မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော မလေးရှားခရီးစဉ် အကြောင်း ဆက်ပါအုံးမည်။ ယခုနောက်ပိုင်း ခရီးသွားကြရာတွင် Travel Agency ဖြင့် သွားမည်လား / မိမိအစီအစဉ်ဖြင့် ကြိုက်သလောက်နေ ကြိုက်သလို သွားမည်လားဟူ၍ ၂ မျိုးရှိပါသည်။
အများအားဖြင့် အနောက် နိုင်ငံသားများကတော့ ကြိုက်သလောက်နေကြိုက်သလိုသွား ခရီးစဉ် ဖြင့်သာ ခရီးသွားကြသည်ကိုတွေ့ရပါသည်။ မိတ်ဆွေများတွေ့ဘူးပါလိမ့်မည်။ ကျောပိုးအိတ်ကြီးများလွယ်ကာ မြန်မာပြည် တမြို့ဝင်တမြို့ထွက် ခရီးသွားကြသည့် နိုင်ငံခြားသားများအား။
Travel Agency ဖြင့် ခရီးသွားကြသူများကတော့ Agency မှ စီစဉ်ပေးသည် Hotel တွင်နေ / Agency မှ စီစဉ်ပေးသည့် ကားဖြင့် လိုက်ပို့သည့် နေရာများအား သွားကြည့် ဓါတ်ပုံရိုက် / နောက်တနေရာသွား ဓါတ်ပုံရိုက် အချိန်ပြည့်လျင် Hotel ပြန် ထို့နောက် ရက်ပြည့်လျင် ပြန်လာစသည်ဖြင့်။
မိမိအစီအစဉ်ဖြင့်သွားလျင်တော့ မိမိအချိန် ပေးနိုင်သလောက် မိမိသွားလိုသည့် နေရာ / စားသောက်လိုသည့် အစားအစာစသည်ဖြင့် နေရာစုံ ရောက်နိုင်ပါသည်။ ဆိုတော့ ဤ ခရီးစဉ်တွင် ကျွန်တော်တို့က ရက် ၂၀ ခန့်နေမည်ဆိုတော့ Hotel မငှားတော့ပဲ သီးသန့် Apartment တခု ငှားလိုက်ပါသည်။
Apartment ဆိုတော့ မီးဖိုဆောင်ပါသည်/ အိုးခွက်များ / ရေခဲသေတ္တာ / အဝတ်လျှော်စက် / Microwave အပြည့် အစုံပါသလို Wifi လည်း ပါဝင်ပြီးသားဖြစ်ပါသည်။ အစားအသောက် များကတော့ မိမိဖာသာ ဝယ်ယူချက်ပြုတ် စားရုံသာ ဖြစ်ပါသည်။
ထို Apartment များအား Online ပေါ်မှသာ ရှာဖွေယူပြီး ငှားယူရခြင်းဖြစ်ပါသည်။ ကျွန်တော်ငှားသော Condo Apartment မှာ ကွာလာလမ်ပူမှ ၄၅ မိနစ်ခန့် ကားမောင်းရသည့် Seri Kembangan ဟူသောရပ်ကွက်တခုတွင် တည်ရှိပါသည်။ ဆိတ်ငြိမ်ရပ်ကွက် ဟူ၍ ခေါ်၍ရပါသည်။ ၂၆ ထပ်ရှိသော အဆောက်အဦးဖြစ်ကာ ကျွန်တော်တို့ အခန်းက ၁၇ လွှာ တွင်ရှိပါသည်။
(Condo ၁၇ လွှာမှ မြင်ရသည် လှပသော Seri Kembangan)
လေဆိပ်သို့ ရောက်သည်နှင့် Apartment ပိုင်ရှင်အား Whatapp မှ စာပို့၍ ဆက်သွယ်လိုက်ပါသည်။ ကျွန်တော်တို့ မြန်မာပြည်တွင် Viber / Telegram / Messenger တို့ ခေတ်စားသော်လည်း မလေးရှားနှင့် စင်္ကပူသည် Whatapp သာ အသုံးများပါသည်။
ထို ပိုင်ရှင်က ဆက်၍ ကျွန်တော့အား Apartment Booking ID မေးပါသည်။ ကျွန်တော်လည်း Booking ID ပေးလိုက်သော အခါ သူက Apartment သို့ဝင်ရန် လမ်းညွှန်ချက်များ ပေးပို့ပါသည်။ Condo အိမ်ယာ၏ အောက်ဆုံးထပ်တွင် အလွှာတိုင်း အခန်းတိုင်း၏ စာတိုက် သေတ္တာများ ရှိပါသည်။
၁၇ လွာ အခန်း ၂၁ ၏ စာတိုက် သေတ္တာသို့သွားကြည့်သော အခါ နံပတ်ဖြင့် လှည့်ရသော သော့တခုသွားတွေ့ပါသည်။ အခန်းပိုင်ရှင်က ထိုသော့၏ ကုဒ်နံပတ်လေးခုအား Whatapp မှ ပို့ပေးပါသည်။ ထို ကုဒ်နံပတ် ရိုက်ထည့်လိုက်သောအခါ စာတိုက်သေတ္တာ တံခါးပွင့်သွားကာ ထိုသေတ္တာထဲတွင် အခန်းသော့ တွေ့ရပါသည်။
ထိုအခန်းသော့တွင်လည်း နောက်ထပ် ဘားကုဒ် တခုပါပါသေးသည်။ ထို သော့တွင် ပါဝင်သော ဘာကုဒ်မှာ ဓါတ်လှေကား စီးရန် ဖြစ်ပါသည်။ဓါတ်လှေကား အား ထိုသော့ဖြင့် ဘားကုဒ်မဖတ်လျင် ဓါတ်လှေကား ခလုတ်နှိပ်၍ မရပါ။
ဤသို့ဖြင့် စာတိုက်သေတ္တာ ထဲမှ သော့ယူ / ဓါတ်လှေကား စီးပြီး မိမိအခန်းအား သော့ဖွင့် ဝင်ရပါသည်။ မည်သည့် အိမ်ခန်း ပွဲစားမှ မလိုပါ။ အိမ်ခန်း ပိုင်ရှင်အားလည်း တွေ့စရာမလိုပါ။ အရာရာ Online ဖြင့် ကိစ္စပြီးရပါသည်။
အတော်လေး နေချင်စဖွယ်ကောင်းသော အခန်း ဖြစ်ကာ Electricity free / Aircon free / Wifi free / Netflix tv free ဖြစ်ပါသည်။ အမှန်တော့ အခန်းငှားစဉ် ကတည်းက ထိုကုန်ကျစရိတ် အတွက် ထည့်တွက်ပြီးသား ဖြစ်ပါသည်။ ကျွန်တော်နှင့် မဟေသီကလည်း ချက်စားလိုသည်များအား ကိုယ်တိုင်ချက်ပြုတ်စားသောက် ၍ သွားလိုသည့်နေရာများအား Google ခေါက်၍ လျှောက်သွားကြပါသည်။
ထို Condo ၏ ကောင်းကွက်မှာ ရေကူးကန်ရှိခြင်း နှင့် Gym အား ကြိုက်သည့် အချိန် ဝင်ကစား နိုင်ခြင်း ဖြစ်သလို Condo အောက်တွင် 7/11 ဆိုင် များ / တိုလီမိုလီ စတိုးဆိုင်များ စားသောက်ဆိုင်များလည်း ရှိပါသည်။
(Gym ကစားခန်း)
ကျွန်တော်သဘောကျသော အရာတခုမှာ အကြွေစေ့ထည့်၍ ရေသန့် ဖြည့်နိုင်သော စက်ဖြစ်ပါသည်။ ဆိုလိုသည်မှာ မိမိအနေဖြင့် ရေသန့် ၂ လီတာ / ၅ လီတာ ဘူးများအား တကြိမ်သာ ဝယ်ရမည် ဖြစ်၍ ကုန်သွားလျင် အကြွေစေ့ထည့်ကာ ရေသန့် ပြန်ဖြည့် နိုင်သော စက်ဖြစ်ပါသည်။ ရေသန့် တလီတာဖြည့်လျင် ပြား ၂၀ ကျသင့်ပါသည်။
ရက်ရှည် ခရီးသွား နေထိုင်သူများအတွက် အတော်လေး အဆင်ပြေပါသည်။ အဘယ့်ကြောင့် ဆိုသော် အကြွေစေ့ များမှာ ထိုကဲ့သို့သော နေရာမှ မသုံးလျင် ပိုလျှံနေသော ကြောင့် ဖြစ်ပါသည်။
(အကြွေစေ့ အသုံးပြု ၍ ပြန်ဖြည့်ရသော ရေသန့်စက်)
ထို့ အပြင် ထို Condo အောက်တွင် အကြွေစေ့ထည့်၍ လျှော်ရသော အဝတ်လျှော်စက်ကြီးများလည်း ရှိပါသည်။ မိမိ အဝတ် အလေးချိန် အပေါ်မူတည်၍ အကြွေစေ့ ထည့်ရမည် ဖြစ်သလို အဝတ်လျှော်ပြီးသွားလျင် နောက် ထပ် အခြောက်ခံစက်တွင် အကြွေစေ့ ထည့်၍ တခါတည်း အခြောက်ခံသွား၍ ရပါသည်။ ဆပ်ပြာရည် / ရေမွှေးဆပ်ပြာရည် ကတော့ Free ဖြစ်ပါသည်။
ကျွန်တော်သတိထားမိသည်မှာ ထို အဝတ်လျှော်စက်သည် နေစဉ် လူပြတ်သည်ဟူ၍ မရှိပါ။ မိမိအိမ်တွင် အဝတ်လျှော်စက် ရှိကြသော်လည်း အိမ်တွင် လျှော်လျင် ရေကုန်မည်/ ဆပ်ပြာရည်ကုန်မည် / လျပ်စစ်မီတာ တက်မည် / ပြီးနောက် အဝတ်လှမ်း၍ အခြောက်ခံရမည်။ အကြွေစေ့ထည့်၍ လျှော်လိုက်လျင် တခါတည်း ကိစ္စပြတ်ပါတော့သည်။
အဝတ်လျှော်စက်ထဲတွင် အဝတ်လျှော်ထား အချိန်ကိုကြည့်၍ ကော်ဖီဆိုင်သွားထိုင်နေ၍ ရပါသေးသည်။ မိမိ အဝတ်အား မည်သူမျှ မခိုးသွားပါ။ အချို့ကတော့ ကားကြီးကားငယ်များဖြင့် အဝတ်ထုပ်များယူလာကာ လာလျှော်ကြပါသည်။ အိမ်တွင် လျှော်၍ မဖြစ်သည့် စောင်ထူကြီးများ / အလုပ်သမား ယူနီဖေါင်း များ။ အချို့ကတော့ နေ့လည်ပိုင်း အဝတ်လျှော်စက် တန်းမစီလိုသော ကြောင့် ညဘက် ၁၂ နာရီ ၁ နာရီ မှ လာလျှော်ကြပါသည်။
(အဝတ်လျှော်စက်နှင့် အခြောက်ခံစက်များ)
(ငွေသားမှ အကြွေစေ့ လှဲလည် ယူရန် စက်)
(အဝတ်လျှော်စက်နှင့် အခြောက်ခံစက် နှုန်းထားများ)
ကျွန်တော့ အနေဖြင့် နေ့စဉ် မဟုတ်တောင် ရက်ခြားနီးပါး Gym သွားကစား ဖြစ်ပါသည်။ ရေကူးလိုသော်လည်း ရေကူးကန်သို့ မသွား ဖြစ်ပါ။ အဘယ့်ကြောင့် ဆိုသော် ရေကူးကန် သည်ပိတ်ရက်မရှိ ဖွင့်ထားပါသည်။ သို့သော် Cleaning Schedule မရှိပါ။
စင်္ကပူရှိ အများပြည်သူ ရေကူးကန်များမှာ များသောအားဖြင့် အင်္ဂါနေ့ တွင် ပိတ်ပါသည်။ ရေကူးကန် သန့်ရှင်းရေး လုပ်ရန် ဖြစ်ပါသည်။ ထို Condo ရှိ ရေကူးကန်ကတော့ ခလေးများ နှင့် အမျိုးသမီးများသာ ရေလာကူးကြပါသည်။ ရေကူးကန်ကလည်း မြေညီထပ်တွင် မဟုတ်ပါ။ ၉ လွှာတွင် ဖြစ်၍ Out door ရေကူးကန် ဖြစ်ပါသည်။
ဆက်လက်ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
23/09/2022 - Friday - 17;50 Pm