မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ဤယနေ့ရေးသားစရာ အကြောင်းအား တွေးမရ ရှိနေပါတော့သည်။ စာရေးခြင်း ဆိုသည်မှာ မိမိရေးသားလိုသော အကြောင်းအရာများအား ကြိုတင်၍ အတွေးစိတ်ကူးတွင် ရေးသားနေရသလို ၊ လိုအပ်လျင် အချက်အလက်များ အကိုးအကားများ ရှာထားရန်လည်း လိုအပ်ပါသည်။
ကျွန်တော့အနေဖြင့် ရေးသားစရာ အတော်များများရှိနေသေးသော်လည်း ဤယနေ့တွင် မည်သည့် အကြောင်းအရာမျှ ခံတွင်း မတွေ့ဖြစ်နေပါတော့သည်။ Cryptocurrency အကြောင်း ရေးရန်လည်း ယခုတလော ဤအကြောင်းအရာတို့ရေးသားပြီး ဖြစ်၍ နောက်ထပ်ရေးလိုစိတ်မရှိတော့ပါ။
Steemit နှင့် Hive အကြောင်း ဆိုလျင်။ ထိုအရာများကလည်း Steemit ဆိုလျင် ကျွန်တော်ရေးခဲ့သော စာစုများ၏ သုံးပုံ တစ်ပုံသည် Steemit အကြောင်းသာ ဖြစ်ပါလိမ့်မည်။ ဤသို့ဆိုလျင် Hive platform အကြောင်းကော။ ရေးလိုစိတ်မရှိသေးပါ။ Hive ၏ Open orchard ဟူသော အရာသည် လည်းကောင်း ၊ SMT သည်လည်းကောင်း ၊ Hive Engine သည်လည်းကောင်း များစွာလေ့လာရန်ကျန်ရှိနေပါသေးသည်။
ကျွန်တော့ အနေဖြင့် မဖြစ်စလောက် ဗဟုသုတ လေးဖြင့် Hive platform အကြောင်း မရေးသားလိုပါ။ ဤသို့ဆိုလျင် မပြီးပြတ်သေးသော စင်္ကပူ အတွေ့အကြုံများ ရေးသားရန် မဖြစ်နိုင်ပြီလော။ ဖြစ်နိုင်ပါသည်။ စင်္ကပူ နှင့်ပတ်သက်၍ ကျွန်တော့တွင် ရေးစရာ အများအပြားရှိနေပါသေးသည်။
ယခုအချိန်ထိ သင်္ဘာကျင်း ဘဝမှ မထွက်နိုင်သေး ။ သင်္ဘောကျင်း လုပ်သား ဘဝတွင် ရေးပြစရာ အတော်လေးကျန်ပါသေးသည်။ ဤသို့ဆိုလျင် ရေးပါတော့လား။ ဟုတ်ကဲ့။ မည်သည့် အကြောင်းအရာအား မည်သို့ရေးရမည်ကို စာစီရအုံးမည် ဖြစ်၍ ချက်ချင်းချမရေးနိုင်သေးပါ။
ဤသို့ဆိုလျင် ငယ်ဘဝအကြောင်း စာစီကုံးပါတော့လား ဟူ၍ စောဒက တက်စရာ အကြောင်းရှိပါသည်။ ဤသို့သော အကြောင်းအရာများ ရေးသားရန် အာသီသ ရှိရန်လိုပါသေးသည်။ တနည်းဆိုရသော် စိတ်ပါရန်လိုသေးသည်။ ယခု အချိန်တွင် ကျွန်တော်၏ ခလေးဘဝအား ရေးသားရန် အာရုံစူးစိုက်၍မရသေးသဖြင့် မရေးသေးခြင်း ဖြစ်ပါသည်။
ဤသို့ ဆိုလျင် ယခင် Steemit အဖွဲ့သားတို့နှင့် ပျှော်ရွှင်စရာ ကောင်းသော ကာလများ အကြောင်း ရေးသာရန် မဖြစ်နိုင်ပါသလော။ ဖြစ်နိုင်ပါသည်။ ထိုအကြောင်းအရာများအား ရေးသားရန် မဆိုထားဘိ တွေးကြည့်လိုက်သည်နှင့်တပြိုင်နက် ကျွန်တော့အားမျက်ရည်ဝဲစေပါသည်။
ဤကဲ့သို့ အိမ်တွင်းအောင်းနေရသော အချိန်ခါမျိုးတွင် ဝမ်းနည်းစရာ အကြောင်းမျိုးမရေးသားချင်ပါ။ တယောက်နှင့် တယောက် သိကျွမ်းခြင်းလည်း မရှိ MSC ဟူသော သံယောဇဉ် ကြောင့် အနယ်နယ် အရပ်ရပ်မှ လူများ ပုဂံ တွင် လာရောက်စုဝေးကြသည်မှာ ကျွန်တော့အတွက်တော့ အိမ်မက်ပမာသာ ဖြစ်ခဲ့ပါသည်။
MSC ၏ ခြေရာများစွာ ပုဂံတွင် ကျန်ရစ်ခဲ့ပါသည်။ သို့ရာတွင် အတိတ်ကာလဟူသော အရာသည် ကျန်ရစ်ခဲ့တတ်သော အရာဖြစ်၍ ကျွန်တော့ အနေဖြင့် ထို MSC နှင့် ပုဂံ ပုံရိပ်များအား ရင်ထဲတွင်သာ ထိန်းသိမ်းထားလို၍ စာအဖြစ် ရေးသားလိုစိတ်မရှိပါ။
ကျွန်တော့ စိတ်ထဲတွင်ကာ MSC တို့ စုဝေးရာ ဖြစ်ခဲ့သော ထနောင်းပင်အောက်ရှိ ကွမ်းပြစ် သို့ နောက်တခါ အရောက်သွားရန်တော့ ဆန္ဒရှိပါသည်။ MSC အကြောင်း မရေးသာလိုလျင် အခြားသော သရော်စာများ ၊ နေ့စဉ် အတွေ့အကြုံများအားလည်း ရေးသားရန် ဖြစ်နိုင်သည် မဟုတ်လော။
သို့သော် ကျွန်တော့ အနေဖြင့် ဤယနေ့တွင် ထွေထွေထူးထူး ရေးသာရန် အလိုမရှိရကာ ဤစာစုအား ဤနေရာတွင် အဆုံးသတ်ပါမည်။ မိတ်ဆွေအနေဖြင့် ကျွန်တော်၏ စာစုအား ဖတ်ရသည်တွင် ဗဟုသုတ တစုံတရာ မရရှိနိုင်သသည့်အတွက်တောင်းပန်ပါသည်။
ကျွန်တော့ ဦးနှောက်ကလည်း တခါတရံ ဘာမျှတွေး၍ မရ ဗလာသက်သက်ဖြစ်နေတတ်သော်လည်း Post တင်နိုင်ရန် အလို့ငှာ ဤစာစုအားရေးရခြင်း ဖြစ်ပါသည်။ မိတ်ဆွေတို့၏ အချိန် အတွက် တောင်းပန်ပါသည်။
Henry Aung (Kachin)