မင်္ဂလာပါ။ ယခုတလော စာရေးရသည်မှာ ထင်သလောက် လွက်မသွက်ပါ။ ရေးစရာ အကြောင်းအရာများ ရှိနေသော်လည်း ရေးသားရန် လက်တွန့်နေရပါသည်။ သူများနိုင်ငံအကြောင်း ရေးသား၍ အဆင်ပြေနေသော်လည်း မိမိတို့ နိုင်ငံနှင့် ယှဉ်လိုက်လျင် မသိစိတ်က အလိုလို ဒေါသထွက်လာကာ ဤ အခြေအနေ သို့ ရောက်အောင် တွန်းပို့ခဲ့ကြသော ညဏ်ကြီးရှင်များအား မေတ္တာပို့မိသည်မှာ အခါခါ။
ဤသို့ဆိုလျင် မြန်မာပြည် အကြောင်းရေးပါလား ဟုပြောလာခဲ့လျင် မြန်မာပြည်ကြီး အကြောင်းကလည်း ငလျင်လှုပ်ခြင်း နှင့် အလင်းတန်းဖြတ်ခြင်း တို့သာ အကောင်းရေးစရာ ရှိပါသည်။ ကျန်သည့် အကြောင်းအရာများက စာကြောင်း တကြောင်းရေးပြီးလျင် သွေးညှီ နံ့ ထွက်လာမည့် အကြောင်းအရာများသာ။
ဤသို့ ဆိုလျင် Crypto Coin / token များ အကြောင်း တတ်သလောက် မှတ်သလောက် ဝင်ရေးပါလား ဟု ပြောစရာဖြစ်လာပါသည်။ Cryptocurrency များ ကြည့်လိုက်တော့လည်း မိမိအား အရွဲ့တိုက်နေသလား အောက်မေ့ရပါသည်။ တက်လာပြီ တက်လာပြီ ဟူ၍ မျှ ပျော်၍ပင်မဆုံးသေး ဇောက်ထိုး ဆင်းသွားပါလေပြီ။
နေ့စဉ် အကြောင်းအရာများအား ဒိုင်ယာရီ ရေးသကဲ့သို့ ရေးရန်ကလည်း စိတ်ဝင်စားစရာ ဘားမျှမရှိ... တခါတလေ ဘားမျှ မလုပ်ပဲ ငုတ်တုတ်ထိုင်ငေး နေမိသည်မှာ အကြိမ်ကြိမ်။
ယခုတလော မိတ်ဆွေ သူငယ်ချင်းများ ဖြင့် ဆက်သွယ်လိုက်တိုင်း အဓိက ပြောဖြစ်သည့် အကြောင်းအရာများကတော့ မည်သည့် နိုင်ငံတွင် အခြေချရန် စဉ်းစားနေပြီလဲ ဟူသည့် အကြောင်းအရာ များ ဖြစ်ပါသည်။ အချို့က ထွက်ခွာသွားကြပြီ ဖြစ်သလို အချို့က ပြင်ဆင်နေဆဲ အချို့က လည်း လမ်းကြောင်းရှာနေဆဲ။
လွန်ခဲ့သော ၁၉၉၀ ခုနှစ်ဝန်းကျင်းတွင် ပြည်ပသို့ ရောက်ရှိသွားသော ပညာတတ် လူတန်စားများ ( Brain Drain ) အတော်များများ ရှိခဲ့ဖူးပါသည်။ ထို့နောက် လုပ်နိုင်ကိုင်နိုင်သော လူငယ်လူရွယ်များ ပြည်ပသို့ ထွက်ခွာသွားကြကာ လုပ်အား ပြုန်းတီးမှု ဖြစ်ခဲ့ပါသည်။ ယခုတကြိမ်တွင်တော့ မြန်မာပြည်ရှိ လူလတ်တန်းစားများ ပြည်ပ ပြောင်းရွှေ့မှုနှုန်းမှာ ကြောက်ခမန်းလိလိပင် ဖြစ်ပါသည်။
ကျွန်တော်လည်း ဘာလိုလို နှင့် မလေးရှား ရောက်နေသည်မှာ တနှစ် ဝန်းကျင် ဖြစ်တော့မည်။ ကျွန်တော့ မိတ်ဆွေများကလည်း မေးကြပါသည်။ ဘယ်နိုင်ငံ ရွေးချယ်ထားသလဲ ဆိုသည့် အကြောင်း။ ကျွန်တော်က တော့ ထွေထွေထူးထူး ရွေးမထားပါ။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော့တွင် အသက်ကြီးလာပြီ ဖြစ်သော မိအိုဖအို ရှိနေသောကြောင့် မြန်မာပြည်တွင်သာ ရှိနေပါအုံးမည်။
သို့ပေသိ အကြောင်းအကျိုး တိုက်ဆိုင်လာလျင်တော့ ကံစီမံရာ အတိုင်းသာဟု ဆိုရပါမည်။ အမှန်ဆိုရလျင် ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများ၏ ဘဝများအား ကျွန်တော် အတော်လေးနားလည်ပါသည်။ မည်သူမျှတော့ မိမိနေရပ်အား စွန့်ခွာလိုကြမည် မဟုတ်ပါ။ အခြေအနေအမျိုးမျိုးကြောင့်သာ ထွက်ခွာသွားရခြင်း ဖြစ်ပါသည်။
အသက်ငယ်သေး၍ စွန့်စားလိုသူများ အတွက်တော့ ပြသနာမရှိပါ။ သို့သော် မြန်မာပြည်တွင် အိုရသည်နှင့် နိုင်ငံခြား တိုင်းပြည်တွင် အိုရသည် မတူညီပါ။ အထူးသဖြင့် ဇာတိအား ချစ်တတ်သော မြန်မာသက်ကြီး ရွယ်အိုတို့ ပိုနားလည်ပါလိမ့်မည်။
၂၀၂ဝ နှစ်ကုန်လျင် ၂၀၂၁ ရောက်လျင် ပိုမိုကောင်းမွန်ရန် မျှော်လင့်ခဲ့ကြပါသည်။ ယခုလည်း ၂၀၂၂ ကုန်လွန်တော့မည်။ ၂၀၂၃ ကတော့ ပို၍ ကောင်းမွန်မည်ဟု မျှော်လင့်ရပါသည်။
နံနက်စောစော နိုးလာလျင် တရက်တာ အသက်ရှင်သန်ရန် အတွက် ရုန်းကန် ကြရသလို ညနေ နေဝင်ချိန်ရောက်လာလျင်လည်း မနက်ဖြန်အတွက် ခွန်အားသစ်ယူရန် အိပ်စက် အနားယူကြရမည် ဖြစ်ပါသည်။ ညတာ ရှည်လွန်းလျင် အိပ်မက်များလှပါသည်။
Henry Aung ( Kachin )
17/12/2022 - Saturday - 17;50 Pm ( KL )