ရွေ့လျားသွားသော ကိန်းဂဏာန်းတစ်ခုက
သုံးချိုးတစ်ချိုးလား ထက်ဝက်လား.......
ဘဝ အစိတ်အပိုင်းတစ်ချို့က စိတ်စေရာ ကစား
တစ်ချို့က ဝေဝါး ၊ တစ်ချို့က အနည်မကျ
တစ်ချို့က ဖမ်းဆုပ်မရ ......
တိကျသေသပ်မှုမရှိသော မျဉ်းပြိုင်များနဲ့ လျှောက်လှမ်းရခက်သော နေ့စဉ်သောက များကြားမှ လောကဓံကို ငြိမ်းအေးခြင်း အရသာ မြည်းစမ်းခွင့်ပေးချင်သူ၊
အတွေးအခေါ်များနောက် ရင်းနှီးမြုပ်နှံရင်း လက်ဝယ်ကိုယ်ထိ ပိုင်ဆိုင်မှုမရှိတော့သူ၊
အနာဂတ်နဲ့ အတိတ်မှ နောင်တများအား ပစ္စုပ္ပန်တိုင်း ဖမ်းဆုပ်ခံစားစေသူ၊
အချစ်ကို အမြစ်လိုဖက်တွယ်ရင်း စွဲလမ်းခြင်းကို ရိုက်ချိုးချင်သူ၊
တရားဓမ္မနောက်လိုက်ရင်း သစ္စာစစ်စစ်ကြောက်နေမိသူ၊
သုဒ္ဓကိန်းစဉ်တန်းတစ်ခုလို စား၍မပြတ် တိကျသေချာမှုမရှိသောသူကို ငါလို့ခေါ်နိုင်မလား............
ငါရှာပုံတော်တစ်ခန်းရပ်ဖို့ ငါ တရားစီရင်ခန်းမှာ ငါ့ကိုယ်ငါ ... ငါဟာ ငါပါလို့ ကြယ်တွေမမြင်နိုင်သော နရီ စည်းချက်ကြားမှ ငါ့သိရှိခြင်တရား တစ်ချို့က ငါ့လက်ကိုတို့ထိ ငါမပိုင်တဲ့ ငါ့စာအုပ်မှ ခဲခြစ်ရာ စကားလုံးများ .....ဒီစာသားတွေကရော ငါပဲလား ........
ငါရှာနေဆဲ ငါက ငါ၊အတ္တ၊ဝိညာဉ်၊ကိုယ်ကောင် မရှိတဲ့ ရုပ်နဲ့ နာမ်အစုလား၊
Coding မတောက်တခေါက်နဲ့ လမ်းပျောက်နေဆဲ Programmer လား၊
ကိုယ့်ကိုချစ်တဲ့ သူတွေထက် ပြည်သူတွေအပေါ်တာဝန်ကျေချင်သူလား၊
မတရားမှုကိုတွန်းလှန်ရင်း နောက်ပြန်လဲကျ ပြန်မထနိုင်သူလား၊
လောကုတ္တရာ ကိုရှာဖွေရင်း လောကီတွင်းမှာပူဆွေးနေသူလား၊
မေးခွန်းများနဲ့ ငါမှ ငါ့ကို မေးရင်း ၊ မေးမြန်းခြင်းအဆင့်မှ တစ်ဆင့်ထပ်ပို၍ အဖြေမရှိသော ငါက ငါ့ကိုရှာဖွေနေဆဲပေါ့......
ငါ့ဦးနှောက်တွင်းမှ အားလုံးသော ငါများနဲ့ ထပ်တူကျခဲ့ဖူးသောငါ ပျောက်ဆုံးနေကြောင်း ငါပျောက်ကြော်ငြာကို ငါ့ရင်ဘတ်မှာ ကပ်ရင်း ငါရှာဖွေခြင်းလမ်းညွှန်မှုကို ဘယ်ငါက ပြုလုပ်ပေးမလဲ .....
ငါကိုယ်တိုင်က ယုံကြည်နိုင်လောက်စရာ ကောင်းသောငါကို တွေ့ရှိပြီလို့များ ငါ့နှုတ်ဖျားက ငါ့ကိုဘယ်ကာလမှ ထုတ်ဖော်ပြမလဲ....ငါနွေးထွေးရာအရပ်ကို မိသားစု၊ ငါချစ်ရာအရပ်ကို 'မ' လို့ခေါ်နိုင်သော်လည်း ငါရှိရာအရပ်ကို ငါလို့ခေါ်ဖို့ ဘယ်ငါကို ခိုင်းစေရမလဲ...... ငါသိသော ငါမှ ငါမသိသော ငါအား ငါရှိရာ လမ်းပြပေးလဲ့ပါ..... ငါ မှ ငါ့ ကိုရှာဖွေခြင်းများအား အဆုံးသတ်ချင်မိပြီ .....
စိုင်းအယ်ပြည့်