုင်း အိမ်သားများလည်း သုံးတန်းကျောင်းသား
သားအမိ၏ ရထားကို ထွက်၍နူတ်ဆက်ပြီး အိမ်သို့
ပြန်ခဲ့ကြသည်။ ဖိုးသားက ငါတို့ကို ပိုက်ဆံကျဲမယ်ဆိုပြီ
မကျဲသွားဘူးဟေ့။ သူ့ပိုက်ဆံထုပ် မေ့သွားတာလားမသိဘူး။
သူတို့အခန်းထဲ သွားကြည့်အုံးမှ။ သုံးတန်း
ကျောင်းသား ဖိုးသား၏ ပိုက်ဆံထုပ်ကို ဖြီကြည့်မိ
သည့်အခါမှာတော့။ အမလေး ဟု တ လိုက်ရမိသည်။
အဘယ်ကြောင့်ဆိုသော် ရထားလမ်းဘေးမှာ
ရှိသော တစ်လက်မ၊ နှစ်လက်မအရွယ် ကျောက်တုံး
တစ်တုံးစီမှာ ငါးရာတန်၊ နှစ်ရာကျပ်တန်များကို
ဗလာစက္ကူဖြင့်သေချာပတ်ထားသည်။ ထိုအထုပ်လေး
များကို ပတ်ထားသည့် စက္ကူမှာလည်း စာရေးသား
ထားသည်ကို တွေ့ရသည်။
"အားလုံး ညီညီ မျမျ ခွဲယူကြ မလုကြနဲ့"
ဟု
ဖတ်ရှုရသည်။ ဟမလေး မောင်မင်းကြီးသား
မေ့သွားပေလို့ပေါ့။ နို့မို့ဆိုပါမူ ရထားအရှိန်နဲ့
တွဲပေါ်မှ တစ်လက်မ၊ နှစ်လက်မ ကျောက်တုံး
ပစ်ချလို့ ထိမှန်ပါရင်ဖြင့် အားလုံး ခေါင်းကွဲရချည်ရဲ့။
ပြောဆိုကြပြီး မိသားစု တဝါးဝါးရီမောကြရပါလေသည်။