မင်္ဂလာပါ။ ယခုတလော Cryptocurrency အကြောင်းများကလည်း ရေးသားစရာ မယ်မယ်ရရမရှိ ( ဈေးကလည်း ငြိမ်နေ ) မလေးရှား အကြောင်းကလည်း ရေးသားစရာ များ ရှိနေသေးသော်လည်း လက်မသွက် ဖြစ်နေသောကြောင့် လွန်ခဲ့သော ၂၀၀၂ ခုနှစ် ဝန်းကျင် ကျွန်တော် တက္ကသိုလ် ကျောင်းသားဘဝ သူငယ်ချင်းများနှင့် ဘုရားဖူး ခရီးထွက်ခဲ့သည့် အကြောင်းများ မှတ်မိသလောက် ပြန်လည် ဖေါ်ပြပေးလိုပါသည်။
ဤ ဘုရားဖူး ခရီးသွား စာစုတွင် ဓာတ်ပုံများ မဖေါ်ပြနိုင်ခြင်းကြောင့် ကြိုတင် တောင်းပန်သည့် အပြင် အကယ်၍ ကျွန်တော် အမှတ်မှား၍ အရေးအသား ချွတ်ချော် တိမ်းစောင်းသွားလျင် ကျွန်တော်၏ မှတ်ညဏ်အားနည်းချက်ကြောင့်သာ ဖြစ်ကြောင်း ကြိုတင် ဝန်ခံပါသည်။
Google ရှိပုံများကလည်း အများအားဖြင့် Proffessional ဓာတ်ပုံဆရာများ ရိုက်ထားသော ဘုရားပုံများ ဖြစ်သည့် အတွက် Copy Right ကြောင့် ယူမသုံးလိုပါ။ ထို့ကြောင့် ဤ ဘုရားဖူး ခရီးစဉ်တွင် ဓာတ်ပုံ မပါသည့် စာသက်သက် ဖြစ်သော ကြောင့် စာဖတ်သူမိတ်ဆွေများအား အားနာရပါသည်။
၅ ညအိပ် ဘုရားစုံဖူး ခရီးစဉ် ဖြစ်ပါသည်။ ကျောင်းမှ သူငယ်ချင်းများ ယောက်ျားလေး မိန်းခလေး ၁၅ယောက်ခန့် အုပ်ထိန်းရန် အန်တီကြီး ၂ ယောက်နှင့် ကားဆရာ ကားစပယ်ယာ တို့ဖြင့် ခရီးဆက်ခဲ့ကြခြင်း ဖြစ်ပါသည်။
အမှန်တော့ ထိုခရီးစဉ်အား စီစဉ်သူမှာ ကျွန်တော်၏ ခရက်ရှ် ဖြစ်ပါသည်။ အန်တီကြီး ၂ ယောက်ဆိုသူမှာ ခရက်ရှ် ၏ အဒေါ်များ ဖြစ်ကြပါသည်။ အချိန်ကာလ ကြာခဲ့ပြီမို့ အမည်နာမများအား အတိတ်မှာသာ ထားခဲ့ကြပါစို့။ ခရက်ရှ် ၏ ဖခင်မှာ ဤကဲ့သို့ ဘုရားဖူး ယဉ်လှိုင်းများ ထောင်ထားသော ကားဆရာ ဖြစ်ကာ ယခုလည်း သူရို့၏ ကားဖြင့်ပင် ခရီးထွက်ခဲ့ကြခြင်း ဖြစ်ပါသည်။
ဘုရားဖူး ခရီးစဉ်တွင် နံနက်စာ နေ့လယ်စာ တို့အား မိမိ အစီအစဉ် ဖြင့် စားရမည် ဖြစ်သော်လည်း ညနေစာကတော့ ဝိုင်းဖွဲ့ ချက်စားရမည် ဖြစ်ပါသည်။ အန်တီကြီး ၂ ယောက်က ဦးဆောင်ချက်ပြုတ် ပေးကာ ကားသမား နှင့် စပယ်ယာကလည်း ဘယ်နေရာ ဘာရှိသည် မည်သည့် အစားအစာ ဝယ်၍ ရသည် စသည်ဖြင့် ခရီးလမ်း ကျွမ်းနေသူများ မို့ အရာရာ အဆင်ပြေပါသည်။
ဆိုခဲ့သည့် အတိုင်း ဤ ဘုရားဖူးခရီးသွား အားလုံးတွင် ကျွန်တော်တယောက်တည်းသာ ခရစ်ယာန် ဖြစ်ပါသည်။ ကျန်သည့် သူငယ်ချင်း များအားလုံး ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါသည်။ မှတ်မိပါသေးသည် ထိုဘုရားဖူးခရီးစဉ်မှာ နိုဝင်ဘာလ ကုန်ပိုင်း ဒီဇင်ဘာ မရောက်ခင်သွားကြခြင်းဖြစ်ရာ နံနက်စောစော ၅ နာရီခွဲ စထွက်ခဲ့ကြပါသည်။
ပထမဆုံး ဘုရားဝင်ဖူးသော နေရာမှာ ဒေးစွန်ပါဟု ထင်ပါသည်။ ပဲခူးမြို့ တွင်း ဒေးစွန်ပါ / ရွှေသာ လျောင်း / ရွှေမုဓော ဘုရားများ ရှိရာ ကျွန်တော့ မှတ်ညဏ်အား recall ပြန်ခေါ်သော အခါ ဒေးစွန်ပါ ဘုရားအား အလျင်ဝင်သည်ဟုထင်ပါသည်။ သေချာ မမှတ်မိတော့ပါ။
ဒေးစွန်ပါ ဘုရားမှာ ပဲခူးမြို့၏ အဝေးပြေလမ်းမကြီးမှ အတွင်ဘက် ပဲခူးရိုးမ အစွန်သို့ ရောက်အောင် အတော်လေး ကားမောင်းဝင်ရပါသည်။ ထို့နောက် ခြေလျင် တောင်တက် တောင်ဆင်းရပါသည်။ အချို့နေရာ များတွင် အတော်လေး မတ်မတ်တက်ရကာ တယောက်နှင့် တယောက် လက်တွဲဆွဲခေါ်တက်ခဲ့ရပါသည်။
ကျွန်တော်နှင့် ခရက်ရှ် ကလည်း စကားပြောလိုက် တောင်တက် တောင်ဆင်း ဖေးမကူလိုက်ဖြင့် နောက်ဆုံး တောအုပ်ဖြတ်ပြီးသော အခါ တောင်ခါးပန်း ဟုထင်ပါသည် ဒေစွန်ပါ ဘုရားအား ဖူးခွင့်ရခဲ့ပါသည်။ ကျွန်တော်တို့ သွားခဲ့တုန်းကတော့ မြေနီလမ်းကလေးသာ ဖြစ်၍ လမ်းဘေးတွင် မြေစိုက် တဲကလေး ( တလုံးချင်း သီးသန့် ) များတွင် ရသေ့များ တရားထိုင်နေသည်ကို တွေ့ခဲ့ရပါသည်။
မှတ်မှတ်ရရ လမ်းတနေရာတွင် တောဈေးတန်း ကလေးအားတွေ့ခဲ့ရကာ ( ဒီအတိုင်း ပီနံအိတ်ခင်းကာ ရောင်းချနေသူများ ) ပဲခူးရိုးမထွက် ဆေးမြစ်စုံ / သစ်အု သစ်ဖု များ / ပုလင်းတွင်ထည့်ထားသော ဆေးရည်များ စုံလင်စွာတွေ့ခဲ့ရပါသည်။
အချို့တောင်တက်တောင်ဆင်းများတွင်လည်း နတ်ဟောခန်း များတွေ့ခဲ့ရပါသည်။ ကျွန်တော်သိသလောက် ဒေးစွန်ပါ ဘုရားသည် ဤ သို့ သိုက်ဆက် / နန်းဆက် / တရားကျင့်နေသူတို့ မဖြစ်မနေလာရောက် တရားအားထုတ်ရာနေရာဟု သိရပါသည်။
လူငယ် လူရွယ်များဆိုတော့ မောပန်းဟန်မရှိ တယောက်နှင့် တယောက် စလိုက်နောက်လိုက်ဖြင့် အချို့ကလည်း မျက်လုံးချင်း စကားပြောကြ အပြုံးချင်း ဖလှယ်ကြပေါ့။ ယခုခေတ်ကဲ့သို့ စမတ်ဖုန်းများ မပေါ်သေးဆိုတော့ ဓာတ်ဖမ် စရာ အလုပ်ကလည်း ရှုပ်စရာ မလို။ သဘာဝရှုခင်းအား တဝကြီး ခံစားရပါသည်။
ကျွန်တော့ စိတ်အထင် ထိုစဉ်က ပဲခူးရိုးမမှာ ယခုကဲ့သို့ တောင်ကတုံးများ မဟုတ်ပဲ သစ်ပင်ကြီးများဖြင့် အတော်လေး စိမ်းစိမ်းစိုစို ရှိခဲ့သည်ဟု ထင်ပါသည်။ဒေးစွန်ပါ ဘုရားမှ ပြန်ဆင်းလာပြီးနောက် ထပ်သွားကြသော ဘုရားမှာ ရွှေသာလျောင်းဘုရား ဖြစ်ပါသည်။
ကျယ်ပြန့်သော ရင်ပြင်ကြီးနှင့် ရွှေသာလျောင် ရုပ်တုမှာ အတော်ပင် ကြည်ညိုစရာ ကောင်းလှပါသည်။ ဘုရားရင်ပြင်တွင် အချို့က ဝိုင်းဖွဲ့ကာ ချိုင့်များ ဖွင့်၍ စားသောက်နေကြသလို အချို့ကလည်း ပုတီးစိပ်နေကြပါသည်။ အတော်များများကတော့ ဘုရားရိပ်ခိုကာ တရေးတမော အိပ်နေကြပါသည်။
ကျွန်တော်တို့ ရောက်ခဲ့စဉ်ကတော့ ဤ ရွှေသာလျောင်း ဘုရားဘေးတွင် သစ်ပင်ကြီးများ ထန်းပင်များ ရှိရာ ဘုရားရိပ်မှာ အတော်လေး အေးမြလှပါသည်။ ထိုအချိန်က ကျွန်တော့အနေဖြင့် ရဲမြလွင် ဘာသာပြန်ထားသည့် ဂျပန်ဘာသာပြန် " မြန်မာစောင်း " ဝတ္ထုအား ဖတ်ဘူးထားသည့် အပြင် ထိုရုပ်ရှင် ဇတ်ကားအားလည်း ကြည့်ဘူးထားသည်ဆိုတော့ ရုပ်ရှင်ထဲတွင် ပါသည် ရွှေသာလျောင် ဘုရားအား အတော်လေး တွေ့ဘူးချင်ခဲ့ပါသည်။
ဤ ဂျပန်ဘာသာဖြင့် Biruma No Tategoto အင်္ဂလိပ်ဘာသာ ဖြင့် The Burmese Harp ( မြန်မာ့စောင်း ) အမည်ရ ရုပ်ရှင်ကားထဲတွင် ရွှေသာလျောင်း ဘုရားနောက်ကျောဘက်တွင် ရတနာများ မြုပ်ထားသည့် အခန်းတခန်း ပါဝင်ပါသည်။ ကျွန်တော့အထင် ပတ္တမြား ဟုထင်ပါသည်။ သေချာ မမှတ်မိတော့ပါ။
ရုပ်ရှင် အတွင်းပါဝင်သည့် ရွှေသာလျောင်းမှာ ဤ ပဲခူးရှိရွှေသာလျောင်း ဘုရား ဟုတ်သည်မဟုတ်သည်တော့မသေချာပါ။ ကျွန်တော့အနေဖြင့် ရုပ်ရှင်တွင်ပါသည့် လျောင်းတော်မူ ရုပ်တုကြီးနှင့် ပဲခူးမှ ရွှေသာလျောင်း ဘုရား အတူတူသာ ထင်မှတ်နေခဲ့ပါသည်။
ဤ ရွှေသာလျောင်း ဘုရားမှ အထွက် လမ်းချိုးလေးတွင် ထန်းရည် ရောင်းသော ဆိုင်ရှိပါသည်။ ကျွန်တော်နှင့် သူငယ်ချင်းများ တသိုက် ထန်းရည်ခါး နှင့် အာပြဲခြောက်ဖုတ် မြည်းခဲ့ကြသည်ကို တော့ သေချာမှတ်မိပါသည်။
ယခုနောက်ပိုင်း ကိုးဗစ် မဖြစ်ခင်ကာလတွင် ကျွန်တော် ညောင်လေးပင် မယ်တော်ဘုရားကျောင်းသို့ အကြိမ်ကြိမ် ကားမောင်း၍ ရောက်ဖြစ်ခဲ့ပါသည်။ ဤ သို့ ညောင်လေးပင်သွားတိုင်လည်း ပဲခူးမြို့ ရောက်သည်နှင့် ရွှေမောဓော / ဒေးစွန်ပါ / ရွှေသာလျောင်း ဘုရားတို့အား သတိတရ ရှိဆဲ ဖြစ်ပါသည်။ သို့သော် သွားရောက်နိုင်ခြင်းကာ မရှိခဲ့ပါ။ ရွှေမောဓော ဘုရားကတော့ အဝေးပြေးလမ်းမှသာ ဖူးခွင့်ရခဲ့ပါသည်။
ဆက်လက်ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
06/12/2022 - Tuesday- 16;58 Pm ( KL )