မင်္ဂလာပါ။ ဤစာစုပါ အချက်အလက် အကြောင်းအရာများသည် ကျွန်တော်၏ တွေးထင်ချက်များသာ ဖြစ်၍ အတည်ဟု မယူဆစေလိုပါ။ မိတ်ဆွေတို့ အနေဖြင့် ဝေဖန်သုံးသပ်နိုင်ရန် ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ စာရှုသူ မိတ်ဆွေတို့ သိကြသည့် အတိုင်း Covid-19 ခေါ်ကူးစက်ရောဂါသည် လင်းနို့မှ ကူးစက်သည် ၊ သင်းခွေချပ်မှကူးစက်သည် ၊ လူလုပ်ဗိုင်းရပ်စ် ဖြစ်သည် ၊ မည်သို့ပင်ဖြစ်စေ ဤ ဗိုင်းရပ်စ်သည် ဤကမ္ဘာ လောကသားများ၏ လူနေမှု စနစ်အား မသိမသာဖြင့် ပြောင်းလည်း သွားစေမည် ဖြစ်ပါသည်။
အကယ်၍ ဤ Covid-19 ကူးစက်ရောဂါ ပျောက်ကင်းနိုင်သော ကာကွယ် ကုသဆေး တီထွင် နိုင်သည် ရှိစေအုံး တော့ ကျွန်တော်တို့ အနေဖြင့် ခဲမှန်ဖူးသော စာသူငယ် ကဲ့သို့ မိမိနှင့် စကားပြောနေသူသည် ထိုကဲ့သို့သော ကူးစက်ရောဂါ ဖြစ်နေသူလော ၊ မိမိဘေးမှ ချောင်းဆိုးနေသူသည် ရောဂါ ဖြစ်နေသူလော ၊ မိမိ ကိုင်လိုက်သော ပိုက်ဆံ ၊ ပစ္စည်းများ သည် ရောဂါပိုးကပ်နေသော အရာပစ္စည်း များ ဖြစ်နေသလော စသည်ဖြင့် သို့လော သို့လော ဟူသော အရာများက မိမိတို့ နေစဉ်ဘဝများအား ခြောက်လှန့်နေကြတော့မည် ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ကူးစက်ရောဂါ ဆိုသော အရာများအား ဖြစ်စေသော ဗိုင်းရပ်စ် ဟူသော သကောင့်သားများသည် ဆေးယျဉ်ပါး နိုင်သလို ခံနိုင်ရည်စွမ်းအား မြှင့်သော နောက် ထပ် ဗိုင်းရပ်စ် ပိုးများအား ပေါက်ပွား စေနိုင်သော ကြောင့် ဖြစ်ပါသည်။
ယခင်က ကျွန်တော်တို့ ကြုံတွေ့ခဲ့ရသော SARS ဟူသော အဆုတ်နှင့်သက်ဆိုင်သော ကူးစက်ရောဂါပိုးသည် ဤ Covid-19 ဟူသော ကူစက်ရောဂါပိုးနှင့် အတူတူသာလျင် ဖြစ်ပါသည်။ ကျွန်တော် စင်္ကပူ တွင် ရှိစဉ် က ထို SARS ကူးစက်ရောဂါနှင့် ပတ်သက်၍ အတွေ့အကြုံရှိခဲ့ပါသည်။ အကျယ်မချဲ့တော့ပါ။
ဟိုယခင် ဟောင်ကောင်မှ စခဲ့သော SARS -covid-2 သည် တကမ္ဘာလုံးသို့ ကပ်ရောဂါအသွင်ဖြင့် ရောက်ရှိသွားခြင်း မရှိခဲ့ပါ။ ထိုစဉ်က စင်္ကပူတွင် ထိန်းချုပ်မှု အတော်ကောင်း၍ သာ လူအသေအပျောက် မများခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာပြည် အခြေအနေတော့ ကျွန်တော်မသိပါ။ ထားပါ။
ကျွန်တော်ပြောလိုသော လူနေမှု စနစ်အကြောင်း ပြန်ဆက်ကြပါအုံးစို့။ ယခု Covid-19 ကြောင့် ကျွန်တော်တို့ ၏ လူနေမှု စနစ်သည် အမှန်ပင်ပြောင်းလည်းသွားတော့မည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Covid-19 ပြီးလျင် Covid-20 မရှိတော့ပြီလော...covid-19 ၏ ကူးစက်နိုင်သော ပုံစံသည် Covid-20 နှင့်အတူတူသာ ဖြစ်ရမည် ဖြစ်ပါသည်။
ဆိုခဲ့သည့် အတိုင်း မိမိအိမ်သို့ ဧည့်သည် လာလျင် သော်လည်းကောင်း ၊ မိမိ အိမ်တွင်ဆုတောင်း ဝတ်ပြုခြင်းသည် လည်းကောင်း ၊ အခြား ပျော်ပွဲရွှင်ပွဲ မွေးနေ့ပွဲ မင်္ဂလာပွဲ များ လူစုလူဝေးဖြင့် ကျင်းပခြင်း သည် ဤကဲ့သို့သော ကူးစက်ရောဂါအား ဖိတ်ခေါ်နေသယောင် ရှိစေတော့မည် ဖြစ်ပါသည်။
ကျွန်တော့ အနေဖြင့် ဤစာစု အစတွင် ဖေါ်ပြပေးထားခဲ့ပြီး ဖြစ်သည့်အတိုင်း ကျွန်တော့ အတွေးသာ ဖြစ်ပါသည်။ ကျွန်တော်သည် ဗိုင်းရပ်စ်ပိုးပါရဂူ မဟုတ်ပါ။ သို့သော် ဤရောဂါပိုးသည် ကျွန်တော်တို့ လူနေမူပုံစံအား တမျိုးတဖုံ ပြောင်းလည်း ပေးတော့မည်ကတော့သေချာပါသည်။
ပြင်ပတွင် တယောက်နှင့် တယောက် လက်ဆွဲ နှုတ်ဆက်တတ်သော အကျင့် နှင့် ဖက်၍ တယောက်အားတယောက် နမ်းရှုံ့ ၍ နှုတ်ဆက်ကြသော အကျင့်သည် ပျောက်သွားပါလိမ့်မည်။ ကိုင်တွယ်ရသော ငွေကြေး.... အနောက်နိုင်ငံများတွင် ကဒ်စနစ် ထွန်းကား၍ ငွေကြေးဟူ၍ ကိုင်တွယ် အသုံးမပြုကြသော်လည်း ကျွန်တော်တို့ နိုင်ငံကဲ့သို့ ဆင်းရဲသော နိုင်ငံများက သူတောင်းစားမှ စ၍ နောက်ဆုံး ဘဏ်ရောက်သည် အထိ စက္ကူငွေကြေးအား ထိတွေကိုင်တွယ်ရသူတို့သည် ဤကူးစက်ရောဂါက ကောင်းကောင်းကြီး ဒုက္ခပေးပါလိမ့်မည်။
အခြားတခုက မြန်မာတို့၏ လူနေမှုစနစ်။ ၁၂ ရာသီတွင် ၁၂ ရာသီလုံး ပွဲရှိသော မြန်မာတို့၏ ဓလေ့ထုံးစံအား ဤ ရောဂါပိုးက အများကြီးစကားပြောပါလိမ့်မည်။ သင်္ကြန် မနွဲရဟူ၍ ကန့်သတ်ထားသောကြောင့် အောင့်အီး နေနိုင်ကြသော်လည်း တောင်ပြုန်း နတ်ပွဲ မလုပ်ရဟုဆိုလျင်... အများကြီး ပြသနာရှိနိုင်ပါသည်။
နည်းနည်းလေး အတွန့်တက်တတ်သော ကျွန်တော်တို့ လူမျိုးများ အတွက် ပြသနာများ ရှိနေနိုင်ပါသည်။ ဤအရာ ထိုအရာများ မလုပ်ကြနှင့်ဟု ဆိုလျင် " လုပ်တော့ဘာဖြစ်လဲ " ဟူ၍ အတွန့်တက်ကြသူများ ဖြစ်ကြပါသည်။ ရှိစေတော့ ။
Covid -19 ကူးစက်ရောဂါသည် ကျွန်တော်တို့အား အိမ်တွင်းသို့ ပိတ်လှောင်ထားနိုင်ပါသည်။ သို့သော် မိသားစုနှင့် အတူရှိရ၍ ကိစ္စမရှိပါ။ ရှေ့တန်းမှ အသေခံ တိုက်နေသော ဆရာဝန်သူနာပြု များ ရှိနေသရွေ့ကိစ္စမရှိပါ။ ကျွန်တော်တို့ပြည်သူများကလည်း အစိုးရချမှတ်ထားသော စည်မျဉ်းစည်းကမ်း လိုက်နာ လျင် ကိစ္စမရှိပါ။
သို့သော် စုန်းပြူးပေါသော မြန်မာနိုင်ငံတွင် Covid-19 သည် လျို့ဝှက်စွာပုန်းခိုနေနိုင်ပါသည်။ အချုပ်အနေဖြင့် ဆိုရလျင် ကျွန်တော်တို့၏ အနာဂတ်ကာလသည် မွေးနေ့ပါတီ အစား FB မှ happy birthday လုပ်ကြရသလို ၊ တရားပွဲ အား on line မှ နာယူ ကြရမည် ဖြစ်ပါသည်။ တယောက်နှင့် တယောက် အပြင်တွင် ရင်းနှီးမိတ်ဆွေဖွဲ့ခြင်းထက် on line သူငယ်ချင်းက ပိုကောင်းပါလိမ့်မည်။ ငွေကြေးစက္ကူသုံးစွဲခြင်းထက် Cryptocurrency က ပို၍ အသုံးဝင်လာပါလိမ့်မည်။
အပြင်ထွက်စျေးဝယ်ခြင်းထက် အိမ်အရောက်ပို့သော စနစ်သည် ထွန်းကားလာပါလိမ့်မည်။ ထို့ အတူ အိမ်တွငိးရေး ပြသနာ များ ပို၍ များပြားလာစေပါလိမ့်မည်။ ကျွန်တော် ပညာရှင်မဟုတ်ပါ။ သို့သော် ထိုအရာများအား Social Media တွင် တွေ့နေရပြီ ဖြစ်ပါသည်။