မင်္ဂလာပါ။ မလေးရှားတွင် နေထိုင်ရင်း သတိထားမိသော အရာတခုမှာ ခွေးလေခွေးလွှင့် မရှိခြင်း ပင်ဖြစ်ပါသည်။ စင်္ကပူ တွင် စက်ရုံ အလုပ်ရုံများ ရှိသော စက်မှုဇုံ များတွင် ခွေးလေခွေးလွှင့်များ ရှိပါသည်။ သို့သော် ညဘက်ရောက်ကာမှ ထိုခွေးများ အုပ်လိုက်ထွက်လာကြပါသည်။ နေ့ခင်းဘက် မမြင်ရပါ။
မလေးရှားတွင်တော့ ညဘက်လည်း ခွေးလေခွေးလွှင့် များ မမြင်ရပါ။ ကျွန်တော်တို့ နေထိုင်ရာ Condo ဘေးတွင် သားငါး ကုန်စိမ်းဈေးကြီး ရှိပါသည်။ အတော်အတန်ကြီးမားသော ဈေးဖြစ်ကာ အမဲသား / ဆိတ်သား / ကြက် / ရေချိုငါး / ရေငံငါး မျိုးစုံ လက်လီလက်ကား ပေးသော ဈေး ဖြစ်ပါသည်။
နံနက် ၃ နာရီလောက်မှ ဈေးစတင်စည်ကားသည်မှာ တနေ့လုံး နီးပါးဖြစ်ပါသည်။ ကုန်စိမ်းများ / အသီး အနှံများ / ရေခဲရိုက် စားသောက်စရာများလည်း လက်လီလက်ကား ပေးပါသည်။ ထိုဈေးတွင် ဝက်သားမရပါ။ Super Market များတွင်လည်း ဝက်သားမရပါ။
ဤ သို့ဆိုလျင် မလေးရှား တရုတ်များ ဝက်သား မစားကြသလောဟု ထင်စရာရှိပါသည်။ ဝက်သား ခေါက်ဆွဲ / ဝက်နံရိုးပေါင်း အစရှိသော တရုတ်စားသောက်ဆိုင်သီးသန့် ရှိကြပါသည်။ သို့သော်လည်း ဝက်သားရောင်းသော ဈေးသီးသန့် ရှိမည်ဟုထင်ပါသည်။
(ညာဘက်ထောင့်ရှိ အမိုး အပြာရောင် မိုးထားသော အဆောက်အဦးမှာ ဈေးကြီး ဖြစ်ပါသည်။)
(ဈေးသို့လာသည့်ကားများ ကြိုက်သလောက်ရပ်စမ်း...)
သေချာသည်ကတော့ သာမန်ဈေးများ / Super Market များတွင် ဝက်သားမရသည်ကတော့ သေချာပါသည်။ အထက်တွင် ကျွန်တော်ဖေါ်ပြခဲ့သော သားငါး ကုန်စိမ်း ဈေးတွင်ပင် ခွေးလေ ခွေးလွှင့်များ လုံးဝမရှိပါ။
ကျွန်တော့အနေဖြင့် ၂ ရက်ခြား တခါလောက် နံနက်စောစော လမ်း လျှောက်ရင်း ထို ဈေးသို့ ဝင်လေ့ရှိပါသည်။ ကားကြီး ကားငယ်များ ဖြင့် လာရောက် ဈေးဝယ်ကြသည်မှာ အားရစရာ။ ကားရပ်ထားရန် နေရာလည်း ပူစရာမလို ပါ။ ဈေးကြီးက ဘောလုံးကွင်း ၃ ကွင်းစာလောက်ရှိပါသည်။ ဈေးအတွင်းသို့ လမ်းလျှောက် ဝင်သည်ဟူ၍ ကျွန်တော်တယောက်တည်းသာ ရှိပါသည်။
အများအားဖြင့်တော့ ကားဖြင့် ဈေးလာဝယ်ကြသလို အချို့ကလည်း ဆိုင်ကယ်ဖြင့်လာကြပါသည်။ သားငါးရောင်းသည့်နေရာ သီးသန့် / ကုန်စိမ်းရောင်းသော နေရာ သီးသန့် / သစ်သီးဝလံ များရောင်းချသော ဆိုင်ခန်းများက သီးသန့် ဖြစ်ပါသည်။
(အုန်းစိမ်းရည် သောက်ပါလေ့...)
(အသီးအနှံ မျိုးစုံလင်စွာ..)
ကျွန်တော်က ငါး စိတ်ဝင်စားသော ကြောင့် ငါးရောင်းသည့် နေရာ များသို့သာ အများဆုံး ရောက်ဖြစ်ပါသည်။ ငါးလိပ်ကျောက်ကြီးများ / Grouper ခေါ် ( မြန်မာအခေါ်ကတော့ ကသဘောင်း ဟုခေါ်သည်လား မသိပါ ) ငါးဘီလူးကြီးများ / ငါးခေါင်း ဟင်း ချို ချက်သောက်၍ ကောင်းသည့် Snapper ငါးများ / ဆာဒင် ငါးကလေးများ / လက်မောင်းလုံးခန့်ရှိ ငါးမန်းပေါက်ကလေးများ စသည်ဖြင့် မနည်းမနော တွေ့ရပါသည်။
ပုဇွန်များ ပင်လယ် ဂဏန်း များကတော့ မျိုးစုံလင်စွာပင် ပုံထားကြပါသည်။ မွှေးမြူရေး ငါးခူများ နှင့် တီလားဗီယား များကတော့ ရေကန်ထဲတွင် ကြိုက်သည့်ငါး ခပ်ယူရုံသာ အရှင်လတ်လတ်။ ကျွန်တော်က ဓါတ်ပုံရိုက်ရန် ကြိုးစားသော်လည်း ဆိုင်ရှင်များက သဘောကျဟန် မတူသော ကြောင့် အဝေးမှသာ ခိုးရိုက်လာခဲ့ရပါသည်။
ဤ ဈေးတွင် သန့်ရှင်းရေး လုပ်သူများနှင့် သားငါး ခုတ်ကြသူ များမှာ ကွမ်း ဝါးထားသည်ကို ကြည့်ခြင်း အားဖြင့် မြန်မာ လူမျိုးများ ဖြစ်ကြောင်း သိသာစေပါသည်။ ကုန်စိမ်းရောင်းသူ အများစုမှာ မြန်မာများ ဖြစ်ကြပါသည်။
(ခိုးရိုက်လာသော ငါးဈေး...)
သို့သော် မုတ်ဆိတ်များနှင့် မြန်မာများ ဖြစ်ကြသောကြောင့် ကျွန်တော့အထင် ( ရခိုင်ဘက်ရှိ ရိုဟင်ဂျာ ) များဟုထင်ပါသည်။ကျွန်တော့ အထင်သာ ဖြစ်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော်က မြန်မာ စကားသွားပြောသော်လည်း ဟက်ဟက်ပက်ပက်မရှိ ။ နှစ်လိုဟန် မပြကြပါ။ ရှိစေတော့။
ကျွန်တော် ထိုဈေးအား သဘောကျသည်မှာ ကျွန်တော်တို့ ကချင်တိုင်းရင်းသားများစားသော တောအရွက် တောင်အရွက်များ ထိုဈေးတွင် အားလုံးနီးပါး ရနိုင်သော ကြောင့် ဖြစ်ပါသည်။ ကျွန်တော် သတိထားမိသော အရာတခုမှာ မလေးလူမျိုးများသည် အေးခဲသားငါးနှင့် အသားတု / အသားလုံး / အသားပြား များ အတော်လေးစားကြပါသည်။
အကယ်၍ လူပျိုကြီး က " ကိုဟင် မလေးရှား မိန်းခလေး တွေ ချောသလား " ဟုမေးလာလျင် ကျွန်တော့ အဖြေမှာ ရှမ်းကြိုက်လျင် နွားချောသည်ဟုသာ ဖြေပါမည်။ မလေးရှား မိန်းခလေးများမှာ ဘောင်ဘီရှည် / အင်္ကျီရှည် / ခေါင်း ဆောင်း အုပ်ထားသဖြင့် မျက်နှာသာ မြင်ရပါသည်။ ကိုယ်ခန္ဓာ အချိုးအစားအား ခန့်မှန်းရမလွယ်ပါ။
(ပုဆိန်ငါးလက် ဘရန်ဒီနှင့် မြည်းရန် ငါးကြော်)
ယခုနောက်ပိုင်း Covid ကြောင့် အချိန်ပြည့် Mask တပ်ထားရသဖြင့် မျက်လုံးများသာ မြင်ရပါသည်။ ထို့ကြောင့် ထို နင်ဂျာ မျက်လုံးများကြည့်၍ ဤသူကတော့ ချောသည် ဤသူကတော့ မချောပါဟူ၍ ကျွန်တော် မခန့်မှန်းတတ်ပါ။ ကိုဒွန် ကိုယ်တိုင်သာ မလေးရှားသို့ သွား၍ အကဲခတ်ပါလေ။
ကျွန်တော့ တယောက်တည်း အမြင်ဖြင့် ပြောရလျင် မလေးရှား လူမျိုးများသည် စားအုန်ဆီပေါ သောကြောင့် သား ငါး ကြော် / ကြက်ကြော် / အသားတုကြော် စသည်ဖြင့် အကြော်အလှော်များ အတော်လေးစားကြပါသည်။ ထို့အပြင် မလေးရှား အစားအစာမှာ အများအားဖြင့် အုန်းနို့ / အုန်းရည် / နွားနို့ စသည်ဖြင့် ချက်ထားသော ဟင်းအမယ် များလှပါသည်။
ဆိုတော့ အတော်လေး အဆီအစိမ့် စားကြသည်ဟု ဆိုနိုင်ပါသည်။ အများအားဖြင့် မလေးရှား သက်ကြီးပိုင်းများသည် ဝဝ ဖိုင့် ဖိုင့် လူများ ဖြစ်ကြပါသည်။ ထို့အပြင် အချိုလည်း အလွန်ကြိုက်ကြပါသည်။ ကိုကာကိုလာ 1.5 litre တဘူးအား တယောက်တည်း သောက်နိုင်ကြသူများ ဖြစ်ပါသည်။
(အလှပန်းပင်များ ရောင်းသောဆိုင်)
အရှေ့တောင်အာရှ နိုင်ငံများတွင် ဗီယက်နမ် သူများကတော့ လှပသည်ဘက် ချောမောသည့် ဘက်တွင် ထိပ်ဆုံးတွင် ရှိပါသည်။ ထို့နောက် အင်ဒိုနီးရှားသူများ / ဖိလစ်ပိုင်သူများကလည်း ချောကြပါသည်။ သို့သော် Social ကျလွန်းပါသည်။ ထိုင်း ပျိုဖြူများကတော့ လှပကြပါသည် သို့သော် မြန်မာတို့၏ Standard ဖြစ်သည့် ဟီရိဩတ္တပ္ပ အမြင်ဖြင့်ကြည့်လျင် အတော်လေး ခွဲခြားရမည်ဖြစ်ပါသည်။ ဤသည်က အစစ်မလော ... သို့မဟုတ် ဖြတ်ဖေါက်ချုပ် လောဟူ၍ ။
မြန်မာတို့၏ အလှကတော့ စံတင်ထိုက်ပါသည်။ အချို့သော ကော့ကော်ကံကား များအား မဆိုလိုပါ။ ကျွန်တော်ကလည်း မြန်မာ လူမျိုးဆိုတော့ မြန်မာ အမျိုးသမီးများ ပိုလှသည်ဟု သာဆိုချင်ပါသည်။ ရှိစေတော့။ မလေးရှား အကြောင်း သို့ ဆက်ကြပါအုံးစို့။
မလေးရှားတွင် ခွေးလေ ခွေးလွှင့်များ မရှိသော်လည်း ကြောင် အလေအလွှင့်ကတော့ အလွန်ပေါပါသည်။ နေရာတိုင်တွင် တွေ့ရပါသည်။ လမ်းထောင့်များတွင်လည်း တွေ့ရသလို တိုက်အောက်ထပ်များတွင်လည်း တွေ့ရပါသည်။ ရန်သူ ဖြစ်သော ခွေးတို့ မရှိ၍ ကြောင်များ ဘေးမရှိပဲ ပွားများနေကြဟန် ရှိပါသည်။
(ပျော်ပျော်ပါးပါး ကြောင်များဘဝ)
သို့သော် လမ်းဘေးကြောင်ဟူ၍ အထင်မသေးပါနှင့်။ နေ့စဉ် ကြောင်စာ လိုက်ကျွေးသူတို့ သီးသန့် ရှိပါသည်။ မြန်မာတို့ လမ်းဘေးခွေးအား ခွေးစာ ကျွေး၍ ကုသိုလ် ယူသကဲ့သို့ မလေးရှားများကလည်း ကြောင်စာ ကျွေး၍ ကုသိုလ် ယူကြဟန် တူပါသည်။
ဆက်လက်ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
24/09/2022 - Saturday - 18;31 Pm