မင်္ဂလာပါ။ ယခုဖေါ်ပြပေးမည် ဖြစ်သော ဆောင်းပါးသည် လွန်ခဲ့သော ၄ နှစ်က ကျွန်တော် Myanmar Steemit Community မှ Admin များ နှင့် တွေ့ဆုံကာ မန္တလေးမြို့ ထုံးဘို ရှိ စိတ်ကျန်းမာရေး ဆေးရုံ တွင် အလှူအတန်း ပြုလုပ်ခဲ့သည့် အကြောင်း ဖြစ်ပါသည်။
အလှူအတန်းမှာ Myanmar Steemit Community တခုလုံး အဖွဲ့သားများ၏ Steemit Platform မှ စာရေးရင်း ရှာဖွေထားကြသော Steem / SBD များဖြင့် လှူဒါန်းထားကြခြင်း ဖြစ်ပါသည်။ မဖတ်ရသေးသော သူများအတွက် အသစ်ဖြစ်ကာ လူဟောင်းများ အတွက်တော့ အောက်မေ့ဖွယ်ရာ အဖြစ်သာ ပြန်လည် ခံစားကြပါကုန်။
လွန်ခဲ့သော ဖေဖါဝါရီ လကုန် တရုတ်နှစ်သစ်ကူး အကုန် ခန့်မှ စပြီး ကျွနုပ်မှာ မျောက် ငပိ ကိုင်မိသကဲ့သို့ နေမထိထိုင်မသာ ဖြစ်နေခဲ့၏။ အဘယ့်ကြောင့်နည်း။ အန်ပေါင်း ဒေါ်လာ များစွာရရှိသောကြောင့်လော။ မဟုတ်ပါ။ သို့မဟုတ်လျင် ချစ်သူမှ သီလရှင် ရာသက်ပန် ဝတ်သွားသောကြောင့်လော။ မဟုတ်ပါ။ ဤသို့ စိတ်ကူးနှင့်ရူး၍ မီးခဲ ဖင်ခုထိုင်ထားသကဲ့သို့ ဖြစ်နေရခြင်းမှာ မိမိတို့ တကြိမ်တခါ မှ မတွေ့ဘူးကြသော MSC Admin များဖြင့် မန္တလေးမြို့တွင် တွေ့ဆုံရမည် ဖြစ်သောကြောင့် ဖြစ်၏။
တခါမှ မတခါဘူးသော FA တို့ ရင်ခုန် နေသကဲ့သို့ မိမိလည်း အသစ်စက်စက်ချစ်သူ ဖြစ်သော MSC Admin တို့အားတွေ့ဆုံရန် ရင်ခုန် နေချေတော့ တမုံ့။ ချစ်သူအား ချစ်ခွင့်ပန် ရမည့် FA တကောင် ၏ ရင်ခုန်သံများကို ရေတွက်ရင်း ထိုနေ့ရက်တို့ကာ ရောက်လာချေပြီ။ ကျွနုပ်ကာ မြန်မာပြည်တွင် တဦးတည်း ခရီးမသွားဘူးရကာ အဝေးပြေးကွင်းသို့ ကားဖြင့်လိုက်ပို့သော မွေးဖခင်ကာ သားလှလူချောအား အမှာပါးနေသည်မှာ နာရီဝက်ခန့်ကြာ၏။
အစားအသောက်ဆင်ခြင်ရန်လည်း ပါသလို Beer များအား နွားငတ်ရေကျ မသောက်ရန်လည်းပါ၏။ မိမိ၏ ဖုန်းနှင့် ပိုက်ဆံအိတ်များကို ဂရုစိုက်ရန်လည်း မှာကြာသလို မိမိမသိသော သူစိမ်းများ အားမယုံကြည်ရန်နှင့် မန္တလေး တွင် နေဧ တို့ ပေါများကြောင်းလည်း ပြောပြ၏။
အထူးသဖြင့် ယခုကဲ့သို့ အချိန်တွင် မိမိတို့ ၃၄ သိန်းတန် ပစ္စည်းများအား ခိုးယူဖြုတ်သွားကြသော ကိစ္စများ ရှိနေသဖြင့် အထူးဂရုပြုရန်လည်း မှာကြား၏။ မိမိကာ ၃၄သိန်း တန်ပစ္စည်း ဆိုသည်နှင့် ဂျင်းပန် နှစ်ထပ်ဝတ်သွားရန် စိတ်ကူးမိ၏။ ဟုတ်သား သက်ကိုဇော်တို မန္တလေး သားများ ကာ ယုံရသည်မဟုတ်။ တရုတ်နှင့် လည်း နီးသည်မဟုတ်လား။ ရှိစေတော့။
မိမိလည်း ဖခင်၏ အမှာစကားအား နားထောင်ပြီးနောက် VIP class ဟုခေါ်သော အဝေးပြေးကားပေါ်သို့ တက်လေတော့၏။ အဝေးပြေးကားကြီးကာ နှံကောင် ကြီးတကောင်နှင့်ပင် တူသေးတော့၏။ မိမိလည်း ဤ တကြိမ်တော့ ကိုယ်ပိုင် ထိုင်ခုံနှင့် စီးရသော VIP ( very important person) ဖြစ်ရသည်ကို အနည်းငယ် ဂုဏ်ယူမိ၏။
မိမိကာ ခဏတာမျှ အရေးပါအရာရောက်သူ မဟုတ်လော။ မိမိ၏ တခုံကျော်ကို လှမ်းကြည့်သောအခါ မိမိမှာ အရေးပါသူ တယောက်မဟုတ်ကြောင်း သိတော့၏။ အကြောင်းမှာ ပန်ချာပီ ကုလားကြီး တယောက်ထိုင်နေသောကြောင့် ဖြစ်၏။ VIP ဆိုသည်မှာ ( very important panjapi ) လည်း ဖြစ်နိုင်သည်မဟုတ်လား။ ရှိစေတော့။
ထို့နောက် ည ၉ နာရီကွက်တိ တွင် ကားထွက်လေတော့၏။ မိမိလည်း မြန်မာတို့ အချိန်လေးစားလာကြသည်ကို ဝမ်းသာရ၏။ လေယဉ်ပေါ်တွင် တာဝန်ထမ်းဆောင်သော အမျိုးသမီး များအား လေယဉ်မယ်ဟု ခေါ်လျင် ကားပေါ်တွင် တာဝန်ထမ်းဆောင်သော အမျိုးသမီးအား အဝေးပြေးယဉ်မယ် ဟု ခေါ်ရမည်လော။ မိမိလည်း မပြောတတ်။
အနှီး အဝေးပြေးယဉ်မယ်ကာ မိမိအား ရေသန့်ဘူး ၊ အချိုရေ ၊ ကိတ်မုန့် တို့ ဖြင့် ဧည်ခံ၏။ အသံလေးကလည်း ချိုသာ၏။ အဝတ်အစားဝတ်ထားသည်မှာလည်း လေယဉ်မယ်များကဲ့သို့သာ။ ထိုကားပေါ်တွင် ခြုံစရာစောင်လည်း ပေး၏။ ည ၁၁ နာရီခန့်တွင် ၁၂၅ မိုင် ယဉ်ရပ်နားစခန်း တွင် ညစာစားရန် ခဏတာရပ်ပေး၏။
ထိုခဏတာ ယဉ်ရပ်ခါနီး အနှီးချောမောလှပသော အဝေးပြေးယဉ်မယ် ကြေညာလိုက်သည်မှာ မိမိတို့၏ အဖိုးတန်သော ပစ္စည်းများအား မိမိတို့ နှင့် တပါတည်း ယူဆောင်သွားကြပါရန် ပစ္စည်းပျောက်ပါက ယဉ်လှိုင်းမှ တာဝန်မယူ ဟု ကြေညာလေတော့၏။
မိမိလည်း စိတ်ကူးမိသည်မှာ မိမိတို့ စီးသောကားမှာ VIP class ဖြစ်၏။ ဤကဲ့သို ကားပေါ်တွင် မိမိပစ္စည်းပျောက်လျင် မိမိတာဝန်သာ ဖြစ်သည် ဆိုခြင်းမှာ Servic provider ဟုခေါ်သော ဤကဲ့သို့ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းတွင် တာဝန်ယူမှု မရှိခြင်းမှာ နိုင်ငံခြားသားများအတွက် အနည်းငယ် ပျက်နှာ ပျက်စရာကောင်းသည်ဟု မြင်မိ၏။
မတတ်နိုင် မိမိလည်း မြန်မာပြည် ရောက်နေသည် မဟုတ်လား။ သွား၍ လျှာရှည် မိလျင် ကားခ ပြန် အန်း၍ " ဒီကနေ လမ်းလျှောက်သွားတော့ " ဟုဆိုလာလျင် ခက်ချေတော့မည်။ ယဉ်ရပ်နားစခန် ရှိ Pioneer စားသောက်ဆိုင်ကြီးထဲတွင်ကာ စာသောက်သူများအား အလှူပေးသကဲ့သို့ ရှိနေ၏။
အစားအသောက်မှာ ယူသံ ၊ စားပွဲထိုးကလေးများ၏ အသံတို့ကာ ပွက်လောရိုက်၍ နေတော့၏။ မိမိလည်း အပေါ့အပါးသွား၍ ဟိုဟို သည်သည် ငေးနေတော့၏။ တနေရာတွင်ကာ အတန်ငယ်နွမ်းပါးဟန်ရှိသော ခရီးသွား မိသားစု တစုထိုင်နေ၏။ ဘေးတွင်ကာ ၅ နှစ်ခန့်ရှိသော ကလေးမှာ ဗိုက်ဆာ၍ ထင့် တဂျီဂျီပူနေ၏။
မိခင်ကလည်း စိတ်မရှည် ၍ " သေချင်းဆိုးလေး ညနေကမှ ကျွေးထားတာ ငတ်နာ အဲသလောက်ကျ ရသလား " ပြော၍ ထရိုက်လေတော့၏။ ကလေးငိုသံမှာ ပတ်ဝန်းကျင်တွင် ဖုံးလွမ်းသွား၏။ ထိုကလေး ငိုသံနှင့် အတူ ကားထွက်တော့မည် ဖြစ်၍ တကြော် ကြော် ခေါ်နေသော မိုက်ခွက်မှ အသံတို့ကာ ပတ်ဝန်းကျင်တွင်ဆူညံနေတော့၏။
အေးချမ်းတိတ်ဆိတ်သော ညချမ်းမှာ ထိုယျဉ်ရပ်နားစခန်းတွင်တော့ ပွက်လောရိုက်လျက်ရှိ၏။ ကျွနုပ်လည်း ထိုအသံတို့နှင့် ဝေးရာသို့ လမ်းလျှောက်ထွက်ခဲ့လေတော့၏။ အကြောင်းမှာ နာရီဝက်ခန့် အချိန်ရှိနေသေးသောကြောင့် ဟိုဟိုဒီဒီ စပ်စုရန် ထွက်လာခဲ့ခြင်းသာဖြစ်၏။
ဈေးတန်း တနရာ ရောက်လျင် လူငယ်လေး နှစ်ယောက်ချဉ်းကပ်လာ၍ " အစ်ကို ဘာရှာ နေတာလဲ... ညီလေးတို့ကို ပြောလေ .. အစ်ကိုလိုချင်တာ အကုန် ရတယ် " ဟု ပြောလာ၏။ မိမိမှာ ကိုယ်တိုင်ပင် ဘာလိုချင်မှန်း မသိ၍ လျှောက် ငေးနေရာ ထိုလူငယ်လေး နှစ်ယောက် မှာ မိမိလိုချင်သည်ကို သိနေသည်မှာ အံ့သြဘနန်းရှိပေစွ။
ဤတွင် အခြားလူငယ်လေး တယောက်ကလည်း " အစ်ကို ၅၀၀၀ ပဲရှိတယ် အစ်ကို လိုချင်ရင် လျှော့ ပေးမယ်လေ " ဟု ပြောလာသဖြင့် ဤသည်မှာ မသမာသော ရောင်းဝယ်မှု သို့ မဟုတ် မူးယစ်ဆေး ရောင်းဝယ်မှု တခုခု ဖြစ်ကြောင်း တော့ သိနိုင်ပါ၏။ ကျွနုပ်လည်း စိတ်ပေါက်ပေါက်ရှိလာ၍ " ဟေ့ကောင်တွေ ငါမျက်နှာ သေချာကြည့်စမ်း " ဟူ၍ ငေါက်လိုက်၏။
ထိုအချိန်မှ ထိုသကောင့်သားတို့ကာ " ဟာ ... ဟုတ်ကဲ့ ဗိုလ်ကြီး ၊ စိတ်မရှိပါနဲ့ ဗိုလ်ကြီး ၊ သားတို့ မသိလို့ပါ" ဟူ၍ မိမိရှေ့မှ ပျောက်ကွယ် သွားကြကုန်၏။ အဟောသုခံ .... ဆံပင်တိုတို ညှပ်ထားခြင်း အကျိုးကာ ကြီးမားလှပေစွ။ မိမိလည်း ဗိုလ်ကြီး အထင်ခံရသည် အသာထား ရိုက်လုလျင် ဗိုလ်ကြီးလည်း တတ်နိုင်မည် မဟုတ်သဖြင့် မိမိစီးသော ကားဆီသို့သာ ပြန်လာခဲ့ရ၏။ မကြာမှီအချိန်တွင်လူ စုံ ပြီ ဖြစ်သဖြင့် ထိုအဝေးပြေး ကားကြီးမှာ ကျွနုပ်တို့အား မန္တလေး ရွှေ မြို့ တော်သို့ ခေါ်ဆောင် သွားလေတော့၏။
ဆိုခဲ့သည့် အတိုင်း အဝေးပြေးကားကြီးမှာ ညအမှာင် ထဲသို့ တိုးဝင်၍ အဝေးပြေး လမ်းမပေါ်တွင် မြင်းရိုင်း တကောင်ကဲ့သို့ ပြေးလွှားလျက်ရှိ၏။ မိမိမှာ ချမ်းအေးလွန်းသော air con အောက်တွင် စောင်ခြုံ၍ ကွေးနေတော့၏။
အိမ်မက်ထဲတွင်ကာ Steem ဈေး $100 ကျော် ဖြစ်နေ၍ မိမိနှင့် အတူ MSC အဖွဲ့သားများ အောင်ပွဲခံနေကြ၏။ အောင်ပွဲခံ၍ မှ မဆုံးခင် " အပေါ့အပါး သွားနိုင်ပါပြီရှင်" ဟူသော အသံဖြင့် လန့်နိုးလာ၏။ နာရီကြည့်သော် ၄ နာရီခွဲ ချေပြီ။ မိတ္ထီလာ သို့ ရောက်ပြီ ဖြစ်ကြောင်းလည်း သိရ၏။ မိမိလည်း အပေါ့အပါးသွားရန် ထရ၏။
မသွားလို့ကလည်း မဖြစ်။ နံနက် ၅ နာရီထိုးလျင် နိုးစက်ထက်ပင် ပို၍တိကျ သော ကျွနုပ် ဗိုက်မှာ အချက်ပေးတော့မည်ကို သိ၏။ ဤသို့ နံနက် စောစော အစာဟောင်း စွန့်ခြင်းမှာ ကျန်းမာရေးနှင့် ညီညွတ်သော်လည်း ခရီးသွားလျင်ကာ လွန်စွာမှ ကသိကအောက် ဖြစ်ရ၏။
မှတ်မှိသေးသည်။ လွန်ခဲ့သော နှစ် အနည်းငယ်ခန့်က ဗန်းမော် တွင်ရှိသော မိမိ အဖွား နေမကောင်း ဖြစ်နေ၍ မိမိအား တွေ့ချင် ကြောင်း အကြောင်းကြားလာသောအခါ ခရီးသွားရန် အကြောင်းဖန်လာခဲ့၏။မိမိအစ်မ အကြီးဆုံး ဖြစ်သူနှင့် ခရီးသွားရ၏။ အစ်မ ဖြစ်သူမှာ ခရီးသွားသည်နှင့် အစားမစာတော့သလို ရေသောက်လည်း အလွန် နည်းသွားသဖြင့် ကိစ္စမရှိ။
မိမိမှာသာ ကိစ္စများရတော့၏။ ရန်ကုန်မှ မန္တလေး သို့ အမြန်ရထား အထူးတန်းမှ စီး၍ ကိစ္စမရှိ သော်လည်း ( ကြမ်းပိုးကိုက်သည်မှလွဲ၍ ) မန္တလေးမှ ဗန်းမော်သို့ ကားစီးသောအခါ တွေ့လေပြီ။ ဘုရာစူး အဝေးပြေးကားဖြစ်၏။ ကားခေါင်မိုးပေါ်တွင် ကုန်များ အပြည့် တင်ထား၏။
မိမိထိုင်ခုံ အောက်တွင်လည်း ကုန်ပစ္စည်းများကာ အပြည့်။ ခြေချစရာပင်မရှိ။ ဒူးထောင်၍ ထိုင်ရ၏။ ခုံတန်းများ၏ အလယ် လူလျှောက်သော လမ်းများတွင်လည်း ကုန်များကာ အပြည့် ။ အပြင်ထွက်လျင် ထိုပစ္စည်းများအား နင်းကျော်ခွ၍ ထွက်ရ၏။ ကားနောက်ဘက်တွင်လည်း ကြက်ခြင်းများတင်ထားသေး၏။ ကားမှာ aircon ကားမဟုတ် ပြတင်းပေါက် ဖွင့်စီးရသောကားဖြစ်၍ လမ်ခရီးတခုလုံး ဖုန်ရှူ၍ စီးလာရ၏။ ဗန်းမော်သို့ မရောက်မှီ ငရဲသို့ အရင်ရောက်သကဲ့သို့သာ။
လှတပတ ဝတ်စားလာသော မဒီပျိုလေးများလည်း နောက်တနေ့တွင် ခေါင်းနှင့် မျက်ခုံးမွေး တို့တွင် ဖုန်များဖြင့် ဖြူဖွေးနေ၍ မျောက်ဖင်နီ ဘဝသို့ ရောက်ကြရ၏။ ဆိုခဲ့သည့် အတိုင်း ထို ဗန်းမော် အဝေးပြေးကား စီးလာ၍ နံနက် ၅ နာရီထိုးသောအခါ ကျွန်တော့တွင် ကိစ္စများချေပြီ။ သဘာဝအား လွန်ဆန်၍ မရ။
မန္တလေး တွင် စားခဲ့သော ရေစိမ် ခေါက်ဆွဲ နှစ်ပွဲကာ နောက်တနေ့တွင် ဒုက္ခပေးချေပြီ။ ကြိုးစား၍ အောင့်ထားသည်။ မရ ။ မရ၍ စိတ်တိုလာ၏။ အာရုံ ပြောင်းရန် အချောအလှ မည်သူရှိသနည်း ရှာကြည့်သော်လည်း ချမ်းအေး လှသော ဆောင်းတွင်းကြီးတွင် အားလုံး စောင် ခေါင်းမီးခြုံ၍ အိပ်နေကြ၏။
မိမိတယောက်တည်း ဤမျှချမ်းသော ဆောင်းတွင် နံနက်ခင်းတွင် ချွေးစေးများ ပြန်နေ၏။ နောက်ဆုံး မည်သို့မျှ မခံနိုင်တော့သဖြင့် လူများ ပစ္စည်းများ ကျော်ခွ၍ ကားရှေ့ခန်းသို့ သွား၍ ကားစပယ်ယာအား မိမိပြသနာ ကို ရှင်းပြရလေတော့၏။ ထိုသကောင့်သား ကားစပယ်ယာ ရှင်းပြလိုက်မှ ကားပေါ်မှ ခုန်ချ ချင်စိတ် ပေါက်သွားတော့၏။
" အစ်ကို အခုကျွန်တော်တို့ တောင်တက် နေတာ ရပ်လိုက်လို့ မရဘူး ၊ ရပ်လိုက်ရင် ကား နောက်ကို ပြန်လိမ့် ဆင်းသွားလိမ့်မယ်" ဟူလို။ မိမိလည်း အောင့်ထား၍ မရတော့ကြောင်း ကတုန်ကယင် နှင့် ရှင်းပြရ၏။ ထို့နောက်မှ စပယ်ယာကလည်း ၅ မိနစ်ခန့်သာ ကြိုးစား အောင့်ထားရန် နှင့် အရှေ့ တပြ တွင် တံတား တစင်း ရှိကြောင်း ၊ ထိုတံတား ရောက်လျင် ခရီးသည်တို့ အားလုံး လမ်းဆင်းလျှောက်ကြရမည် ဖြစ်ကြောင် ပြောပြ၏။
ကျွန်တော့အား အာရုံပြောင်း စေရန် ကွမ်းကျွေး၏။ ကွမ်းစားသည်က ကွမ်းစားသည်သာ ဖြစ်၏။ ဗိုက်နာ၍ အိမ်သာတက်ချင်နေသော ဆန္ဒအား ပျောက်သွား အောင် မစွမ်းသာပါ။ အနှီး စပယ်ယာပြော သော တပြ မှာ မည်မျှ ရှည် သော တပြ ဖြစ်မှန် မသိ။
နာက်ဆုံးတွင် ထို စပယ်ယာပြောသော တံတား သို့ ရောက်လေပြီ။ ပျော်ရွှင်ခြင်းကာ ပြောမပြတတ်။ မိမိချစ်သူထံမှ ချစ်ပါတယ်ဟူ သော အဖြေ ရလျင်ပင် ထို အပျော်ကို မမှီတန်ရာ။ တံတာဘေးတွင် ရှိသော ဂိတ်တဲလေးထံသို့ သွား၍ အိမ်သာ ရှိရာသို့ လမ်းညွန် ခိုင်းရ၏။ စစ်သား ၄ ဦးခန့် ထိုင်၍ မီးလှုံနေသော ဂိတ်တဲဖြစ်၏။
စစ်သား တစ်ဦးမှ တောအုပ်ဘက်သို့ လက်ညိုးထိုးပြသဖြင့် တောအုပ်ရှိရာသို့ ဓါတ်မီးကိုင်၍ ထွက်လာခဲ့၏။ အိမ်သာကာ ရှာမတွေ့။ ဟိုဟို သည်သည် မီးထိုး၍ ရှာသော်လည်း မတွေ့ ။ ထမင်းစားခါနီး ဟင်းခွက် မှောက်ကျသကဲ့သို့ ခံစားရ၏။ ဂိတ်တဲလေး သို့ တခေါက်ပြန် ပြေး၍ အိမ်သာမတွေ့ကြောင်း ပြောရလေတော့၏။
စစ်သားများကလည်း ရယ်မော၍ " အဲမှာ ရှိတဲ့ ခြုံတွေက အိမ်သာတွေပဲလေ " ဟူလို။ မတတ်နိုင် ။ မိမိလည်း မြွေပါးကင်းပါ ကြောက်သဖြင့် ချောင်းဘေးရှိ အတန်ငယ်ဝေးသော သောင်ပြင်လေးသို့ ထွက်လာခဲ့၏။ သောင်ပြင်သို့ သွားသောလမ်းတွင် ခြေလှမ်းတို့မှာ မူမမှန်ချင်တော့။
ဖင်လေး လိမ်ကျစ်လိမ်ကျစ်ဖြင့် ကီမိုနို ကျပ်ကျပ် ဝတ်ထားသော ဂျပန်မကဲ့သို့ သွားရလေ၏။ သောင်ပြင် ပြန့်ပြန့်ကာ ရောက်လေပြီ။ သဲကျင်းတူး၍ ကိစ္စရှင်းရ၏။ အစာဟောင်း တို့ကာ မြည်သံစွဲ အလင်္ကာ မျိုးစုံ ရွတ်၍ ပြေးထွက်လာကြ၏။ ထို အချိန်တွင်း ချောင်းရိုးလေးမှ လေညှင်းလေး တိုက်ခတ်လာရာ ပြန်နေသော ချွေးစေး တို့ဖြင့် ထိတွေ့၍ အေးမြ စိတ်ချမ်း သာ သော ရသကို ခံစားရ၏။
ထို စည်းစိမ်ကာ အလွန်ကြီးမား၏။ သကြားမင်း စည်းစိမ်ဖြင့် မလည်း နိုင်ရာ။ ကိစ္စရှင်းပြီးသော် အရှေ့ဘက်မှ ရောင်နီ ပျိုလာပြီ ဖြစ်၍ ငှက်ကလေးများ၏ စိုးစီ စိုးစီ အသံကို ကြားရ၏။ ထိုခဏ၌ ကမ္ဘာလောကကြီးမှာ အရာရာ ငြိမ်ချမ်း လှပနေတော့၏။
ဤသည်မှာ ကြုံ၍ ကျွန်တော် ဗန်းမော် သွားခဲ့သော ခရီးသွား အတွေ့အကြုံ ကို ကြုံကြိုက်၍ ဖေါ်ပြရခြင်း ဖြစ်၏။ယခုတော့ မန္တလေး - ဗန်းမော် အဝေးပြေးကားများလည်း အတော်အတန်းကောင်းမွန်လာကြောင်း လမ်းခရီးလည်း ကောင်းမွန်ကြောင်း ကြားသိရ၏။ ကောင်းလေစွ။
ဤ မန္တလေး ခရီးစဉ်တွင် လည်း ထိုကဲ့သို့ မဖြစ်ရအောင် မိတ္ထီလာတွင် အပြတ်ရှင်းခဲ့တော့ ၏။ ကားပြန်ထွက် သော် အေးမြလွန်းသော aircon ကြောင့် ထပ်မံအိပ်မရတော့။ မှောင်မိုက်သော အပြင်ဘက်ရှိ ရေးတေးတေး မြင်ရသော ရှုခင်း ကို ငေးနေတော့၏။
မကြာခင် တံတားဦးသို့ ရောက်လေပြီ။ မိမိကာ မကြာခင် မန္တလေး ရွှေမြို့ တော်သို့ ခြေချရတော့ မည်ဖြစ်၍ မိမိ၏ Tour guide ဖြစ်သော သက်ကိုဇော်အား ဖုန်းဆက်ခေါ်ရတော့၏။ ဖုန်းမှ ပြန်ကြားလာသည်ကာ " သင်ခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင် " ဟူလို။ ဒုက္ခနှင့် လှလှ ကာ မန္တလေး ကျွဲဆယ်ကန် ကားကွင်း မရောက်မှီ တွေ့ကြပါလေပြီ။
ဆက်လက်ဖေါ်ပြပါမည်။
Henry Aung ( Kachin )
08/02/2022 - Tuesday - 18;26 Pm