မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် မပြီးပြတ်သေးသော Cryptocurrency လိမ်လည်မှုများ အကြောင်း ရေးသားရန်ကျန်ရှိနေသေးသော်လည်း ယနေ့တွင် ရေးသားရန် အာရုံမရ ဖြစ်နေသောကြောင့် ဤ မြန်မာ နှင့် Cryptocurrency အကြောင်း ပြောင်းလည်း ရေးသားရခြင်း ဖြစ်ပါသည်။
အမှန်တော့ ကျွန်တော့ အနေဖြင့် Space Coin နှင့် Bitconnect တို့အကြောင်း ရေးသားရန် အချက်အလက်စုနေဆဲဖြစ်ပါသည်။ နှောင် အလျဉ်သင့်လျင် ထို Bitconnect နှင့် Space Coin တို့ အကြောင်း ဖေါ်ပြပေးပါမည်။ ယခု မြန်မာပြည် အကြောင်း ဆက်ကြပါအုံးစို့။
လွန်ခဲ့သော နာရီ အနည်းငယ်က ကိုထွေးအနေဖြင့် မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ထုတ်ပြန်သော ကြေညာချက်တစောင်ကြောင့် ကျွန်တော်တို့ Cryptocurrency စုနေကြသူများ စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း ရေးသားထားသည်ကို ဖတ်ရပါသည်။
အမှန်ဆိုရလျင် ဗဟိုဘဏ်၏ သတိပေးချက်သည် ပြစ်ဒဏ်နှင့်တွဲ ဖေါ်ပြပေးထားသောကြောင့် စိုးရိမ်စရာ ဖြစ်နေပါသည်။ အမှန်တော့ ကျွန်တော်နားလည်သည်မှာ ဗဟိုဘဏ်မှ သတိပေးချက် ထုတ်ပြန်ခြင်းသည် ဤ Cryptocurrency အား ငွေကြေးရောင်းဝယ်မှုပုံစံဖြင့် လည်ပတ်နေကြသော ဝယ်ရောင်း သမား ၊ အဓိကအားဖြင့် Mini Exchange site များအားရည်ရွယ်ပါသည်။
အဘယ့်ကြောင့် ဆိုသော် Cryptocurrency ဖြင့် ငွေကြေးခဝါချမှု ပြုလုပ်နိုင်သောကြောင့် ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုရလျင် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော ငွေမည်းများ အလွန်တရာများပြားနေသည်ဖြစ်ရာ ထိုငွေမည်းများအား Cryptocurrency အတွင်းပြစ်ထည့်ကာ ငွေဖြူအဖြစ်ထုတ်ယူကြမည်ကို ဗဟိုဘဏ်က ကြိုတင် တားဆီးခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့နိုင်ငံအနေဖြင့် ငွေကြေးနှင့်ပတ်သက်၍ လုံခြုံမှုအလွန်နည်းပါးပါသည်။ ငွေကြေးအတုများလည်ပတ်နေသည်ကို ဒီအတိုင်းကြည့်နေကြရသလို မည်သည့်နည်းဖြင့် ချမ်းသာလာကြသနည်းဟူသော နောက်ခံအား လိုက်လမ်စုံစမ်းရန် အခက်အခဲရှိနေသေးသော နိုင်ငံ ဖြစ်ပါသည်။
ဥပမာ တခုအနေဖြင့် ဆိုရလျင် အာဏာပါဝါ ရှိသော သူတယောက်ယောက်မှ Myanmar Cryptocurrency Exchanges site ဖွင့်ကာ အထက်တွင်ဖေါ်ပြခဲ့သောငွေမည်းများအား ငွေဖြူပြောင်းလည်းစေလိုက်လျင် မြန်မာကျပ်ငွေသည် အတော်လေး ကမောက်ကမဖြစ်သွားမည် ဖြစ်ပါသည်။
အာဏာတဝက်သာ ရရှိထားသော လက်ရှိအစိုးရအနေဖြင့် မဖြစ်ခင် ကြိုကန်ထားနိုင်မှ တော်ကာကျပါလိမ့်မည်။ အစိုးရ၏ အာဏာ ပါဝါ ထိရောက်သော စင်္ကပူတွင် Cryptocurrency ဝယ်ရောင်းလုပ်နိုင်ပါသည်။ သို့သော် ချမှတ်ထားသော စည်းကမ်းများ လိုက်နာရပါလိမ့်မည်။
Binance SG ကဲ့သို့သော Crypto wallet များအား မိမိဘဏ်အကောင့်နှင့် တွဲဖွင့်ထားနိုင်ပါသည်။ မလေးရှားတွင် Coinhako ဖြင့် တွဲထားနိုင်သလို Vietnam တွင် ကိုယ်ပိုင် Exchanges site စနေပြီ ဖြစ်ပါသည်။ ဆိုလိုသည်မှာ မိတ်ဆွေအနေဖြင့် Cryptocurrency အား တလွဲအသုံးမချသရွေ့ ကိစ္စမရှိနိုင်ပါ ။
ဗဟိုဘဏ်မှ Cryptocurrency ဝယ်ရောင်းမလုပ်ရဟုသာ သတိပေးပါသည်။ မည်သူမျှ Cryptocurrency မပိုင်ဆိုင်ရဟု မကန့်သတ်ထားပါ။ သင့်အနေဖြင့် အပိုဝင်ငွေတခုဖြစ်သော Cryptocurrency အား တရားနည်းလမ်းတကျရှာဖွေစုဆောင်းနိုင်ပါသည်။
ကျွန်တော်တို့ ယခင် Steemit တွင် ဂယက်ရိုက် နေခဲ့စဉ် မတိုင်ခင်ကတည်းက မြန်မာပြည်တွင် Cryptocurrency ခေတ်စားနေခဲ့ပြီး ဖြစ်ပါသည်။ သို့သော် ရောက်ရှိလာသော Cryptocurrency တို့တွင် ကျွန်တော်သိသလောက် MLM နည်းဖြင့် ရောက်လာကြကာ Cryptocurrency ဟုဆိုလျင် ဘယ်အချိန် Scam ဖြစ်မလဲဟူသော အတွေးများ တွေးထားသည်အထိရှိခဲ့ကြပါသည်။
ဤသည်မှာ ကျွန်တော်သိထားသော မြန်မာပြည်ရှိ Cryptocurrency ။ Steemit ရောက်ရှိလာပြီးနောက် တရားသောနည်းလမ်း ဖြင့် Cryptocurrency ရှာကြရာတွင် ခေတ်ကောင်းစဉ်က ဂယက်ထနေကြသော်လည်း Steem စျေးများကျဆင်းသွားခြင်းနှင့်အတူ နောက်ဆုံးတွင် လက်ဆယ်ချောင်း မပြည့်သော အကောင့်များသာ ဤလမ်းကြောင်းပေါ်တွင် ကျန်ရစ်နေခဲ့ပါသည်။
စာရေခြင်းဖြင့် Cryptocurrency ရသော ဤလမ်းသည် အလွန်ပင်ရိုးရှင်းပါသည်။ ရှိစေတော့။ မြန်မာပြည် Cryptocurrency အကြောင်း ဆက်ပါအုံးစို့။ မိတ်ဆွေ အနေဖြင့် မိမိတို့ တရားနည်းလမ်းကျရှာဖွေထားသော Cryptocurrency အား မြန်မာပြည်တွင် မထုတ်ရလျင် တရားဝင်ထုတ်ခွင့်ရှိသော ထိုင်း ၊ မလေးရှား ၊ စင်္ကပူ ၊ ဗီယက်နမ် တို့တွင် သွားရောက်ထုတ်ယူကြပါကုန်။
အလည်အပတ်လည်းသွား ငွေကြေးလည်းထုတ်ပေါ့။ မြန်မာပြည် အနေဖြင့် Cryptocurrency တရားဝင် Exchange ဖွင့်ရန်မှာ စောလွန်းနေပါသေးသည်။ အချုပ် အနေဖြင့် ကျွန်တော်မှာလိုသည်မှာ မိမိပိုင်သော Cryptocurrency အား မည်သူမှထိ၍ မရပါ။ ချမှတ်ထားသော စည်းကမ်းများ လိုက်နာနေသရွေ့ မိမိတို့ Cryptocurrency ပိုင်ဆိုင်ခွင့်ရှိပါသည်။
Henry Aung (Kachin)