မင်္ဂလာပါ။ ယခုတလော cryptocurrency အကြောင်းများသာ ရေးသားနေခဲ့ရာမှ ယနေ့လည်း cryptocurrency အကြောင်းသာ ထပ်မံရေးသားပါအုံးမည်။ မမြင်ရသော ငွေကြေး ၊ တနည်းအား ဖြင့် ဆိုရသော် ကိုင်တွယ်၍ မရသော ငွေကြေး ၊ သို့သော် ပြင်ပရှိ စက္ကူ ငွေကြေးထက် များစွာ ပိုမို အဖိုးတန်နေသော ငွေကြေး cryptocurrency ။
မိတ်ဆွေအနေဖြင့် " ငါပိုက်ဆံ အများကြီး မလိုချင်ပါဘူးကွာ " ဆိုသူများ တွေ့ဘူးကြပါလိမ့်မည်။ ထိုကဲ့သို့ ပြောသူသည် လူဝတ်ကြောင်းဘဝကို စွန့်ကာ နိဗ္ဗာန်သို့ ရောက်ရန် တရားအားထုတ်နေသူအဖို့ မှန်ကောင်းမှန်ပါလိမ့်မည်။ ပုထုဇဉ် လူသားမှန်သမျှ အရာရာ ပြီးမြောက်စေနိုင်သော ဤ " ငွေကြေး " ဟူသော အရာအား ရလျင် ရသလောက်လိုချင်ကြသည်သာ။
ယခင်တုန်းကတော့ ရွှေ၊ ငွေ ၊ ကြေး တို့အား ပိုက်ဆံ အဖြစ်အသုံးပြုခဲ့ကြပါသည်။ ထို့နောက် စက္ကူ ငွေကြေး ။ ထို့နောက် ပလာစတစ်ငွေကြေး ။ ဤ ပလာစတစ်ငွေကြေးခေတ်မှာ မြန်မာနိုင်ငံသို့ မရောက်သေးပါ။ ဥရောပ နိုင်ငံများနှင့် အာရှတွင် စင်္ကပူ နိုင်ငံတို့က ပလာစတစ်ငွေကြေးကို ရိုက်နှိပ်အသုံးပြုနေကြပြီ ဖြစ်ပါသည်။
မြန်မာကတော့ ပလားစတစ်အသာထား စက္ကူ ငွေကြေးတွင်ပင် တိုင်ပတ်နေပြီ ဖြစ်ပါသည်။ ဘဏ်များက ငွေထုတ် လက်မခံ ပဲ သွင်းငွေသာ လက်ခံသော ထူးဆန်းသည် ဘဏ်များ မြန်မာပြည်တွင် ပေါ်ပေါက်လာနေကြပြီ။ စက္ကူ ငွေသားများ တဖြည်းဖြည်း ရှားလာ၍ နောက်ဆုံး " နင့် ဆန်တပြည်နဲ့ ငါ့ ဆားတထုပ်နဲ့ လဲရအောင် " ဟူသော ကုန်ပစ္စည်း အချင်းချင်း ဖလှယ်သည့် ခေတ်သို့ ဦးတည်နေပြီ ဖြစ်ပါသည်။
Digital ငွေကြေး ၊ Cryptocurrency အသာထား စက္ကူငွေကြေးပင် လိုသလောက်မရ။ ရှိစေတော့ ။ Cryptocurrency အကြောင်းပြောရင်း ချောတောငေါ့သွားသည့် အတွက် တောင်းပန်ပါသည်။ Cryptocurrency အကြောင်းဆက်ကြပါအုံးစို့ ။
ဆိုတော့ လက်ရှိ မြန်မာပြည်တွင် စက္ကူငွေကြေး တောင် နပ်မမှန် သည့် အခြေအနေတွင် Henry Aung / ဦးထွေး ၊ ကိုဒွန် ၊ မြန်မာကိုကို ၊ ကိုဟိန်း နှင့် ယွန်းသိရိ အမည်ရှိသော ဂြိုလ်သားတို့မှာ Cryptocurrency ကို အရူးအမူး စုဆောင်းနေကြပါသည်။ မြန်မာပြည်တွင် အခြားသော BTC / Eth Group များလည်း ရှိပါလိမ့်မည် ကျွန်တော် မသိ၍ မဖေါ်ပြနိုင်ပါ။
ကျွန်တော်တို့ လူတစု အရူးအမူး စုနေသော Cryptocurrency ဟူသော အရာသည် မြန်မာငွေဖြင့် တန်ဖိုးရှိနေသည် မဟုတ်ပါ။ တကမ္ဘာလုံး ဆိုင်ရာ ငွေကြေး အမေရိကန် ဒေါ်လာမှ အစ နောက်ဆုံး နိုင်ဂျီးရီးယား ငွေ ကြေးအထိ အဖိုးတန်နေသော Cryptocurrency ဖြစ်ပါသည်။
ဆိုတော့ မြန်မာစကားပုံ ရှိသည့် အတိုင်း " မသိသူ ကျော်သွား သိသူဖေါ်စား " ဆိုသည့်အတိုင်း သိသောသူ လက်တဆုပ်ကတော့ ဖေါ်စားနေမြဲပင် ဖြစ်ပါသည်။ အမှန်တော့ သိသူ ဟုဆိုခြင်းထက် ဇွဲရှိသူဟု ဆိုပါက ပိုမှန်ပါလိမ့်မည်။ Steemit နှင့် စပ်လျဉ်း၍ မြန်မာပြည်တွင် Blockchain Social Media အကြောင်းသိသူ အတော်များများ ရှိခဲ့ပါသည်။
ယခုတော့ ဤ လက်တစုဆုပ်စာ လူစုကလေး သည် Hive Platform အား အမှီပြုကာ အခြားသော Project များမှ ထုတ်သည် NFT ( Non-Fingible token ) များအားလည်း tag ဟူသော ထူးဆန်းသည် စာသားလေးများရိုက်ထည့်ကာ လောဘတကြီး ရှာဖွေနေကြပြီ ဖြစ်ပါသည်။
အကယ်၍ ကျွန်တော့ အနေဖြင့် မင်းတုန်းမင်းထံ အခစား ဝင်ခွင့်ရခဲ့၍ မင်းတုန်းမင်း " ဟဲ့ ...မောင်မင်း Henry Aung ..... Hive platform က သူ့ချည်းသာလော..? " ဟု မေးလာခဲ့လျင် " မှန်လှပါ " Hive Engine tokens များနှင့်ပါဘုရာ့ " ဟူ၍ ပြန်ဖြေမိပေလိမ့်မည် ဖြစ်ပါသည်။
စာကြွင်း.....
ဤစာစုသည် ကျွန်တော့ အာဘော်ရှိသည့်အတိုင်း ရေးသာထားခြင်းသာ ဖြစ်၍ လက်ရှိ အခြေအနေတွင် စွန့်လွှတ် အနစ်နာခံသူတို့ အား မည်သို့ မျှကူညီရန် မတတ်နိုင်သော်လည်း တချိန်ကျလျင် ယခင် Steemit ကာလကဲ့သို့ လိုအပ်နေသူထံ ပြန်လည် အကူအညီ ပေးနိုင်ရန် ဆောင်ရွက်ပါမည့် အကြောင်း မိတ်ဆွေတို့အား အသိပေးလိုက်ရပါသည်။
Henry Aung ( Kachin )
21/05/2021 - Friday - 09;45 Am