မင်္ဂလာပါ။ ယခုတလောစာရေးရသည်က သိပ်ပြီး အသက်မပါလှပါ။ နောက်မှ တွန်းအား တခုလိုနေသည်ဟု ထင်မိပါသည်။ ရေးသားရန် စိတ်ကူးထားသည့် အကြောင်းအရာ အတော်များများတော့ရှိပါသည်။ သို့သော် ချရေးလိုက်လျင် လက်မသွက်တော့ပါ။ ကျွန်တော်ဆိုလိုသော တွန်းအားကလည်း တခုတည်းသာ ။ Hive စျေး ဖြစ်ပါသည်။
သို့သော်လည်း မိမိကိုယ်ကို အားတင်းထားရပါသည်။ ယခုကြိုးစားမှု သည် နှောင်တချိန် အတွက် အသီးအပွင့်။ ယခု သရက်ပင်စိုက် ယခု သရက်သီးစားချင်၍ မရပါ။ ရှိစေတော့။ လက်ရှိကမ္ဘာကြီးသည် အပြောင်းအလည်း မြန်လွန်းလှပါသည်။ ယနေ့ တွေ့ကြုံနေကြရသော အဖြစ်အပျက်များသည် နှောင်ဆယ်စုနှစ် တခုကြာလျင် ရယ်စရာ အဖြစ် ကျန်မည်လား သို့မဟုတ် လွမ်းမောစရာ အဖြစ်ကျန်ရစ်မည်လား မည်သူမျှပြောနိုင်ခြင်း မရှိသေးပါ။
ယနေ့ကျွန်တော်တို့ မြို့ပြများနှင့် တောရွာ များပါမကျန် Facebook , social media များတွင် နိုင်ငံရေး ဂယက်များ လှိုင်းထလျက်ရှိကြပါသည်။ အများအပြား နီကြသလို စိမ်းသူတချို့လည်း ရှိကြပါသည်။ ထူခြားချက်အနေဖြင့် ပြာသူ တချို့လည်း ပါဝင်လာကြပါသည်။
ကျွန်တော်တို့ အရွယ်ရောက်ပြီးသား မြန်မာနိုင်ငံသားတို့သည် အစမ်းသပ်ခံနိုင်ငံသား များ ဖြစ်ကြပါသည်။ အထူးသဖြင့် ၈၀ / ၉၀ ခုနှစ်ဖွားများ။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့သည် အစမ်းသပ်ခံနိုင်ငံသားများ ဖြစ်ခဲ့သည့် အလျောက် ကျွန်တော်တို့ အနှစ်နာခံနိုင်ပါမှ ကျွန်တော်တို့၏ သား ၊ မြေး များ နိုင်ငံကြီးသား ပီသစွာ နေထိုင်နိုင်ကြမည် ဖြစ်ပါသည်။
ကျွန်တော်တို့ အဘယ့်ကြောင့် အစမ်းသပ်ခံ များ ဖြစ်ခဲ့ကြသနည်း။ နိုင်ငံရေးတွင် အစမ်းသပ်ခံရသည် ၊ ပညာရေးတွင် အစမ်းသပ်ခံရသည် ၊ စီးပွားရေး ( တရုတ်မှီခို ) တွင် အစမ်းသပ်ခံရသည်၊ လူမှုရေး ( ဘာသာရေးမှိုင်းတိုက်မှု ) တွင် အစမ်းသပ်ခံရသည် ၊ စည်းလုံးညီညွတ်ရေး ( ပြည်တွင်စစ် မရှည်ရှည်အောင် ဆွဲဆန့် ) တွင်အစမ်းသပ်ခံရသည် ။ ကျွန်တော် မဖေါ်ပြခဲ့သော အခြားသော အစမ်းသပ်ခံ များ ရှိကြပါလိမ့်မည်။
အစမ်းသပ်ခံဆိုသည့် အတိုင်း အချို့က ကြံ့ကြံ့ခံနိုင်ကြသည်၊ အချို့က ပြိုလဲ သွားကြပါသည်။ အခြား နိုင်ငံသားတို့ တနှစ်ပြီး တနှစ် ခေတ်ရှေ့ပြေးနေချိန်တွင် ကျွန်တော်တို့ကာ အစမ်းသပ်ခံ၍ ကောင်းတုန်း ရှိနေပါသေးသည်။ မည်သို့ပင် ဆိုစေ တရုတ်ပြည်ကြီ ယခုကဲ့သို့ ကြီးထွားလာရန် သန်းနှင့်ချီသော တရုတ်ပြည်သူတို့ အငတ်ခံကာ အစမ်းသပ်ခံခဲ့ကြပါသည်။
ယနေ့ စင်္ကပူ တိုးတက်သည်ဟု ဆိုသည်မှာ လီကွမ်ယူ နှင့် မျိုးဆက်တူ လူကြီး တသိုက်က အနှစ်နာခံကာ စင်္ကပူ ရွှေရောင်မျိုးဆက် အတွက်ဟုဆိုကာ ပညာရေးတွင် ရင်းနှီးမြုပ်နှံခဲ့ကြသောကြောင့် ယနေ့ စင်္ကပူ လက်မထောင်နိုင်ခြင်း ဖြစ်ပါသည်။
ယခု ကျွန်တော်တို့ လူလို သူလို နေထိုင်ရ ၊ စကားပြောခွင့်ရသည်မှာ ၅ နှစ်သာ ကာလ သာ ရှိပါသေးသည်။ ကျွန်တော်တို့ အနေဖြင့် အစမ်းသပ်ခံရင်း နှောင်မျိုးဆက် အတွက် ကောင်းမွန်သော အမွေပေးခဲ့ရန်သာ ကြိုးစားကြရပါလိမ့်မည်။ သို့မှသာ မိတ်ဆွေ၏ သားသမီးများအား မြန်မာနိုင်ငံ၏ တိုးတက်လာပုံ အဆင့်ဆင့်အား ပြောပြနိုင်ပါလိမ့်မည်။
သို့မဟုတ် မိတ်ဆွေ၏ သားသမီးများသည်လည်း အစမ်းသပ်ခံ နိုင်ငံသား အနေဖြင့်သာ နေထိုင်ရလျင်ဖြင့် လူကြီးများ ဖြစ်လာမည် ဖြစ်သော ကျွန်တော်တို့ တာဝန်မကျေသည်မှာ သေချာပါလိမ့်မည်။ ဆရာ ဦးအောင်သင်း ပြောသကဲ့သို့သာ " သားက အဖေထက်သာ ၊ တပည့်က ဆရာထက်သာ မှ လူမျိုးမြှင့် တိုင်းပြည်မြှင့်တော့မပေါ့ ။ " အဖေက ကား Driver ၊ သားက ဆိုက်ကား ဆရာ ၊ မြေးကျတော့ လမ်းဘေး သူတောင်းစား ဆိုလျင်ဖြင့် တိုင်းပြည် အတွက် လူမျိုး အတွက် နှစ်နာလှပါသည်။
အချုပ်ဆိုရလျင် ဤ စာစုသည် နိုင်ငံရေး အကြောင်း ရေးသားထားသည်ဆိုသော်လည်း မည်သူ့အား မဲပေပါဟု ဘက်လိုက်ရေးသားထားခြင်း မရှိပါ။ မိမိညာဏ်ဖြင့် ချင့်ချိန်ကာ မိမိတို့ကာ အစမ်းသပ်ခံ နိုင်ငံသားများ ဟုတ်သည် မဟုတ်သည်ကို အလျင် ချင့်ချိန်စေချင်ပါသည်။ ဟုတ်သည်ဆိုလျင်တော့ မိတ်ဆွေ၏ သား ၊ သမီး ၊ တူ ၊ တူမ တို့၏ ဘဝရှေ့ရေး တိုးတက်ရန် အစမ်းသပ်ခံနိုင်ငံသား မဖြစ်ရန် အတွက် မည်သူ့ကို မဲပေးရမည် ကို သဘောပေါက်လာပါလိမ့်မည်။
Henry Aung ( Kachin )
08 / 09 / 2020 ( Tuesday ; 19;55 pm )