မင်္ဂလာပါ။ ကျွန်တော်တို့ Hive တွင် post တင်ကြရာတွင် post တခုလျင် 1$ မရသည်မှာ အတော်ကြာသွားပြီ ဖြစ်ပါသည်။ ပြောရမည်ဆိုလျင် ကျပ်မပြည့် သည်မှာ အတော်ကြာပြီ ဖြစ်ပါသည်။ မည်သို့ပင် ဆို စေ တပြား ရရ နှစ်ပြားရရ ရလျင် ရသလောက် ယူထားရမည်မို့.... ထုံစံအတိုင်း ကျွန်တော်ပြောသော စင်္ကပူအား ဆက်လိုက်ကြပါအုံးစို့။
ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၉ )( Henry Aung )
ဆိုခဲ့ပြီးသည့် အတိုင်း ထို ညီလေး အောင်အောင်မှာ သူ၏ သူငယ်ချင်းများမိတ်ဆက်ပေး၍ သိကျွမ်းရခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ နေသော အဆောင် ဘေးတွင် အတော်အတန် နက်သော တော အုပ်ကြီးရှိပါသည်။ ထိုတောအုပ်မှာ ဒုစရိုက် ပေါင်းစုံ တို့ စုဝေးရာ အရပ်ကြီး လည်း ဖြစ်ပါသည်။
မူးယစ်ဆေး၊ ပြည့် တန်ဆာ မှ အစ ခွေးသား၊ ကြောင်သားများလည်း ရနိုင်ပါသည်။ အများအားဖြင့် ယိုးဒယား လူမျိုးများသာ ဤအလုပ်မျိုးလုပ်ကြပါသည်။ ကျွန်တော်တို့ နေသော အဆောင်များမှ လူနေအိမ်များနှင့် အတော်လှမ်းသော နေရာတွင် ဆောက်ထားခြင်း ဖြစ်ပြီး တောအုပ်ကြီးကပါ ကြားခံနေသဖြင့် ထိုအချိန်က အနည်းငယ် အနက်ရောင် သန်း သော နေရာဖြစ်ပါသည်။ ပြသနာဖြစ်၍ ရဲကားများ ရောက်လာလျင်ပင် အနည်း ဆုံး ရဲကား ၅စီးခန့် ဖြင့် ရောက်လာတတ်ကြပါသည်။
လစာထုတ်သည့် ရက်များတွင် ထိုတောအုပ်မှာ ပွဲဈေးတန်း အသေးလေးတခုပမာ စည်ကားနေတတ်သည်။ ပြောပြလျင်ယုံနိုင်စရာပင်မရှိပါ။ ယိုဒယားလူ မျိုးတို့ အုပ်စုလိုက်ဝိုင်းဖွဲ့ပြီး ခွေးများ ကြောင်များကို မီးကင်စားကြပါသည်။ မလှမ်းမကမ်းတွင် တာလပတ်များဖြင့် အခန်းဖွဲ့ထားသော အခန်းငယ် ၁၀ ခုခန့်ရှိပြီး ယိုးဒယား ပြည့် တန်ဆာများက တောအုပ်အတွင်းသို့ အလည်လာကြသော ပုရိသများအား မြူစွယ်ကြပါသည်။
တခါတရံ ရောက်ရှိလာသော ပြည့်တန်ဆာများ နည်း၍ ဖေါက်သည်များသောကြောင့် တန်စီ စောင့် နေကြသူများကိုလည်း ကြုံတွေ့ဖူးပါသည်။ မိမိတို့ကတော့ ယိုဒယား သင်္ဘောသီးထောင်း ၊ မြစ်သုပ်၊ နောက်ထပ် နာမည် မဖေါ်ပြတတ်သော ယိုးဒယား အစားအစာများကို ဝယ်စားလို၍ တောအုပ်အတွင်းသို့ ရောက်ရခြင်းသာ။ အမြန်ဝယ်၍ အမြန်ပြန်ထွက် ရပါသည်။ အခန့် မသင့်၍ အဖမ်းအဆီး operation နှင့်တွေလျင် မူးယစ်ဆေးသုံးသည်မသုံးသည် အသာထား ဖမ်းခံရမည်က အရင်ဖြစ်ပါသည်။
ကျွန်တော် ထို အဆောင်တွင်နေစဉ်ကာလတွင် အဖမ်းအဆီး operation ၂ ခါတွေ့ဘူးပါသည်။ တကယ့် ရုပ်ရှင်ကြည့်နေရသကဲ့သို့သာဖြစ်ပါသည်။ ရဲ အင်အား တရာ ကျော်ခန့် တောအုပ်ကို ဝိုင်းထားပြီး ထို တောအုပ်ကို ရဲကားပေါ်မှ မီးမှောင်းထိုးထားကြပါသည်။ SWAT team ဟု ခေါ်သော ကွန်မန်ဒိုများက ဝတ်စုံပြည့် ဖြင့် တောအုပ်ကို ဝင်စီးခြင်းဖြစ်ပါသည်။
ရဲခွေး ၁၀ ကောင်ခန့်လည်းပါ ပါသည်။ ထို အဖမ်းအဆီး operation လုပ်နေကြသည်ကို မိမိ တို့ကတော့ အဆောင်ပေါ် ဝရန်တာမှ အခန့်သားထိုင်ကြည့် နေရုံသာ။ အဖမ်းမခံခြင်သူ လူများက ပြေး ရဲများနှင့် ခွေးများက လိုက် ဖမ်းမိ၍ ကလန်ကဆန် ရုန်းလျင် နံပါတ်တုတ်များဖြင့် ကျွေးခံရပါသည်။ ဖမ်းမိသူများကို cable tie ဟုခေါ်သော ပလားစတစ် နှီးကြိုးဖြင့် လက်နောက်ပြန် တုပ်၍ လမ်းမပေါ်တွင် တန်းစီ၍ ငုတ်တုတ်ထိုင်ထားခိုင်းပါသည်။
ပြည့်တန်ဆာများကိုလည်း ထိုအတိုင်းသာ။ အချို့ဆိုလျင် ဖေါက်သည်နှင့် တွေ့နေချိန် အဖမ်းခံရ၍ ကိုယ်လုံးတီး အတိုင်းသာ လက်နောက်ပြန်တုပ်၍ ထိုင်ကြရပါသည်။ ပြည့်တန်ဆာများကလည်း ကိုယ်လုံးတီး အတိုင်သာ။ အဝတ်ဝတ်ရန် အချိန်ပင်မပေးပါ။ ထိုကဲ့ သို့ အဖမ်းအဆီး ပြီသွားလျင် ၂ ပတ်ခန့် ထိုတောအုပ်မှာ ငြိမ်သက်သွားပါသည်။ အချိန်တန်လျင်တော့လည်း ယခင်အတိုင်းသာ ပြန်လည် စည်ကားလာတတ်စမြဲသာ။ အများအားဖြင့် ထိုပြည့် တန်ဆာများမှာ ယိုးဒယား အမျိုးသမီးများဖြစ်ပါသည်။
မြန်မာတို့ ယိုးဒယားကို ဘော်လုံးပွဲ ရှုံးတိုင်း လက်စားချေကြသော နေရာမှာ ထို တောအုပ်အတွင်းသာဖြစ်ပါသည်။ ယိုးဒယားကို အကြိုက်ဂိုးသွင်းနိုင်ပါသည်။ သို့သော် ဂိုးတခါ သွင်းလျင် စင်္ကပူ ဒေါ်လာ ၂၀ တော့ပေးရပါမည်။
အောင်အောင် အကြောင်းဆက်ပါအုံးမည်။ အောင်အောင်မှာ ထိုတောအုပ်အတွင်းရှိ နတ်မိမယ်များနှင့် ပျော်ပါးရာတွင် ထိုနတ်မိမယ်များတွင် ရှားရှားပါးပါး မြန်မာစကားပြောတတ်သော မြန်မာတိုင်းရင်းသူ တယောက် ပါလာပါသည်။ ထိုမြန်မာ တိုင်းရင်းသူ မှာ ချင်းမိုင် တွင် နေထိုင်ပြီး ယိုဒယား မိန်ခလေးများဖြင့် စင်္ကပူတွင် ပိုက်ဆံလာရှာခြင်း ဖြစ်ပါသည်။
သက်ရှိထင်ရှား ရှိအုံးမည်ဖြစ်၍ ကာယကံရှင်အား စာနာသောကြောင့် နာမည်ကို မဖေါ်ပြတော့ပါ။ အောင်အောင်မှာ ထို ခလေးမလေးကို ချစ်မိသွားခြင်းဖြစ်ပါသည်။ သူငယ်ချင်းများက ဘယ်လိုပင်ဖျက်ဖျက် အောင်အောင် မှ ထိုမိန်းကလေး မှ ထိုမိန်းခလေး ဖြစ်နေ၍ သူ့သူငယ်ချင်းများက ကျွန်တော့ထံခေါ်လာကြခြင်းဖြစ်ပါသည်။ ထိုအချိန်တွင် ကျွန်တော် supervisor ဖြစ်နေပြီ ဖြစ်သဖြင့် အလုပ်ထဲရှိ မြန်မာ များ၏ ပြသနာများ ဒိုင်ခံ ဖြေရှင်း ပေးသူ ဖြစ်သလို ကုမ္ပဏီ မှလည်း အဆောင်တွင်နေသော မြန်မာအလုပ်သမားများအတွက် ကြေညာစရာ ပြောစရာရှိလျင် ကျွန်တော့ကိုသာ ပြောပါသည်။
ကျွန်တော် အောင်အောင် ဖြင့် စကားပြောကြည့်ရာတွင် အောင်အောင်မှာ ကောင်းကောင်းမွန်မွန်ပြန်ဖြေပါသည်။ ဒေါသထွက်ခြင်း အားငယ်ခြင်းမရှိပါ။ ထိုအချိန်ကာလတွင် အောင်အောင်မှာ သူ၏ သူငယ်ချင်းများကြားတွင် အတော်ပင် ကဲ့ရဲ့ ခံနေရချိန်ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် လည်း သူတို့ ချစ်ခြင်းကို ခွဲလို ခြင်းမဟုတ်ပါ။ မိမိ စိတ်လိုက်မန်ပါ ပြုလုပ်လိုက် ခြင်းကြောင့် နောင်တချိန်တွင် နောင်တမရစေလို ရင်းသာ ဖြစ်ပါသည်။
ကျွန်တော် အောင်အောင်နှင့် စကားပြောကြည့်သောအခါ အောင်အောင်မှ ထိုမိန်းခလေး အား လက်ထပ်ယူရန် စိတ်ကူးနေပြီ ဖြစ်ပါသည်။ ကျွန်တော်ကလည်း တားဆီး ပိတ်ပင်စကား မပြောပါ။ ထိုမိန်းခလေးအား လက်ထပ်ခြင်းကြောင့် မိမိ၏ ဆွေမျိုး မိဘ အသိုင်းအဝိုင်း များ၏ ရိုက်ခတ်လာမည်ဖြစ်သော ဖိအားများ ကို ခံနိုင်ရည် ရှိပါ၏ လော ဟူ၍သာ မေးခွန်းထုတ်ခဲ့ပါသည်။
မိမိ ပြုလုပ်လိုက်သော အမှုသည် မိဘ မောင်ဘွား တို့ ၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်ပါသလော ပြန်စဉ်းစားရန်သာ ပြောဖြစ်ပါသည်။ အောင်အောင် အနေဖြင့် ဆုံးဖြတ် ပြီးသား ဖြစ်နေသောကြောင့် နောက်ဆုတ်ရန် စိတ်ကူးမည့် ပုံ မရှိပါ။ သူပြောပြ ပုံ အရ အရာရာကို ရင်ဆိုင်ရန် အသင့်ပြင်ထားပြီး ဖြစ်ပုံရပါသည်။
ကျွန်တော်ကလည်းသံသယရှိ၍ ယခင်က ပန်းသီး စားဖူးပါသလား မေးသောအခါ ပန်းသီး စားဖူးကြောင်း ဝန်ခံပါသည်။ ကျွန်တော့ အထင်မှာ ပန်းသီး တခါမှ မစားဖူး၍ တခါ စားမိသော ပန်းသီး ကို ငမ်းငမ်းတက် တက်မက် စိတ် ဖြင့် ချစ်စိတ် ငယ်ထိပ်ရောက် နေသလော အထင်ရှိ ၍ မေးခြင်းဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် လည်း သူဆုံးဖြတ် ထားပြီး ဖြစ်သဖြင့် ထပ်မံ ပြောဆို ဆုံးမရန် မတတ်နိုင်ပါ။
အောင်အောင် ပြောပြသော သူတို့ အကြောင်း ကို တဆင့် ဖေါ်ပြရလျင် ထို မိန်းခလေး မှာ ချင်းမိုင်တွင် နေကြာင်း ၊ လူမမာ မိခင်အို အား လုပ်ကျွေးနေသူဖြစ်၍ ယခင်က အထည်ချုပ် လုပ်ငန်း တွင် လုပ်ဖူးကြောင်း ပြောပြပါသည်။ ထို့ အပြင် ညီမ အငယ်လေး တယောက် ကျောင်း ပြီးအောင်တက်စေ ချင်သည့် အပြင် လုံလောက်သော ငွေကြေးစုမိလျင် ကိုယ်ပိုင် အပ်ချုပ်ဆိုင်ဖွင့်၍ အသက်မွေး ရန် ရည်ရွယ်ထားကြောင်းလည်း သိရပါသည်။
ထို့ကြောင့် ငွေ အမြန်ရလွယ်သော ထိုလုပ်ငန်းကို ရွေးချယ်၍ လိုအပ်သော အရင်းအနှီး ရှာရခြင်း ဖြစ်ကြောင်း။ အောင်အောင်တွင်လည်း စုဆောင်း ထားသော ငွေကြေး အနည်းငယ်ရှိသောကြောင့် ထိုငွေဖြင့် မတည်ရင်းနှီး၍ အပ်ချုပ်ဆိုင်ဖွင့်ခိုင်းတော့ မည်ဖြစ်ကြောင်း ပြောပြပါသည်။ အောင်အောင်သူ ကိုယ်တိုင် နောက်တနှစ်ခန့် အလုပ်ကြိုးစား၍ ထိုမိန်းခလေးအား လက်ထပ်ယူရန် ဆုံးဖြတ်ထားပြီး ကြောင်းလည်း ပြောပြပါသည်။
အချစ်ကြောင့် အဘယ်ကဲ့ သို့သော စွမ်းအားများ ထွက်ပေါ်လာနိုင်ကြောင်းကို သူ နောက်ထပ်ပြောပြသော စကားများကြောင့် ကျွန်တော့ကို ခေတ္တမျှ ဆွံ့ အ သွားစေပါသည်။
ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၁၀ )( Henry Aung )
အောင်အောင် သူ့ ရည်ရွယ်ချက် နှင့်ပါတ်သက်ပြီး နောက်ထပ် ကျွန်တော့ကို ပြောပြသည်မှာ ထို မိန်းခလေး နှင့် လက်ထပ်ပြီးလျင်ချင်းမိုင်တွင်သာ တသက်လုံး အခြေချ နေထိုင်တော့ မည့် အကြောင်းဖြစ်ပါသည်။ သူ့အနေဖြင့် သူငယ် ချင်းအပေါင်းအသင်းများက ထိုမိန်းခလေး ၏ နောက်ကြောင်းကို သိရှိထားသူများ ဖြစ်ကြသဖြင့် သူ့မွေးရပ်မြေတွင် အခြေချရန် မဖြစ်နိုင်ပါ။
နောက်ထပ်ရှေ့ရေး ဖြစ်သော သားသမီးများ မွေးဖွားလာသောအခါ အရပ် ပတ်ဝန်းကျင် ၏ မေးငေါ့ စရာ ဖြစ်လာနိုင်သောကြောင့်သူ့ အနေဖြင့် ထိုမိန်းခလေး နှင့် လက်ထပ်ပြီးလျင် ချင်းမိုင်တွင်သာ တသက်လုံး နေထိုင်သွားရန် ဆုံးဖြတ်ထားကြောင်း ပြောပြပါသည်။ ကျွန်တော့ အနေဖြင့် လက်တွေ့ဘဝ သည် စိတ်ကူးယဉ် ထားသည်နှင့် များစွာကွာခြားကြောင်းကို အောင်အောင်အား မည်သို့ မျှ ရှင်းပြရန် မတတ်နိုင်ပါ။
သူ့အနေဖြင့် မွေးရပ်မြေကို စွန့်ခွာရန် အထိ ဆုံးဖြတ်ပြီး ဖြစ်နေသဖြင့် မည်သူ ဘာပြောပြော သူ့ ဆုံးဖြတ်ချက်အတိုင်းသာ လိုက်နာသွားရန် ယတိပြတ် စွန့်လွတ်ထားပုံရသောကြောင့် ဖြစ်ပါသည်။ ထို အချိန်က ကျွန်တော် အချိန်ရလျင် အားသည်နှင့် အောင်အောင်နှင့် စကားစမြည်းပြောဖြစ်ပါသည်။ သူနှင့် ကျွန်တော်မှာ ကုမ္ပဏီ တူသော်လည်း လုပ်ရသော အလုပ်မှာ မတူပါ။ ကျွန်တော်က ငြမ်း အလုပ်ဖြစ်ပြီး အောင်အောင်မှာ piping လုပ်ရခြင်းဖြစ်ပါသည်။
သူနှင့် ကျွန်တော်အ ဆောင်ရောက်မှ စကားပြောဖြစ်ပါသည်။ ထိုအချိန်တုန်းကတော့ ကျွန်တော့ အမြင်တွင် အောင်အောင်မှာ ပြည့်တန်ဆာ တယောက်၏ ချုပ်ကိုင်ခံထားရသူ (ဝါ) အညာမိ နေသူ တယောက်အဖြစ် မြင်မိပါသည်။ သို့သော်သူရှင်းပြသော သူဘဝရှေးရေး အကြောင်းကို နားထောင်ရသောအခါ ကျွန်တော့ တွင် ဒွိဟ ဖြစ်လာပါတော့သည်။
အခြားတဖက်ဖြစ်သော မိန်းခလေး ဘက်ကို ပြန်လည် တွေးကြည့် သောအခါ ပြည့် တန်ဆာ တယောက်၏ စကားသည် အဘယ်မျှလောက်ယုံရမည်နည်း ဟူသော မေးခွန်း ထွက်ပေါ်လာသလို ကျွန်မလို ပြည့်တန်ဆာ တယောက်အနေဖြင့် လင်ကောင်း သားကောင် ရနိုင်ခွင့် မရှိဘူးလားဟူ သော မေးခွန်းလည်း ထွက်လာပါသည်။
ထို့အပြင် ထို မိန်းခလေး အနေဖြင့် အောင်အောင့်ကို တကယ်ချစ်လျင် သူ့ဘဝအတွင်းသို့ ဆွဲ ခေါ်ရက်မည် မဟုတ်ဟုလည်း ထင်မိပါသည်။ အခြားတဖက်မှ စဉ်းစားကြည့်လျင်လည်း ကျွန်တော်တို့ မြန်မာလူမျိုး အသိုင်းအဝိုင်းများတွင် ယျဉ်ကျေးမှုအနေဖြင့် ပြည့်တန်ဆာ ဟူသော အလုပ်အကိုင်မှာ အများလက်ခံနိုင်စရာ မဟုတ်သော အလုပ်အကိုင်ဖြစ်ပါသည်။
သို့သော် ပြည့် တန်ဆာ အလုပ်ကို လုပ်ကိုင်နေကြသော မြန်မာ အမျိုးသမီးများ အားလုံး ကျွန်မတော့ ဖြင့် တချိန်ကျရင် နာမည်ကြီး ကြေးစား ပြည့်တန်ဆာမ တယောက်ဖြစ်ကို ဖြစ်ရမယ်ဟူသော ရည်ရွယ်ချက် ဖြင့် ထို အလုပ်ကို လုပ်ကိုင်နေကြသူများမဟုတ်တန်ရာ။ ဘဝပေးအခြေ အနေ ကြောင့် သို့ မဟုတ် အကြောင်း အမျိုးမျိုးကြောင့် ထိုအလုပ်ကို မသတီ သော်လည်း ငွေရလွယ်သဖြင် လုပ်ကိုင် နေကြသူများဟု ထင်မိပါသည်။ ဤသည်မှာ ကျွန်တော့ စိတ်တွင် ဖြစ်ပေါ်လာသော ဒွိဟကို အကောင်းအမြင်ဖြင့် ဖေါ်ပြခြင်းသာဖြစ်ပါသည်။
အောင်အောင် နှင့် ပါတ်သက်ပြီး ကျွန်တော့ အနေဖြင့် မည်သို့ မျှ ထင်မြင်ချက် မပေးလိုပါ။ ကံကို ယိုးမယ်ဖွဲ့ မည်လော ကြမ္မာ ကို အပြစ်တင်မည်လော။ အာင်အောင် အနေဖြင့် အချစ်၏သူရဲကောင်း တာဝန်ယူ တတ်သူ လူစွမ်း ကောင်း တယောက်ဖြစ်သည် (သို့ မဟုတ် ) မိုက်ရူးရဲဆန်သူ၊ မိန်းမတယောက်အတွက် မိမိ ဘဝကို ရေဆုန် မျောလိုက်သူတယောက် ဖြစ်သည်ကို တော့ စာဖတ်သူတို့သာ သင့်တော်သလို ထင်မြင်ချက်ပေးစေချင်ပါသည်။
ကျွန်တော့ အနေဖြင့် တော့အောင်အောင်အား လက်မထပ်မှီ ခြောက်လ အလိုတွင်တခါ ဆေးစစ်ရန်နှင့် လက်ထပ်ခါနီး တလအလို ခန့်တွင်ထပ်မံဆေးစစ်ရန်သာ ညွန်ကြားပေးနိုင်ခဲ့ပါသည်။ ၂၀၀၈ နှစ်လယ်လောက်တွင် အောင်အောင် စင်္ကပူကို ကျောခိုင်း၍ ချင်းမိုင်သို့ တကယ်ထွက်သွားခဲ့ပြီဖြစ်ပါသည်။ ဤသည်မှာ အောင်အောင်နှင့် ပါတ်သက်သမျှ ကျွန်တော်ကြုံဆုံခဲ့ ရသော လူ့သဘောလူ့မနောပင်ဖြစ်ပါသည်။
နောက်ထပ် ကျွန်တော်ကြုံတွေ့ခဲ့ရသော အပေါင်းအသင်း မိတ်ဆွေများမှာ ယမကာမှီဝဲ တတ်သည့် အပေါင်းအသင်းများဖြစ်ပါသည်။ အရက်ကို ကျွန်တော် အပါအဝင် ယောက်ျားလေး နီးပါးတိုင်း သောက်တတ်ပါသည်။ အရက်သောက်တတ်သည်မှာ ကိစ္စမရှိသော်လည်း အရက်မူးလာလျင် ပြုမှုသော အပြုအမှုများ မှာ ပြသနာ ဖြစ်လာတတ်သည်။
ကျွန်တော်အရက်သောက်ရခြင်း ကြိုက်၍ သောက်ခြင်းဖြစ်ပါသည်။ မူးယစ်ရီဝေသော အရသာက စကားပြောကောင်း စေသလို , စိတ်မြူးကြွစေ၍ သီချင်းဆိုလျင်လည်း စိတ်ခံစားမှုကို အပြည့် အဝရစေ၍ ဖြစ်ပါသည်။ တနည်းအားဖြင့် ကြိုက်၍ သောက်ခြင်းသာ ဖြစ်ပါသည်။ သို့ သော် ဘယ်သောအခါမှ မူးမှောက်လဲဒီအထိ မသောက်ပါ။
သတ်မှတ်ချိန် တခုအထိ ရောက်သည်နှင့် တနည်း ဆိုရသော် လစ်မစ် ပြည့် သည်နှင့် ဆက်မသောက်တော့ပါ။ သူငယ်ချင်းတို့ ထပ်မသောက်၍ စိတ်ဆိုး စေကာမူ ထည့် ပေးသော အရက်ကို သွန်ပစ်ပါသည်။ သို့ သော်ကျွန်တော်ဆက်မသောက်၍ ကျွန်တော်ကို စိတ်ဆိုးမည့်သူ သိပ်မရှိပါ။ ကျွန်တော်မသောက်၍ သူတို့ပို သောက်ရသောကြောင့် ဖြစ်ပါသည်။
ကျွန်တော့ လစ်မစ်မှာ အရက်သောက်၍ အချိန်ကြာလာလျင် မျက်နှာများ ထူလာပြီဟု ခံစားရသည် နှင့် ငါမူးနေပြီလားဟူသော ဆန်းစစ်မှု အတွေးကလေး ဖြစ်ပေါ်လာပါသည်။ ထိုအတွေးနောက်တွင် ငါမမူးသေးဘူး ထပ်သောက်လို့ ရသေးတယ် ဟူသော အတွေး ကပ်ပါလာပါက ကျွန်တော် လစ်မစ်ပြည့် သွားပြီ ဖြစ်ပါသည်။ ငါထပ်သောက်လို့ ရသေးတယ်ဟူ သော အတွေး ဝင်လာလျင် ကျွန်တော်မူးနေပြီ ဖြစ်၍ အရက်သောက်ခြင်းကို ရပ်လိုက်ပါသည်။
ကျွန်တော်အရက်သောက်လျင် အမြည်းကောင်းကောင်းစားပါသည်။ အမြည်းမပါပဲ အရက်မသောက်ပါ။ အနည်းဆုံး မြေပဲလှော် ပဲကြော် ပန်းသီး စသည်တို့ တခုမဟုတ် တခု မြည်းပါသည်။ တယောက်တည်း သောက်လျင်လည်း ကြက်ဥကျော်၊ လက်ဖက်သုပ်၊ ပဲကြမ်းသုတ် စသည်တို့နှင့် မြည်းပါသည်။ တခါတရံ ဝီစကီ နှစ်ပက် ၏ အမြည်းမှာ ကြေးအိုးဆီချက် ပွဲကြီး တပွဲ လည်း ဖြစ်နေတတ်ပါသည်။
ကျွန်တော့်မှာ လစ်မစ်ထား၍ သောက်သူ ဖြစ်သဖြင့် အမူးလွန်ခြင်းမရှိပါ။ ထို့ ကြောင့် အမြဲတမ်း အမူးသမား ထိန်းသူ ဖြစ်ရပါသည်။ အမူးလွန်နေ၍ တွဲပို့ ရသူ ၊ ရန်စကားပြော၍ စိန်ခေါ်သူ ၊ မူးလာလျင် သက်မဲ့ ပြစ္စည်း ဖြစ်သော အမှိုက်ပုံးများ ၊ အခြားသူများ၏ စက်ဘီးများကို ဆောင့်ကန်ဖျက်ဆီးသူ ၊ လမ်းလျှောက်ရင်း သီးချင်းအော်ဆိုသူ၊ အဆောင်မပြန်ချင်ဘူးဆို၍ ဂျီတိုက်ပြီး လမ်းဘေး ထိုးအိပ်သူ စသည်ဖြင့် များစွာ ကြုံဖူးပါသည်။
ထို့ ကြောင့် ထိုကဲ့သို့ သွေးဆိုးသူများနှင့် အတတ်နိုင်ဆုံး ရှောင်၍ သောက်ပါသည်။ သို့ သော်မိမိမှာ Supervisor ဖြစ်၍ တခါတရံ အလုပ်သမားများမှ ဖုန်းခေါ်၍ " ကိုကချင်, အစ်ကို့ကောင်တော့ မူးပြီး ရမ်းနေပြီ လာထိန်းပါအုံး " ဟု ခေါ်လျင် သွား ရောက်ထိန်းသိမ်းရပါသည်။ ဖြစ်ချင်ရာဖြစ်ကွာ ဟူ၍ ပြစ်ထား၍ မရပါ။
ရဲရောက်လာ၍ ဖမ်းဆီးခံရလျင်လည်း မိမိသာ သွားရောက်ထုတ်ယူရမည်ဖြစ်ပါသည်။ ထို့ အပြင် နောက် တနေ့ အစည်း အဝေးတွင် မြန်မာကောင်တွေ မူးပြီး သောင်းကျန်တယ်ဟူ၍ အလုပ်သမားများ အဆူမခံရမှီ မိမိ အရင်ဆုံး အဆူခံ ထိ မည်ဖြစ်သောကြောင့် ဖြစ်ပါသည်။
ကျွန်တော်မေ့ဖျောက်မရသော အဖြစ်အပျက်တခုမှာ ကျွန်တော့် အောက်တွင် အလုပ်လုပ် နေသော ငြမ်းသမား သုံးယောက် အမူးလွန်နေ၍ city hall ဟူသောစင်္ကပူမြို့ ၏ မြို့လယ်ခေါင်အထင်ကရ နေရာမှ မိမိတို့ နေသော အဆောင်အထိ ခေါ်ယူ လာရသော အဖြစ်အပျက်ဖြစ်ပါသည်။ နှစ်ယောက်မှာ အမူးလွန်နေသော်လည်း သတိရှိနေသေးသည်။ ဒယိမ်းဒယိုင်လမ်း လျှောက်နိုင်သေးသော်လည်းအခြားတယောက်မှာ လုံးဝခေါင်းမထူ နိုင်တော့ပြီ။
ခေါင်းမထူ နိုင်သူတယောက်ကို ကျွန်တော်က တရွတ်တိုက်တွဲပြီး ၁၀ မိနစ်ခန့် သွားရသော မြေအောက်ဘူတာရုံသို့ ခေါ်သွားရပါသည်။ ထို ခေါ်င်းမထူ နိုင်သူမှာ ခေါင်းသာမထူနိုင်သည် ပါးစပ်ကတော့ အဆဲမျိုးစုံ ဖြစ် ဗလုံးဗထွေး ဆဲနေပါသည်။ အခြားလမ်းသွားလမ်းလာများ၏ အကြည့် မှာ ခံစား၍ မရနိုင်ပါ။
ကျွန်တော် အနေဖြင့် ထိုအချိန်တွင် အငွေ့ပျံပျောက်ကွယ်သွားချင်ပါသည်။ ထို ငမူးအားလည်း ခေါင်းမှ ဆံပင် ဆောင့် ဆွဲပြီး လမ်းဘေး ဓါတ်တိုင်နှင့် သူ့ခေါင်းကို ကိုင်စောင့် ချင်စိတ်များ ကို မနည်း မျိုသိပ်ထားရပါသည်။ ဤတွင် အဘယ့်ကြောင့် Taxi ငှား၍ မပြန်ပဲ ရထားနှင့် ပြန်ရပါသလဲ ဟု မေးလာလျင် ကျွန်တော့ တွင်အဖြေရှိပါသည်။
ထို အဖြစ်အပျက် မတိုင်ခင်ကလည်း အမူးလွန်နေသူ တယောက်ကို taxi ဖြင့် ပြန်ခေါ်လာပြီး ထိုငမူး မှာ taxi ပေါ်တွင် အန်ချ သောကြောင့် ၂၀ တန်သော ခရီကို ဒေါလာ ၁၅၀ ခန့် ပေး၍ စီးခဲ့ရသောကြောင့် ဖြစ်ပါသည်။ taxi ကားမောင်းသမားမှာ လည်း ဒေါသထွက်လိုက်သည်မှာ ပြောစရာမရှိ။ သူဒေါသထွက်သည်လည်း မှန်ပါသည်။ နောက် လူတင်ခေါ်၍ မရတော့။ taxi အတွင်းပိုင်းကို ရေဆေးရတော့ မည်။ အနံံ့အသက်ပျောက်အောင် အခြောက်ခံရမည်။ အလုပ်အကိုင်ပျက်ရတော့မည်။ ကျွန်တော့မှာ ထိုကားသမားကို မနည်းပင် တောင်းပန်ခဲ့ရပါသည်။
ဆိုခဲ့သည့် အတိုင်း ထို ငမူး သုံးယောက်ကို ခက်ခက်ခဲခဲ ရထားပေါ်သို့ ရောက်အောင်ကြံဆောင်ခဲ့ရပါသည်။ ထိုအချိန်မှာ ရထားလူအတော်ကျပ်သောအချိန် ဖြစ်ပါသည်။ ကျွန်တော်မှာ ငမူးကို လက်တဖက်က ထိန်းရင်း ကျန်လက်တဖက်ကလည်း ရထား လက်တန်းကို ထိန်းထားရပါသည်။
လမ်းတဝက်ခန့် ရောက်လျင် ထိုငမူးမှာ ဂေ့ ဂေ့ နှင့် လေတက်လာပြီး အန်တော့မည့် အရိပ်အယောင်ပြလာပါသည်။ ကျွန်တော်လည်း သူအန်လျင် အခြားခရီးသည်များ ပေပွကုန်မည် စိုးသဖြင့် သူ့ခေါင်းကို ကျွန်တော့ ရင်ဘတ်ဖက်သို့ လှည့်လိုက်ပါသည်။ ထင်သည့် အတိုင်ပင် ကျွန်တော့် ရင်ဘတ် ပေါ်သို့ တဝေါ့ ဝေါ့ နှင့် အန်ချပါလေတော့သည်။ ကျွန်တော့ ရင်ဘတ်မှ စပြီး အရှေ့ပိုင် ခြေဖျားဆုံးထိ အားလုံး နံဟောင်ပေပွ ကုန်တော့သည်။
ဆက်လက် ဖေါ်ပြပေးပါမည်။
Henry Aung ( Kachin )