မင်္ဂလာပါ။ ကျွန်တော်၏ စင်္ကပူ အတွေ့အကြုံများအား ထပ်မံဖေါ်ပြပေးလိုက်ပါသည်။ ဟိုယခင် တုန်းကတော့ ဒုက္ခ ရောက်သည်လို့ပဲပြောမလား ၊ အခက်အခဲ တွေ့ခဲ့သည် ဟုပဲ ဆိုရမည်လား မသိ။ ထို ဒုက္ခများ အား ဖြတ်ကျော်ခဲ့သည့် အချိန်များ အား ယခုပြန်စဉ်းစား ကြည့်မိတော့လည်း ကြည်နူးစရာ။
ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၃ )( Henry Aung )
မိမိတို့ နေရသော အလုပ်သမားဆောင်မှာ သဘောၤကျင်း ပေါင်းစုံ ကုမ္ပဏီပေါင်း စုံ မှ အလုပ်သမား နေသောနေရာ ဖြစ်၍ မရှိဘူးဆိုလျင် အနည်း ဆုံး အလုပ်သမား ၁၀၀၀ ခန့်နေနိုင်သော အဆောင်များဖြစ်ပါသည်။ ၆ မီတာ ပတ်လည်ခန့် ရှိသော အခန်း တခန်းတွင် နှစ်ထပ် ကုတင် ၆ လုံး ထည့် လျင် အလယ် တွင် အတော်အတန်ကျယ်သော နေရာလွတ်ရှိပါသေးသည်။
ထို အဆောင်တွင် မြန်မာ, တရုတ်, အိန္ဒိယ ကုလား , ဘင်္ဂလား ကုလား နှင့် ထိုင်း လူမျိုး အနည်း ငယ်ခန့် ရှိပါသည်။ မြန်မာများအတွက် သီးသန့် ကုလားများအတွက် သီးသန့် အဆောင်ဖြစ်ပါသည်။ အဆောင်နာမည်မှာ GreenField Dormitory ဖြစ်ပါသည်။ အဆောင်ရောက်တော့ အဆောင်မှ တာဝန်ရှိသူများက မိမိတို့အား အခန်း နေရာချထားပေးပါသည်။
သူတို့ စီစဉ်ထားသည့် အတိုင်းသာ နေရပါသည်။ နောက်ပိုင်းတော့ မိမိ ကြိုက်သည့် အခန်း မိမိတို့ နေနိုင်ကြပါသည်။ ၁၀ ယောက်လျင် တခန်း ပေးပါသည်။ မိမိမှာ ကယား လူမျိုး ကိုဘီ , မွန်လေး ,အခြားသူများ ( နာမည်ပြောင်များသာခေါ်ကြသဖြင့် နာမည်မှန်တို့အား မသိတော့ပါ) နှင့်အတူ နေရပါသည်။ အဆောင်မှ တာဝန်ရှိသူများက ထမင်းစားရန် ပုံစံ ပန်းကန် , ဟင်ချိုထည့် ရန် မတ်ခွက်တလုံး ဇွန်းနှင့် ခရင်း တစုံ မွေ့ယာနှင့် ခေါင်းအုံးများလည်း ထုတ်ပေးပါသည်။
အဆောင်တွင် ထမင်းချက်စားခွင့် မရှိပါ , အဆောင်မှ ချက်သော အဆောင်ထမင်းဟင်းက်ု နေ့စဉ် ကူပွန်ဖြင့် ထုတ်ယူစားရပါသည်။ ကူပွန်ကို လစဉ် လကုန်ရက်မတိုင်မီ တလစာ ထုတ်ပေးပါသည်။ တလစာ ကူပွန် တစောင်လျင် ဒေါ်လာ ၁၀၀ ဖြစ်ပါသည်။ အစားအသောက်ကတော့ ကောင်းကောင်းစားရပါသည်။
တနေ့လျင် breakfast ထမင်းကြော် ကြက်ဥ ကြော်နှင့် မဟုတ်လျင် ကြာဇံကြော် သို့မဟုတ် ခေါက်ဆွဲကြော် ။ တခါတရံ ပေါင်မုန့် ကော်ဖီ။ နေ့လည်စာကတော့ အထုပ်နှင့်တခါတည်း ထုပ်ထားပါသည်။ အသားဟင်း တထုပ် , ဟင်းချို တထုပ် , ထမင်း ကို ဖယောင်းသုတ်ထားသောစက္ကူဖြင့် ထုပ်ထားပါသည်။ ညနေစာကတော့ အဆောင်ရှိ ထမင်းစားဆောင်တွင် ကူပွန်ဖြင့် စားရပါသည်။
ထမင်းကို ကြိုက်သလောက်ထည့် , ဟင်းချို ပဲဟင်း ကြိုက်သ လောက်ထည့် , အသားဟင်း ကြက်, ဝက်မဟုတ်လျင် ငါး တနေ့တမျိုးကျွှေးပါသည်။ အမဲသား မကျွေးပါ။ မြန်မာ အများစု မစားကြ၍ ဖြစ်သည်။ တခါတရံ သိုးသားဟင်း ကျွေးပါသည်။ ပြီတော့ အရံဟင်း ခရမ်းချဉ်သီး ငပိချက် ပါပါသည်။လူအများကို ချက်ကျွှေးသော ထမင်းဟင်းဖြစ်၍ ဖြစ်ကတက်ဆန်း ချက်ကျွှေး၍ မရပါ။
မီးဖို ဆောင် မသန့်ရှင်း၍ ဖြစ်စေ အချက်အပြုတ် အသားငါး မသန့် ရှင်း၍ ဖြစ်စေ အလုပ်သမားများ food poisoning ဖြစ်ပါက ထို အဆောင်ပိုင်ရှင်အား စင်္ကပူ အစိုးရမှ လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူ ပါသည်။ ထို့ ကြောင့် အစားအသောက် ကောင်းကောင်း မွန်မွန်ချက် ကျွှေးပါသည်။ စရောက်သည့် နေကတော့ ညနေ ပိုင်း ရောက်နေပြီ ဖြစ် သဖြင့် Driver မှ ဆေးစစ်ရန် နောက်တနေ့ မနက်မှ လာခေါ်မည်ဟူ၍ မှာထားပြီး ပြန်သွားပါသည်။
ကျွန်တော်တို့လည်း နေရာယူ , အထုပ်အပိုးများ ချထားပြင်ဆင်ကြပါသည်။ ထို စင်္ကပူ ရောက်၍ အဆောင်တွင် ပထမဦး ဆုံး အိပ်ရသောညမှာ မမှတ် မိနိုင်စရာ အကြောင်း မရှိပါ။ အကြောင်းမှာ မည်သူမျှ အိပ်မရသောကြောင့် ဖြစ်ပါသည်။
ကျွန်တော်တို့ အိပ်ရသည်မှာ သံကုတင် နှစ်ထပ်ဖြစ်ပါသည်။ ထို သံကုတင် ပေါ်တွင် သုံးထပ်သားပြား ... တော်တော်ထူပါသည် , ခြောက်ထပ်သားပြား ကို တင်ထားပါသည်။ ထို ခြောက်ထပ်သားပြားပေါ်တွင် မွေ့ရာတင်ပြီး အိပ်ရခြင်း ဖြစ်ပါသည်။ ထိုညက ညနေစာ ထမင်း စောစောစားပြီး နောက် အခန်းထဲတွင် ရှေ့ရေး အတွက် ရောက်တက်ရာရာများပြောကြပြီးနောက် စောစော အိပ်ယာဝင်ခဲ့ ကြပါသည်။
အိပ်မပျော် တပျော်ရှိသော အချိန်တွင် တယောက်က မီးထဖွင့်၍ ကိုယ်ခံန္ဓာများယားလာသည်ဟု ပြောပါသည်။ ထို့ နောက်မွေ့ယာလှန်၍ အော်ပါလေတော့ သည်။ " ဟာ ကြမ်းပိုးတွေ ကြမ်းပိုး တွေ" သူ အော်လိုက်သံကြောင့် အားလုံး နိုးလာပါတော့ သည်။ နိုးလာပြီ နောက် အားလုံး မွေ့ယာလှန်လှော်ပြီး ခြောက်ထပ်သားပြားကို တမံတလင်း ပေါ်သို့ ချ၍ ကြည့် သော အခါ ကြမ်းပိုး များမှာ မြင်၍ ပင်မကောင်းပါ။
ကြမ်းပိုး ဥဖြူဖြူ လေးများကလည်း အစုလိုက်။ ပွစိတက်နေ တော့သည်။ ထိုအခါ မနေသာတော့ပဲ အဆောင်အပြင်ဘက် တွင် ၂၄ နာရီ ဖွင့် သော စတိုးဆိုင်ကလေးရှိပါသည်, ထို ဆိုင်မှ ပိုးသတ်ဆေး၂ ဘူးသွားဝယ်ပြီး ကြမ်ပိုးရှင်းကြပါတော့သည်။ ကြမ်းပိုးများရှင်းနေတုန်း ရယ်စရာကလည်းပါလာသေးသည်။ အသေးလေးဟု ခေါ်သော ကရင်လေးမှာ " ကျွန်တော့မှာ ဖယောင်းတိုင် တိုင်ကြီး နှစ်ထုပ်ပါတယ်, ခြောက်ထပ်သားအနား တွေမှာ ပေါက်နေတဲ့ နေရာတွေကို ဖယောင်းစက်ချပြီး ပိတ်လိုက်ရင် အဆင်ပြေမယ် " ဟု ပြောသောကြောင့် ဖယောင်းတိုင် ထွန်း၍ ခြောက်ထပ်သားပြား အနားများကို ဖယောင်းစက်ချကြပါသည်။
ဤတွင် ကျွန်တော်ကသတိထားမိ၍ ကရင်လေးအား အဘယ်ကြောင့် ဖယောင်းတိုင်ထုပ်တွေ စင်္ကပူ ယူလာကြောင်း မေးသောအခါ သူ့ အဖြေကြောင့် ဝိုင်းရယ် ကြပါသေးသည်။ သူ့ူအဖြေမှာ "စင်္ကပူမှာ လည်း မီးပျက်မယ် ထင်လို့ ညရေးညတာ အတွက် ယူလာတာ" တဲ့။ ထိုညတော့ ဘယ်သူမှ ကောင်းကောင်းမအိပ်ရပါ။ ကြမ်းပးို ရှိကြောင်း သိနေပြီဖြစ်၍ ဟိုနားယားလာလိုက် ဒီနားယာလာလိုက် အိပ်တဝက် နိုးတဝက်ဖြင့် မိုးလင်ရပါတော့သည်။
ဤတွင် ကြုံ၍ ကျွန်တော်တို့ မြန်မာများ၏ ချစ်စရာကောင်းသော ဓလေ့ကို ဖေါ်ပြချင်ပါသည်။ ကျွန်တော့ အခန်းထဲတွင် အထက်မြင်းခြံ ပခုက္ကူ ဘက်မှ အညာသား ၄ ယောက်ခန့်ပါ ပါသည်။
သူတို့ အားလုံးတွင် သူတို့ မိခင်၏ ထဘီ တထည် စီပါလာ၍ မိမိတို့ မိခင်၏ ထဘီကို ခေါင်းအုံးအောက်တွင်ထား၍ အိပ်ကြပါသည်။ မိဘတို့ ၏ မေတ္တာ အထူးသဖြင့် မိခင် မေတ္တာ အောက်တွင် ရှိနေခြင်းက အန္တရာယ်ကင်း၍ လုံခြုံမှုရှိသည် , တနည်းအားဖြင့် မိခင် မေတ္တာကို သိ တတ်သော ထို အမူအကျင့်မှာ အလွန်ပင် လေးစားစရာကောင်းသော အမှုအကျင့်ဖြစ်ပါသည်။
ရန်ကုန်, မန္တလေး မြို့ကြီးသား များ တွင် ထို အပြု အမူကို မတွေ့ရသော်လည်း အထူးသဖြင့် အညာဘက်မှ လူငယ်များ စင်္ကပူ ရောက်လာလျင် အများအားဖြင့် တော့ မိခင်၏ ထဘီသို့ မဟုတ် အင်္ကျီ တထည် တော့ ပါလာမြဲ ဖြစ်ပါသည်။
နောက်တနေ့မနက် စောစောထ ရေမိုးချိုး၍ ကူပွန်ဖြင့် ထမင်း သွားထုတ်ယူထား၍ driver အလာကို စောင့်နေကြပါသည်။ စင်္ကပူတွင်ရှိသော အလုပ် သမားတို့ ၏ ဘဝမှာ မနက်စောစော အလုပ်သွား ညမိုးချုပ်မှ ပြန်လာ , စားသောက် အိပ် ။ နောက်မနက် စောစော အလုပ်သွား ညနေမိုးချုပ် ပြန်လာ စားသောက် အိပ် နောက်မနက်အလုပ်သွား စသည်ဖြင့် လုံးချာလည် လိုက်နေပါတော့သည်။ မနက်အလုပ် သွားချိန်တွင် အဆောင်တခုလုံး ရှုပ်ယျှက်ခတ် နေသော်လည်း မနက် ၈ နာရီလောက်ဆိုလျင် အဆောင်တခုလုံး ဘယ်သူမျှမရှိကြတော့ပါ။
ညနေ ၅ နာရီခန့်မှ အလုပ်သမားများပြန်လာပြီး ဆူညံသံများ ပြန်ကြားလာရပါသည်။ ကျွန်တော်တို့ အား driver လာခေါ်ပြီး ဆေးခန်းတွင် ဆေးစစ်ကြရပါသည်။ ဓါတ်မှန်ရိုက်, သွေး နှင့် ဆီး နမူနာများ ပေးခဲ့၍ ထို နေ့တော့ အဆောင် ပြန်နားနေခိုင်းပါသည်။
Driver မှ ကျွန်တော်တို့အား နောက်တနေ့ မနက်စောစောလာခေါ်မည်ဟူ၍ မှာထားပြီ ကျွန်တော်တို့ အား အဆောင်တွင်ထားခဲ့ပါသည်။ ထို ဒုတိယနေ့တော့ အခန်းသန့်ရှင်းရေးများလုပ်၍ နှစ်ထပ် ခုတင်အားလုံး တို့အား တခုချင်စီဖြုတ်၍ ရေချိုးဆောင်တွင် သွား၍ ရေဆေးပြစ်ပါသည်။
ကုတင် သံပိုက်လုံးများတွင် ကြမ်းပိုး များက အထွေးလိုက်။ မိမိ တို့ ရှေ့တွင် နေသွားသူတို့ မှာ ဤမျှလောက်များသော ကြမ်းပိုး ကုတင်ပေါ်တွင် ဘယ်လို အိပ်ကြသည် ကို စဉ်းစား၍ မရပါ။ နောင်မှ မိမိတို့လည်း သဘော ပေါက် သွားပါသည်။ တနေကုန် သင်္ဘောကျင်း တွင် ပင်ပင်ပန်းပန်း အလုပ်လုပ်ထားသမျှ အိပ်ချိန် ရောက်၍ ခေါ်င်းချလိုက်သည်နှင့် ကြမ်းပိုး မပြောနှင့် ဆင်တက်နင်း လည်း မနိုးနိုင်ပါ။
ညနေပိုင်း ရောက်လျင် အရင်ရောက်နှင့် နေကြသော မြန်မာ များကလည်း အခန်းတို့ လာလည်၍ အားပေးစကားများ ပြောကြပါသည်။ အချင်းချင်း မိတ်ဆက်ကြ စားစရာများ ပေးကမ်းကြ။ သူတို့၏ အားပေးစကားမှာလည်း အားရစရာကောင်းလှပါသည်။
" ညီလေးတို့ စလုံးကို အလုပ်လာလုပ်တာ ဘားမှ စိတ်မပျက်နဲ့ အစပိုင်းမှာ တော့ အခက်အခဲ နည်းနည်း ရှိမယ် နောက်ကျ ရင် အဲဒိထက်ပို ဆိုးမယ် " ဟူလို။
ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၄ )( Henry Aung )
နောက် တနေ့တော့ ကျွန်တော်တို့ ထမင်းထုပ်ကိုယ်စီယူ၍ driver နှင့် သင်တန်းရှိရာသို့ သွားရပါတော့သည်။ ထို အချိန်တုန်းကတော့ စင်္ကပူတွင် General worker ဖြင့် အလုပ်လုပ်သူများ low levy ဟူသော အခြေခံ အလုပ်တခုခု တတ်မြောက်ကြောင်း certificate ယူရပါသည်။ အများအားဖြင့် ဂဟေဆော်သောပညာ Welding certificate ကိုယူကြပါသည်။
သင်ရသည်မှာလည်း လွယ်သလို တတ်မြောက်ရန်လည်း လွယ်ပါသည်။ သင်တန်းကာလမှာ တပတ်သာဖြစ်ပါသည်။ မိမိတို့ ကုမ္ပဏီမှာ Marine Metal Scaffolding ဟု ခေါ်သော သင်္ဘောကျင်းတွင် သံပိုက်လုံးများကို အသုံးပြု၍ ငြမ်းဆင် ပေးရသော ကုမ္ပဏီဖြစ်ပါသည်။
သို့သော် ကျွန်တော်တို့အား ငြမ်း အခြေခံသင်တန်းအစား လွယ်သော welding certificate ကို ယူ၍ တရားဝင် အလုပ်လုပ်ပိုင်ခွင့် work permit ကို လျှောက်ထားနိုင်ရန် အတွက်ဖြစ်ပါသည်။ မိမိတို့ welding သင်တန်း တက်ရသော နေရာမှာ အဆောင်မှ နာရီဝက်ခန့်သာ သွားရသော အဆောက်အဦး ဟောင်း တခု၏ ၆ လွာတွင် ဖွင့်ထားသော သင်တန်းဖြစ်ပါသည်။
သင်တန်းမှာ အလွန်လွတ်လပ်သော သင်တန်းဖြစ်၍ welding ဆော်ရန် အတွက် အသုံးအဆောင်ပစ္စည်းများကို တယောက်တစုံ စီထုတ်ပေးပါသည်။ သာရေလက်အိတ်ရှည် , မျက်နှာကာသော မှန်နှင့် welding rod ခေါ် ဂဟေဆော်သော သံချောင်းများ ကို ကြိုက်သလောက်ယူသုံးခွင့်ရှိပါသည်။
ထိုအဆောက်အဦး၏ အနောက်ဘက်တွင် ပင်လယ်ဒီရေ အတက်အကျရှိသော ချောင်းရိုးလေးတခုရှိပါသည်။ ထူခြားသည်မှာ ထိုချောင်းရိုး မှာ ရွှံ့ နွံများမရှိပဲ သဲကျောက်များဖြင့် ရေလည်း အလွန်ကြည်လင်ပါသည်။ ရောင်စုံငါးကလေးများလည်း ပြေးလွှာလျက်ရှိပါသည်။
ထိုသင်တန်းပထမနေ့မှာပင် အဆင်မပြေမှုနှင့် ကြုံရပါသည်။ ကျွန်တော်တို့ ပထမ အသုတ်တွင် လူအယောက် ၃၀ ရှိသော်လည်း ထိုသင်တန်းကျောင်းသို့ တက်ရောက်ရသူမှာ ၁၀ ရောက်ခန့်သာ ဖြစ်ပါသည်။ အခြားသူများမှာ အခြားသင်တန်း ကျောင်းသို့ တက်ရောက်ကြရပါသည်။ ဆိုခဲ့ ပြီးသည့် အတိုင်း သင်တန်း ပထမဆုံး တက်ရောက်ရသော နေ့မှာပင် သင်တန်းဆရာမှ ပို့ချသော သင်ခန်းစာများကို နားမလည်ပါ။
သင်တန်းဆရာမှာ အန္ဒိယ ကုလားဖြစ်ပါသည်။ သူတို့ ပြောသော singlish မှာ အတော် နားထောင်ရခက်သလို အစပထမတွင် နားလည်ရန်မလွယ်ပါ။ အင်္ဂလိပ် စကား တွင် တရုတ်စကားလုံးများ ပါသလို မလေး စကားများလည်းပါ ပါသည်။ မိမိ မှာ ရန်ကုန်ရောက်ပြီ ၈ တန်းကျောင်းသား ဘဝ ကတည်းကပင် top English , light English, English for all စသော English မင်္ဂဇင်းများ၏ ကျေးဇူးကြောင့် English စကားကို အများတန်းသူ မပြောနိုင်သော်လည်း အတန်အသင့် တော့ နားလည်နိုင်ပါသည်။
ထို English ပညာရေး magazine များ၏ pen friends ကောင်းမှုကြောင့် English စာတိုးတက်လာပုံကို ဆောင်းပါး တပုဒ် သီးသန့်ရေး ပါအုံးမည်။
ဆိုခဲ့သည့် အတိုင်း မိမိတို့မှာ သင်တန်းဆရာ ပြောသာစကားကို နာမလည်ကြသော်လည်း ထိုသင်တန်းဆရာမှာ လက်တွေ့ပြ၍ စိတ်ရှည် လက်ရှည် သင်ပြပေးပါသည်။ ကျွန်တော် စင်္ကပူ တွင် နေလာသော ၁၀ နှစ်ကျော် ကာလတွင် နောက်ထပ်သူကဲ့သို့သော စိတ်ရှည်သော သင်တန်းဆရာအားရှာ မတွေ့ခဲ့ပါ။
ထို အန္ဒိယ ကုလား သင်တန်းဆရာမှာ တယောက်ချင်းစီအား စိတ်ရှည် လက်ရှည်ကို သင်ပြပေးပါသည်။ မိမိတို့မှာ ၆ လက်မ ပတ်လည်ရှိသော သံပြား နှစ်ခုကို welding ဆော်၍ ဆက်ပြရခြင်းဖြစ်ပါသည်။ ဂဟေဆော်သောပညာ welding ဆော်ခြင်းနည်း အမျိုးမျိုး ရှိသည့် အနက် ငါးကြင်းကွက် welding ဆော်နည်း ဖြစ်ပါသည်။
ဤတွင် ကြုံ၍ ကျွန်တော်မှတ်မိသော အဖြစ်အပျက်ကို ဖေါ်ပြချင်ပါသည်။ မိမိ တို့ ထိုသင်တန်းကျောင်းသို့ welding certificate ယူရန် ရောက်လာသူများမှာ မိမိတို့သာမက အခြားသော ကုမ္ပဏီများမှ အလုပ်သမား မြန်မာ နှင့် India ကုလားများလည်း ပါ ဝင်ပါသည်။ အားလုံး စုစု ပေါင်း ၃၀ ကျော်လောက်တော့ ရှိပါသည်။
ထိုပထမနေ့ သင်တန်းတက်သော အချိန်မှာပင် အခြား ကုမ္ပဏီမှ သင်တန်းလာတက်သူ မြန်မာများထဲတွင် အ ခြောက် တယောက် ပါလာပါသည်။ သင်တန်းဆရာမှ သူ့အား welding ဆော်ခိုင်းသောအခါ အော်ကြီး ဟစ်ကြယ် နှင့် ငိုပါတော့သည်။ ကျွန်တော် အခုထိ မှတ်မိပါသေးသည်။
" အမေရေ အမေရေ ... ဒီလောက်ပူတဲ့ ဟာတွေ မကိုင်နိုင်ပါဘူး, သောက်ကျိုးနဲတဲ့ အလုပ်တွေ " ဟူ၍ ပြေးထွက်ပြီး အပြင်တွင်ငိုနေပါသည်။
သူနှင့်အတူ ပါလာသောသူငယ်ချင်းများကလည်း ဝိုင်း၍ ဖျောင်ဖျကြပါသည်။ ကျွန်တော်တို့ အားလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွား၍ အပြင်သို့ ထွက်ကြည့်ပါသည်။ သင်တန်းဆရာမှလည်း မိမိအားလာခေါ်၍ ဘာဖြစ်သည်ကို အကျိုးအကြောင်း မေးပါသည်။ ထိုအချိန်ကတော့ မိမိမှာ English စကား မတောက်တခေါက် ပြောတတ်သူဖြစ်၍ မြန်မာများ အတွက် ဘာသာပြန်သူ အဖြစ် အလို အလျောက် လုပ်ကိုင်နေရပါသည်။
ထိုအချိန်တွင် ထို အခြောက်မှာ ခြောက်လွှာ မှ ခုန်ချရန် ကြိုးစားနေ၍ သူငယ်ချင်းများမှ ဝိုင်းဆွဲ၍ ထိန်းနေကြပါသည်။ သင်တန်းဆရာလည်း မျက်စိမျက်နှာ ပျက်နေပါပြီ။ ထို့နောက် မိမိမှ ထို အခြောက်အား welding certificate မယူလျင်လည်း ရနိုင်ကြောင်း အခြားအလုပ် ပြောင်းလိုက ပြောင်းနိုင်ကြောင်း ရှင်းပြရပါသည်။ ဤတွင် သူ ပြန်၍ပြောသော စကားအတိုင်း ဖေါ်ပြရလျင် " သမီးကို agent က အလှပြင်ဆိုင်မှာ လုပ်ရမယ်ပြောပြီ အခုလို ဓါတ်လိုက်မဲ့ ဟာတွေကိုင်ခိုင်းတာ သမီး တိုက်ပေါ်ကပဲခုန်ချပလိုက်မယ် အဲလို အလုပ်တော့ မလုပ်နိုင်ဘူး" ဟူ၍ နွဲ့တဲ့တဲ့ နှင့် လက်ဟန်ခြေဟန်နှင့် ရှင်းပြပါလေတော့သည်။
ကျွန်တော်ကလည်း စိတ်ထိန်းရန်သာပြောပြီး သင်တန်းဆရာအား ထို အခြောက်၏ ကုမ္ပဏီ ကို ဖုန်းဆက် အကြောင်းကြားရန် ရှင်းပြရပါတော့သည်။ ထို့ နောက် နာရီဝက် အတွင်း ထို အခြောက်၏ company တာဝန်ရှိသူများနှင့် agent ဆိုသူ ရောက်လာ၍ ထို အခြောက်အား ခေါ်ထုတ်သွားပါသည်။အခြောက်ကိုပင်လျင်လိမ်လည်၍ နိုင်ငံခြားသို့ ပို့သော ထို agency မျိုးကို မိမိ မအံ့သြပါ။ နောက်ပိုင်းတွင် ထိုကဲ့ သို့ အလိမ်ခံရသော သူများ အများအပြားပင်ရှိပါသည်။
ထို့ နောက်တွင်တော့ မိမိတို့လည်း စင်္ကပူ တွင် အလုပ်လုပ်နိုင်ဖို့ ရန်ဂဟေဆော်သောပညာ ဖြစ်သည့် welding ပညာကိုကြိုးစား၍ သင်ရပါသည်။ သင်တန်းကာလ၌ သင်တန်း ကြိုးစားတက်နေသော်လည်း ကျွန်နော့ စိတ်ထဲတွင် သင်တန်းကျောင်း နောက်ဖေးတွင်ရှိသော ချောင်းတွင် ရေကူး နိုင်ရန်သာ စိတ်စောလျက်ရှိပါသည်။
စင်္ကပူတွင် အများပြည်သူ ရေကူးရန် သတ်မှတ်ထားသော ရေကူးကန်များရှိသည်ကို ထို အချိန်က ကျွန်နော် မသိရိုးအမှန်ပါ။ဤတွင် မိမိခံစားချက်ကို ဖေါ်ပြရန် လိုလာပါသည်။ ကျွန်နော်သည် ငယ်စဉ်ကစပြီး ဧရာဝတီမြစ်နှင့် ကြီးပြင်းလာခဲ့ သည့် အလျောက် ကျွန်တော်ရန်ကုန်သို့ ရောက်ပြီးနောက်ပိုင်းတွင် ရေကူးဖို့ အခွင့်အရေး တခါမှမရခဲ့ပါ။ စင်္ကပူသို့ရောက်ပြီး ထိုရေပြင်ကို မြင်သောအခါ ကျွန်တော့ စိတ်ထဲတွင် မရိုးမရွ နှင့် ဖြစ်လာပါသည်။
ရေကူးချင်သောစိတ်မှာ ထိန်းမရ.. သူငယ်ချင်းများအား အဖေါ်စပ်သော်လည်း ကူးဝံ့သူ တယောက်မျှမရှိပါ။ တတိယမြောက်နေ့တွင် ကျွန်တော် အဝတ်အစား တစုံ ပိုယူလာပြီး ထမင်းစားချိန်တွင် ထမင်းစောစောစားပြီး ကျွန်တော် ရေဆင်းကူးရန်ပြင်ဆင်ပါတော့သည်။ ကျွန်တော် အဝတ်အစားချွတ်ပြီး ရေထဲသို့ ဆင်းရန် ပြင်နေစဉ်မှာပင် သင်တန်းဆရာမှာ မောကြီးပန်းကြီးနှင့် ရောက်လာပြီး, ဤနေရာတွင် ရေမကူးရန်နှင့် စင်္ကပူ နေရာတိုင်းတွင် ရေကူးရန် ခွင့်မပြုထားကြောင်းနှင့် အထူးသဖြင့် ဤသို့ ရေချို ရေငန် စပ်သောနေရာတွင် မိချောင်းများရှိသဖြင့် ရေကူးရန် မသင့် ကြောင်း , အခြားသောအစိုးရ အရာရှိများသိလျင် မိမိတို့ ကုမ္ပဏီမှ ဒါဏ်ကြေး ပေးဆောင်ရနိုင်ကြောင်း ရှင်းပြပါသည်။
ကျွန်နော်လည်း Yes တခွန်းပြော၍ ထိုနေ့အဖို့တော့ကြည်လင်နေသာရေပြင်အားကြည့်၍ကျေနပ်ခဲ့ရပါသည်။ နောက်တနေ့တွင်တော့ ထို ရေဆိပ်ကလေးအား သံဆူးကြိုးကာလိုက်ပါတော့သည်။
ကျွန်တော်တို့ welding သင်တန်း ၃ ရက် မြောက် ညနေတွင် ဝမ်းနည်းစရာ အဖြစ်နှင့် ကြုံရပါသည်။ အကြောင်းမှာ ကျွန်တော်တို့ အဖွဲ့ထဲမှ နှစ်ယောက် ဆေး မအောင်၍ မြန်မာပြည်သို့ ပြန်ရမည် ဖြစ်သောကြောင့် ဖြစ်သည်။ တယောက်မှာ အသည်းရောင်အသားဝါ (C) ပိုး တွေ့၍ အခြားတယောက်မှာ gonorrhea ဟုခေါ်သော ကာလသားရောဂါပိုးတွေ့၍ ဖြစ်ပါသည်။
(C) ပိုး တွေ့သောတယောက်မှာ စင်္ကပူ နိုင်ငံသို့ မလာခင် မလေးရှားနိုင်ငံရှိ အသားများထားသို သော အအေးခန်းတွင် ၂ နှစ်ခန့် အလုပ်လုပ်ဘူးကြောင်း ပြောပြ၍ နောက်တယောက်မှာ စင်္ကပူ မလာခင် တပတ်အလိုတွင် သူငယ်ချင်း များဖြင့် သောက်စား၍ ပြည့်တန်ဆာများဖြင့် ပျော်ပါးခဲ့ကြောင်း ဝန်ခံပါသည်။ ကျွန်တော်တို့လည်း ကူညီရန် မည်သို့ မျှ မတတ်နိုင်သဖြင့် မြန်မာပြည် ရောက်လျင် agent ဖြင့်ညှိ၍ agent fee ပြန်ထုတ်ယူကြရန်သာ အားပေးစကားပြောနိုင်ခဲ့ပါသည်။ ဘယ်သူမပြုမိမိမှု့သာ။
ကျွန်တော်တို့ အားလုံးလည်း တပတ်ပြည့်သောအခါ ထို welding certificate ကိုရရှိခဲ့ကြပါသည်။ စင်္ကပူ နိုင်ငံတွင် ပထမဦးဆုံး အောင်မြင်သော စာမေးပွဲဖြစ်သဖြင့် လူတိုင်း အလွန်ဝမ်းသာကြပါသည်။
ဆက်လက် ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )