မင်္ဂလာပါ။ ယခုတလော Covid-19 ကြောင့် ရင်မောစရာ စိတ်မွန်းကျပ်စရာမျာချည်းသာ ရေးသားနေခဲ့ရာ ယခု စာစုကတော့ ပေါ့ပေါ့ပါးပါး ပျော်ပါး ဖတ်စရာ စာစုအဖြစ်ရေးသားလိုက်ရပါသည်။ ကျွန်တော် ရန်ကုန် ရောက်ပြီးနောက် မြောက်ဒဂုံရှိ ကျွန်တော့မိဘများထံတွင် ကိုးဗစ် ပထမလှိုင်းအား သွားရောက် ရှောင်ရှား နေခဲ့ရပါသည်။
February လ မှ June လ အစပိုင်း အထိ။ ထို့နောက် ကိုးဗစ် အတော်လေး ငြိမ်လာသော အခါ စမ်းချောင်းရှိ ကျွန်တော့ တိုက်ခန်းတွင် ဆေးဆိုင်ဖွင့်ရန် ပြောင်း ရွှေ့လာခဲ့ပါသည်။ ထို့ နောက်တော့ ဆေးဆိုင်စဖွင့်သည် ဆိုကြပါစို့။ ဆိုင်ဖွင့်ပြီ ဆိုသည်နှင့် အများနှင့် ဆက်ဆံရပြီ ဖြစ်ပါသည်။
ဤသို့ အများဖြင့် ပြောဆို ဆက်ဆံရင်း အသိများ များပြား လာသလို ကိုဟင်လည်း ဆရာကြီး ဖြစ်လာပါတော့သည်။ ကျွန်တော့ လမ်းထဲတွင် ကျွန်တော်နှင့် သိကျွမ်းသူများက ကျွန်တော့အား ဆရာဟု ခေါ်ပါသည်။ ဤတွင် တခုမေးစရာရှိလာသည်မှာ ကိုဟင်က ဘာဆရာ လဲ ...? ဟူသော မေးခွန်း ဖြစ်ပါသည်။
ဆိုက်ကား နင်းသူအား ဆိုက်ကားဆရာ ၊ ထီးပြင်သူအား ထီးပြင်ဆရာ ၊ ကားမောင်းသူအား ကားဆရာ ၊ အကြော်ကြော်ရောင်းသူအား အကြာ်ဆရာ။ စာသင်သူအား ကျောင်းဆရာ ယုတ်အစွဆုံး အတတ်ပညာ တခုခု တတ်ကျွမ်းသူအား ထိုအတတ်ပညာ မတတ်သူများက ဆရာ ခေါ်ရသည်သာ။
ဆိုတော့ ကိုဟင်လည်း ဘာအတတ်ပညာ မှလည်း ဖြစ်ဖြစ်မြောက်မြောက် တတ်ကျွမ်းထားခြင်း မရှိ ။ အဘယ့်ကြောင့် ဆရာ ခေါ်ခံနေရပါသနည်း။ ရှင်းပါသည်။ ကျွန်တော့ မဟေသီက သူနာပြု ဖြစ်ကာ ဆေးဆိုင်ဖွင့်ထားသဖြင့် သူရို့က ကျွန်တော့ မဟေသီအား ဆရာမဟု တလေးတစား ခေါ်ပါသည်။
ဟုတ်သား ... သူနာပြုလည်း ဆရာမ ကိုး ။ ဆိုတော့ သူနာပြုဆရာမအား ယူထားသော ဆရာမ လင် အားလည်း ဆရာဟုသာ ခေါ်စရာ ရှိလာပါတော့သည်။ ဘာဆရာ မှန်းတော့မသိ။ ဆရာ တော့ ဆရာ ဖြစ်ပါသည်။ ကျွန်တော် ပေါင်းသင်း နေရသည်ကလည်း ကားဆရာပါသလို ဆိုက်ကားဆရာလည်း ပါပါသည်။ အသုပ်သည် အဒေါ်ကြီးနှင့်လည်း သိသလို ဘယာကြော်သည် ကုလား နှင့်လည်း ခင်ပါသည်။
လမ်းထိပ် ကွမ်းယာ ဆိုင်နှင့်လည်း သိသလို လက်ဖက်ရည် ဆိုင်.... စျေးသွား စျေးဝယ် စျေးသယ်တို့ နှင့်လည်း ခင်ပါသည်။ ဆိုတော့ ကျွန်တော် စမ်းချောင်း ရောက်ပြီး ၃ လ မပြည့်ခင် လေးမှာပင် ကျွန်တော့ ကွန်ယက်က အတော်လေး ပြန့်နေခဲ့ပြီ ဖြစ်ပါသည်။
တရက် ရပ်ကွက်လူကြီး များနှင့် လဖက်ရည် သောက်ရာတွင် စကား စပ်မိ၍ နိုင်ငံတကာ အရေးအခင်း အကြောင်း ပြောဖြစ်ကြပါသည်။ ကျွန်တော်ကလည်း ဒေါ်နယ်ထရန့် ၊ ရှီကျင်းပင် .... ဟောင်ကောင် အရေးအခင်းက ဘယ်သို့ ဘယ်ဝါ စင်္ကပူက တရုတ်ဆိုပေသိ အမေရိကန်အား အသေကပ်ထားပုံ စသည်စသည်ဖြင့် လေလုံးထွားထွား ပြောပြမိရာမှ ဆရာ ဟူသော ဂုဏ်ပုဒ် ကပိုကြီးလာပါတော့သည်။ မိမိကတော့ ဘာဆရာမှန်း မသိသေး။
တခါတလေ ညဘက် စီခနဲ့ အုံးအုံးကျက်ကျက် ဖြစ်သွားလျင် လိုက်ကြည့် စရာမလို။ နောက်တနေ့ နံနက် အသုပ်ဆိုင်သွား .... အမရေ အစုံသုပ် တပွဲလောက်.... အချိုမှုန့် မထည့်ဘူး " စသည်ဖြင့် မှာပြီ..... ညက ဟိုဖက်လမ်းထဲ အုံးအုံးကျက်ကျက်နဲ့ ဘာဖြစ်ကြတာလဲဟု အသုပ်သည် အမကြီးအား မေးလိုက် ။ ဒီလို ဆရာရေ.......... ဟုအစပြုကာ ညက အရေးအခင်း တခုလုံး အသုပ်စားရင်း နားထောင်ပေတော့။ တခါတလေ အကြောင်အရာ ရှည် နေလျင် ရေနွေးကြမ်း သောက်၍ နားထောင်ပေတော့။
လမ်းထဲမှ လူများ အခြေအနေ .... ကိုယ်သိ လိုသော လူတယောက် အခြေအနေအား သိလိုလျင်.... ကိုယ်နှင့်သိသော ဆိုက်ကား စီးသွား ...... သို့မဟုတ်လည်း လမ်းကြုံ သလိုနှင့် ဆိုက်ကားဆရာအား လဖက်ရည်တိုက်..... ကိုတင်မောင်.... ကျွန်တော်တို့ လမ်းထဲက ဘယ်တိုက်က ခလေးမလေးတွေ အတော် အိမ်ပြန်နောက်ကျကြတယ်နော်.... ဘေးအိမ်က အဒေါ်ကြီးကတော့ ခွေးတွေအတော်ချစ်သား.....,.. မိမိသိလိုသော စကား စဖေါ်ပေးလိုက်..... "
ဆရာက အခုမှ ရောက်လာတာ ဘယ်သိမတုန်း.... အဲဒီ တိုက်က ခလေးမလေးတွေက ..... ဘယ်လိုဘယ်ဝါ... ဘေးတိုက်မှ အပျိုကြီးက မည်သို့ မည်ပုံ ၊ ထမင်းဆိုင်ဖွင့်ထားသော အိမ်က အရင်က တဲကုတ်သာသာ.... တလမ်းလုံးရှိ ရာဇဝင်အား အကြိုက်သာ နားထောင်ပေရော.။
မိမိသိလို သောအကြောင်းအရာ ဥပမာ မိတ္ထူ ဆိုင်ဘယ်နား ရှိသည် ၊ ဆံပင်ညှပ်ဆိုင်ဘယ်မှာ ကောင်းသည် ၊ အစားအသောက် ဘယ်မှာ စျေးသင့်သည်အား သိလိုလျင် လမ်းထိပ်ကွမ်းယာဆိုင်သွားလိုက်။ ကွမ်း ၂၀၀ ဖိုးလောက်ဝယ်လိုက်လျင် မိမိသိလိုသော အကြောင်းအရာများ Location ဖြင့် အတိအကျသိရပါတော့သည်။
အမှန်ဆိုရလျင် ကျွန်တော့ အနေဖြင့် ဆရာခေါ်ခံရသည် ကို လိပ်ပြာ မလုံလှပါ။ ကျွန်တော့ အနေဖြင့် ဆေးဆိုင်အား ဦးစီးဦးဆောင်၍ ဖွင့်ထားပါသည်။ သို့သော် ကျွန်တော် ဆေးဝါးများအား ကျွမ်းကျင်သူ မဟုတ်ပါ။ သို့သော် ကွန်ယက် ကောင်းလျင် ကောင်းသလောက် စီးပွားရေးတွင် မည်မျှ အကျိုးကျေးဇူးရှိကြောင်း ကျွန်တော့ လက်တွေ့ဖြစ်ပါသည်။ ဟုတ်ကဲ့ .... ကျွန်တော့အား ဆရာ ခေါ်နေကြပါသည်။ ကျွန်တော်ကလည်း ကျေကျေနပ်နပ် အခေါ်ခံနေပါသည်။
ကျွန်တော် ဆရာဖြစ်လာပြီးနောက် ( ဘာဆရာမှန်း မသိသေး ) သတိထားမိသော အရာတခုရှိပါသည်။ လူတိုင်းလူတိုင်း တွင် ပြောပြစရာ အကြောင်းအရာများ အတော်များများ ရှိနေကြပါသည်။ သို့သော် သူတို့အား နားထောင်ပေးမည့်သူ မရှိကြပါ။
ထိုသူတို့ တွင် ဘဝ၏ မွန်းကျပ်မှု ၊ ပတ်ဝန်းကျင်၏ အဆင်မပြေမှု ၊ အိမ်တွင်းရေး ရှုပ်ထွေးမှု ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှု့ရေး စသည့် အဆင်မပြေမှုများအကြောင်း ပြောပြစရာ များစွာ ရှိနေပါသည်။ သို့သော် သည်းခံ နားထောင်ပေးမည့်သူ မရှိကြပါ။ ထို့ကြောင့် ကျွန်တော့ အနေဖြင့် ဆရာဟု အခေါ်ခံရသည်မှာ ထိုနားထောင်ခြင်း တတ်ခြင်းကြောင့် ဖြစ်မည်ဟု ထင်ပါသည်။ တကယ်တမ်း ဆိုရလျင် ကျွန်တော့ တွင်လည် ပြောပြစရာ ရင်ဖွင့်စရာများစွာ ရှိနေပါသည်။ တစုံတယောက်အား ... ဆရာရေ .. ဘီယာ သောက်ပြီး စကားလေး ပြောကြရအောင်ဟု " ဖိတ်ခေါ်ရလျင်ဖြင့် ...............ဟုတ်ကဲ့... ကျွန်တော် ဆရာဟင်ပါ။
Henry Aung ( Kachin )
19 / 09 / 2020 ( 20:00 PM )