မင်္ဂလာပါ။ မပြီးဆုံးသေးသော မလေးရှားသွားသည့် အကြောင်း ဆက်ပါအုံးမည်။ အချို့က ခရီးသွားကြရာတွင် ဈေးဝယ်ခြင်းကို တကူးတက ပြုလုပ်ကြပါသည်။ ဆိုလိုသည်မှာ ရောက်သည့် နေရာ Shopping Mall ကြီးများသို့ ဝင်ကာ ဈေးဝယ်ကြခြင်းကို ဆိုလိုပါသည်။
ကျွန်တော့ အနေဖြင့်တော့ ဈေး ဝယ်ခြင်းထက် ဈေးပတ်ကြည့်ရသည်ကို ပို၍ စိတ်ဝင်စားပါသည်။ Shopping mall တို့အား ရောက်ဘူးသည် ဆိုရုံမျှသာ သွားကြည့်၍ ထွေထွေထူးထူး စိတ်ဝင်စားမှု မရှိလှပါ။ အများအားဖြင့် Shopping Mall အားလုံးနီးပါး အတူတူသာ ဖြစ်ပါသည်။
Branded အဝတ်အစား အသုံးအဆောင်များရမည် / အစားအသောက် / အားကစား / လျပ်စစ်ပစ္စည်း / အိမ်သုံးပစ္စည်း စသည်ဖြင့် ။ ဤ Shopping Mall နှင့် နောက် Shopping mall အတူတူသာ ဖြစ်ပါသည်။ မလေးရှား၏ Trade Mark ဖြစ်သော Twin Tower သည်လည်း Shopping Mall ကြီးတခု ဖြစ်ပါသည်။
Twin Tower ( Petronas Tower ) သို့ သွားကြသည်မှာလည်း ကျွန်တော်တို့ကဲ့သို့သော သူများက ဓါတ်ပုံ ရိုက်ရန်သာ အဓိကသွားကြပါသည်။ ဓါတ်ပုံရိုက် ပြီးလျင် ပြီးပြီ။ နောက်တနေရာသွား နောက်ထပ် ဓါတ်ပုံရိုက်။ Twin Tower မှ အထွက် Grab taxi ငှားသော နေရာတွင် ဈေးဝယ်ထွက်လာသော အမျိုးသမီး တယောက်အား သတိထားမိပါသည်။
လက် နှစ်ဖက်စလုံး ဈေးဝယ်ထားသည့် အိတ်များ ( ပစ္စည်းထည့်သည် ကတ္တူ အိတ်များ ) အပြည့်ကိုင်ထားသလို သူ့နောက်မှ လိုက်လာသော ယောက်ျား လော / ကောင်လေး လောမသိ ၊ ထိုသူလည်း လက်နှစ်ဖက်လုံး အိတ်အပြည့် ဆွဲလာခဲ့ပါသည်။ အခြားသူငှာအား ဓါတ်ပုံ ရိုက်ရန် မသင့်သောကြောင့် သာ ဓါတ်ပုံ မရိုက်ခဲ့ခြင်း ဖြစ်ပါသည်။
ပိုက်ဆံရှိသူများကြတော့လည်း ဝယ်လိုက်စမ်း ဆိုသည်မှာ။ အမျိုးသမီး အလှပြင်ပစ္စည်းများ ရောင်းသည့် MAC အရောင်းခန်းတွင်လည်း လူအပြည့် / LV ( Louis Vuitton ) အိတ် အရောင်းပြခန်း တွင်လည်း ဝယ်သူများက မနည်းမနော။ ကိုယ်တိုင် မဝယ်နိုင် သော်လည်း ဈေးနှုန်းတော့ ကြည့်ခွင့် ရှိသည် ဆိုသည့် အတိုင်း ဈေးနှုန်းများ ဝင်ကြည့်လာခဲ့ပါသည်။ ဓါတ်ပုံ ရိုက်ခွင့်မရှိ၍ ဓါတ်ပုံ မရိုက်ခဲ့ရပါ။
ကွာလာလမ်ပူ တွင် နောက်ထပ် ဈေးဝယ်ထွက်ကြသော နေရာ တနေရာ ရှိပါသေးသည်။ KL Sentral ဟူသော နေရာ ဖြစ်ပါသည်။ ဤ KL Sentral သည် ဘူတာရုံ ဖြစ်ပါသည်။ ကွာလာလမ်ပူ မြို့ပတ်ရထားများ / ကွာလာလမ်ပူ မှ အခြားသော မြို့သို့ သွားသော ရထားများ အားလုံ ဆုံရာ နေရာ ဖြစ်ပါသည်။ ပြောရလျင် မြို့ပြဘူတာကြီး ဖြစ်ပါသည်။
မြေအောက်ဘူတာကြီး ဖြစ်ကာ အပေါ်ထပ်တွင်တော့ လက်မှတ် အရောင်းဌာနများ ရှိကာ ၂ လွှာမှ ၅ လွှာ ခန့်အထိ တော့ Shopping Mall ဖြစ်ကာ ထို အထက်ဘက်တွင်တော့ Sentral Hotel ဟု ထင်ပါသည်။ ဘူတာ / ဟော်တယ် / ဈေးဝယ်စင်တာ / စားသောက်ဆိုင် တနေရာတည်း ဆုံနေသော နေရာ ဖြစ်ပါသည်။
ကျွန်တော်အမှတ်မမှားလျင် ရန်ကုန် ဘူတာကြီးအားလည်း ဤသို့ ဘူတာကြီး / ဟော်တယ် / Shopping mall / စားသောက်ဆိုင် များ ဖြင့် အထပ်မြှင့် အဆောက်အဦး ဆောက်နေသည်မှာ တိုးလို့တန်းလန်း နှင့် ဖြစ်ပါသည်။ ၂ နှစ်ဟူသော အချိန်သာ အကျိုးရှိရှိ ကုန်ဆုံးခဲ့ရလျင် ယခုအချိန် မြန်မာ့ မီးရထားလမ်းသည်လည်း အတော်လေး တိုးတက်နေမည်ဟု ထင်ပါသည်။
ကျွန်တော့ အနေဖြင့် ကွာလာလမ်ပူ မြို့လယ်ကောင်သို့ သွားတိုင်း သတိထားမိသည်မှာ ခုံးကျော်တံတားများ ဖြစ်ပါသည်။ ကျွန်တော်တို့ ရန်ကုန်တွင် လှည်းတန်း ခုံးကျော်တံတား / ရှစ်မိုင် ခုံးကျော် တံတား / ရွှေဂုံတိုင် ခုံးကျော်တံတား စသည်ဖြင့်ရှိရာ ထိုခုံးကျော်တံတားတို့မှာ မြေပြင်ရှိ လမ်းဆုံတို့အား ကွေ့ရှောင်သွားရန် ဆောက်ထားခြင်း ဖြစ်ပါသည်။
ကွာလာလမ်ပူရှိ ခုံးကျော်တံတားတို့မှာ ၂ ထပ် ၃ ထပ်ဖြင့် ပင့်ကူ ကွန်ရက် ပမာဖြစ်ပါသည်။ ဤသည်မှာ ရှိပြီးသား ခုံကျော်တံတား များဖြစ်၍ ဆောက်လက်စ ခုံးကျော်တံတားများ အများအပြားရှိနေပါသေးသည်။ ခုံးကျော် တံတားများ သာမဟုတ် ဆောက်လက်စ အထပ်မြင့် အဆောက်အဦး အများအပြားလည်း တွေ့မြင်ခဲ့ရပါသည်။
ကျွန်တော် စပ်စုကြည့်သလောက် ကျွန်တော်တို့ နေထိုင်သော Condo Apartment တခု သည် မလေးရှား ရင်းဂစ် ၂ သိန်း ခန့်ရှိပါသည်။ နေရာ ဒေသအလိုက် ဈေးနှုန်းကွာသွားမည်ထင်ပါသည်။ အဘယ့်ကြောင့် ကျွန်တော် ဤ Condo ဈေးနှုန်း သိနေရသနည်း ဆိုသော် ကျွန်တော်တို့ နေသော ရပ်ကွက် မှ နာရီဝက်ခန့် ကားမောင်းသွားရသော Puchong ဟူသော ရပ်ကွက်တွင် ဆောက်ပြီး လက်စ Condo အား အရောင်းမြှင့်တင်ထားသည့် ဆိုင်းဘုတ် ချိတ်ထားသည်ကို တွေ့လိုက်၍ ဖြစ်ပါသည်။
မလေးရှား ရင်းဂစ် ၂ သိန်းဆိုသည်မှာ မြန်မာငွေဈေး ( လက်ရှိ ကျပ် ၆၀၀ ) ဖြင့် တွက်လျင် သိန်း ၁၂၀၀ ခန့်သာ ရှိပါသည်။ Hive ဈေး $100 ခန့် ဖြစ်လာလျင်တော့ ကျွန်တော်တို့လည်း မလေးရှားတွင် Condo ဝယ်နိုင်မည်ဟု ထင်ပါသည်။
ဆက်လက်ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )
25/09/2022 - Sunday - 18;32 Pm