မင်္ဂလာပါ။ ကျွန်တော် Hive platform ပေါ်ရောက်လာပြီးနောက် cryptocurrency အကြောင်းရေးသားရန် အတော်ပင်လက်တွန့်နေခဲ့ပါသည်။ အခြားကြောင့်မဟုတ် Steemit နှင့် Hive platform ခွာပြဲကြပြီးနောက် ဖြစ်ပေါ်လာသော အခြေအနေများအား စောင့်ကြည့်နေသောကြောင့် ဖြစ်ပါသည်။
အဘယ့်ကြောင့် စောင့်ကြည့်နေရသနည်းဆိုသော် ကျွန်တော် Steemit အား လုံးဝစွန့်ခွာ၍ Hive platform ပေါ်သို့ခြေစုံပစ်ဝင်လိုက်သော ကြောင့် ဖြစ်ပါသည်။ ကျွန်တော် Hive platform အားပြတ်ပြတ်သားသား ရွေးချယ်လိုက်သည့် အတွက် ကျွန်တော့ Steem Power ရှိသလောက် Hive power ရရှိခဲ့ပြီး ဖြစ်ပါသည်။
ကျွန်တော်ပြောလိုသော cryptocurrency ဟူသောအရာမှာ ထိုသို့သော အရာဖြစ်ပါသည်။ မျက်စိလည်သွားပါသလား ။ အကျယ်ချဲ့၍ ရှင်းပြပေးပါမည်။ Steemit platform ပေါ်သို့ရောက်ရှိပြီးနောက် ကျွန်တော် တစိုက်မတ်မတ် အားပေးသောအရာမှာ Steem power စုရန် ဖြစ်ပါသည်။
အဘယ့်ကြောင့် ဆိုသော် DPOS ( Delegated Proof Of Stack ) ဆိုသည့်အတိုင်း စုထားလေ အတိုးရလေ ဟူသော blockchain အမျိုးအစားကြောင့် ဖြစ်ပါသည်။ Power အကြောင်း ဆက်ကြပါအုံးစို့။ Steem Hunt Platform ၏ Airdrop ထွက်လာသောအချိန်အခါအား မှတ်မိကြပါလိမ့်မည်။
မိမိ Steem power ရှိသလောက် Hunt token ရရှိမည် ဆိုသောအခါ မိမိတွင် Steem power တစ်သိန်းလောက်ရှိလျင် ကောင်းလေစွဟု ခံစားမိကြပေလိမ့်မည်။ ဤသည်ကာ Steem Hunt token ။ ယခုနောက်တကြိမ် Steem power ရှိသလောက် Hive token ရရှိမည်။
ကျွန်တော်ပြောခဲ့ပြီး ဖြစ်သည့်အတိုင်း ကျွန်တော့တွင် Steem power တစ်သိန်ရှိခဲ့လျင် ယခုအခါ ကျွန်တော့တွင် Hive token တစ်သိန်းရှိနေတော့မည်ဖြစ်ပါသည်။ သို့သော် ကျွန်တော် စုထားမိသော တနည်း အားဖြင့် ရင်းနှီးထားမိသော DPOS မှာ မိမိကြိုးစားခဲ့သလောက်သာ ရရှိနိုင်ပါသည်။
ယခင်က 1 Steem သည် မည်မျှ တန်ဖိုး မရှိပါ။ သို့သော် 1 Steem စုထားမိသောကြောင့် 1 Hive ရရှိနိုင်ပါသည်။ 1 Steem သည် 0.17$ ဖြစ်လျင် မြန်မာငွေ ၂၅၀ ကျပ် ဖြစ်ပါလိမ့်မည်။ သို့သော် ထို 1 Steem ရှိသောကြောင့် 1 Hive ရရှိလျင် လက်ရှိပေါက်စျေး 0.36$ နှင့် တွက်လျင် မြန်မာငွေ ၅၄၀ ကျပ်ဖြစ်ပါသည်။ ထိုမြန်မာငွေ ၅၄၀ ကျပ်သည် မိမိကြိုးစားခဲ့သော အရာများ၏ ရလဒ်ဖြစ်ပါသည်။
သင့်အနေဖြင့် ယခင်က Steem power အား မူးစု ပဲစု စုခဲ့သူတယောက်ဖြစ်လျင် လက်ရှိ အခြေအနေတွင် ဤ DPOS ကြောင့် သင့်တွင် လက်ဆုပ်လက်ကိုင်ပြစရာ ငွေကြေးရှိနေပါလိမ့်မည်။ နည်းသည် များ သည်ကတော့ သင်မည်ကဲ့သို့ စုဆောင်းခဲ့သနည်း ဆိုသည့် အပေါ်မူတည်ပါလိမ့်မည်။
ဤအကြောင်းအရာများနှင့်ပတ်သက်၍ ကျွန်တော့ဖခင်နှင့် စကားစမြည်းပြောဖြစ်ခဲ့ပါသည်။ အကြောင်းမှာ ကျွန်တော်နေ့စဉ်နေတိုင်း ညနေပိုင်း တွင် စာတကုတ်ကုတ်ရေးခြစ်နေ၍ Computer အသုံးပြု နေမှုများအကြောင်း မေးလာသော အခါ ဤ Cryptocurrency အကြောင်း စကားပြောဖြစ်ကြပါသည်။
ကျွန်တော့ ဖခင်အာ Cryptocurrency နှင့်ပတ်သက်၍ နားလည်အောင် ကျွန်တော်ရှင်းမပြတတ်ခဲ့ပါ။ တကယ်မရှိသော ငွေကြေး ၊ လက်ဆုပ်လက်ကိုင်မပြနိုင်သော ငွေကြေး မှ မည်သို့ အသုံးပြုနိုင်ပါမည့်အကြောင်း တန်ဖိုးရှိသည့်အကြောင်း ကျွန်တော် ရှင်းမပြတတ်ခဲ့ပါ။
သို့သော် ကျွန်တော် ပြောနိုင်ခဲ့သည်မှာ တခုတည်းရှိပါသည်။ ကျွန်တော် ၄ နှစ်လုံး လုံးလစိုက် အားထုတ်လာခဲ့သော Steemit မှ ပထမ သိန်း ၂၀ ထုတ်ယူပြလိုက်သော အခါ ကျွန်တော့ဖခင်မှ " နင့်ဟာက ဟုတ်သားပဲ" ပိုက်ဆံရတယ်ဆိုရင် ဆက်သာလုပ် ငါ့သား " ဟူ၍ အားပေးပါလေတော့သည်။
ကျွန်တော် ပြောလိုသည်မှာ Cryptocurrency သည် ကျွန်တော်တို့ မြန်မာလူမျိုးများ အတွက် များစွာ စောလွန်းနေပါသေးသည်။ အချို့ကပြောကြပါလိမ့်မည် ရတုန်းယူထား ၊ ပွဲလန့်တုန်း ဖျာခင်း ရမည်ဟူသောအယူအဆ အသက်ဝင်နေသရွေ့ တစ်သီးစားသာ များလာပါလိမ့်မည်။
DPOS ၏ သဘောသဘာဝ သည် ဌင်း၏ အောင်မြင်မှုအပေါ် မူတည်၍ နောက်ထပ် အသီးအပွင့်များ ဝေဆာလာသော အချိန်တွင် အကျိုးအမြတ်ခွဲဝေပေးခြင်း ၊ ခွဲဝေယူခြင်း ဖြစ်ပါသည်။ လက်ရှိ အချိန်တွင် ကျွန်တော် Hive platform ပေါ်သို့ ရောက်ရှိနေပါပြီ။
Steem သည် ကျွန်တော့အတွက် မလိုအပ်တော့ပါ။ ကျွန်တော် Steemit platform ပေါ်တွင် အသုံးချခဲ့သော အချိန်ကာလ၏ အကျိုးကျေးဇူးသည် သိန်း၅၀ ခန့်သာ ရှိပါသည်။ အကယ်၍ ကျွန်တော့ အနေဖြင့် ၂၀၁၈ အစောပိုင်တွင် Steemit platform အား စွန့်ခွာခဲ့လျင် ကျွန်တော့ အကျိုးအမြတ်သည် သိန်း ၈၀၀ ဝန်းကျင် ဖြစ်ပါသည်။ ကိစ္စမရှိပါ။
သိန်း ၈၀၀ သည်လည်း အကျိုးအမြတ်ဖြစ်သလို သိန်း၅၀ သည်လည်း အကျိုးအမြတ်ဖြစ်ပါသည်။ အကယ်၍ ကျွန်တော် အပျင်းထူကာ " စာရေးရတာ သောက်သုံးမကျပါဘူး " ဟု ခံယူခဲ့လျင် ယခုကဲ့သို့ Steemit တွင် အကျိုးခံစား၍ မရယုံသာမက Hive platform တွင်ပါ နေရာမရဖြစ်နေမည်မှာ အသေအချာပင် ဖြစ်ပါသည်။
ကျွန်တော်၏ စာရေးဖေါ်မိတ်ဆွေများအား တခု သတိပေးလိုသည်မှာ DPOS သည် ချက်ချင်း အကျိုးမပေးပါ။ အချိန်ကာလတခု စောင့်ရပါသည်။ ယခု Hive platform ပေါ်သို့ ရောက်နေသော မိတ်ဆွေများအားလည်း သတိပေးလိုပါသည်။ Hive platform သည် အစဖြစ်ပါသည်။
DPOS blockchain ဖြစ်သလို သူ့ထံမှ Project များစွာထွက်လာရန်ရှိပါသေးသည်။ မည်သို့ အကျိုးအမြတ်ရမည်ကိုတော့ မသိနိုင်သေးပါ။ သေချာသည် တခုကတော့ Hive platform အားသိသူအရေအတွက်သည် မြန်မာပြည်တွင် အယောက် ၅၀ မပြည့်ဟု ထင်ပါသည်။
Steemit တွင် နောက်ကျခဲ့သမျှ Hive တွင်လည်း အမြတ်မယူနိုင်လျင်..... မသိသူတို့က မသိသောကြောင့် ဝမ်းနည်းစရာမရှိသော်လည်း.... သိသူတို့က အခွင့်သင့်တုန်း မယူတတ်လျင် တချိန်တွင် နောင်တရနေပါလိမ့်မည်။ သေချာသည် တခုကတော့ မိမိတွင် Steem power အများအပြားမရှိသောကြောင့် Hive token အရနည်းလေခြင်းဟု ခံစားနေရပါလိမ့်မည်။
မနက်ဖြန်တွင် ယခုနာမည်ကြီးနေသော Bitcoin တဝက်ခွဲခြင်း အကြောင်းကို ဖေါ်ပြပေးပါမည်။
Henry Aung (kachin)