ကား၊ နာရီ နဲ့ လူ (သို့) ထိုင်ခြင်းနိယာမ
စ ပျက်တာကတော့ ကားပေါ့ .. ကား ဒိုင်ခွက်က ဆီမီတာ၊ Heat မီတာမမှန်တာနဲ့ ဝါယာရိန်းဆိုင်သွားပြဖြစ်တယ် .. ကားဒိုင်ခွက်ကို ဖြုတ်ပြီး ဝါယာရိန်းဆရာ ပြင်နေတုန်း ဘာအလုပ်မှ လုပ်ဖို့မရှိ ၊ ကိုယ်တိုင်လုပ်နိုင်တဲ့ အရာဘာတစ်ခုမှ မပါတော့ ဘေးကထိုင်ကြည့်ယုံပေါ့ ..
လက်ကောက်ဝတ်က ဓာတ်ခဲအားကုန်နေတဲ့နာရီကို သတိရတော့မှ ဝါယာရိန်းဆိုင်လာရာလမ်းမှာ မြင်မိခဲ့တဲ့ နာရီပြင်ဆိုင်လေး ဆီသွားဖို့ ဖြစ်လာခဲ့တယ် .. တစ်ဆိုင်လုံးနာရီများစွာနဲ့ ခင်းကျင်းထားပြီး နာရီပြင်နေတဲ့ နာရီပြင်ဆရာဆီရောက်တော့ ဓာတ်ခဲလဲဖို့ ပြောမိတယ် .. ခန လေးစောင့်ဖို့ပြောရင်းက ကိုယ့်ရှေ့မှာ ကြိုရောက်နေတဲ့ နာရီတွေ ကိုဓာတ်ခဲလဲပေးနေတယ် .. ကိုယ့်အလှည့်ရောက်လို့ နာရီဓာတ်ခဲလဲဖို့ နာရီလေးကိုပေးလိုက်ပြီး နာရီဖြုတ်တာလေးကို ဘေးက ထိုင်ကြည့်နေမိတယ် ..
အသံ ကြားလို့ လှည့်ကြည့်မိတော့ ဆရာအောင်ဇင်မင်း .. ကဗျာဆရာကြီး ဆရာအောင်ဇင်မင်း .. အသက် ၈၀ ကျော်ပြီဖြစ်တဲ့ ဆရာကြီးကို လက်စွဲနှုတ်ဆက်ရင်း ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပေါ့ .. တစ်ချိန်က ကဗျာပတ်ဝန်းကျင် ကလူတွေနဲ့ စာပေလှုပ်ရှားမှုလေးတွေမှာ ဆုံခဲ့ဖူးကြောင်းပေါ့ .. အဲဒီမှာပဲ ဆရာက ကဗျာစာအုပ်လက်ဆောင်ပေးမယ်ဆိုပြီး သူ့အိမ်ပြန်သွားလေရဲ့ ..
နာရီပြင်ဆိုင်လေးမှာ ဆရာအလာကို စောင့်ရင်း အတိတ်တွေကို တွေးမိရင်းပေါ့ .. လွှတ်လပ်ပေါ့ပါးပြီး ဝါသနာနောက် လိုက်ခဲ့မိတဲ့အချိန်တစ်ခုဆီက ပျော်ရွှင်မှုများစွာပေါ့ .. ဆရာရောက်လာတော့ နာရီပြင်ဆိုင်လေးရဲ့ မျက်စောင်းထိုးက လက်ဖက်ရည်ဆိုင်လေးထဲ အတူထိုင်ဖြစ်ကြတယ် .. ဆရာက sunday တစ်ခွက် နဲ့ ကိုယ်သောက်နေကျ ကျစိမ့်တစ်ခွက်ဆီမှာပြီး စားပွဲထိုးလေးဆီက ဘောပင်နဲ့ ပဲဆရာ အမှတ်တရ လက်မှတ်လေးထိုးပေးလာတယ် .. ကဗျာကို ဝါသနာပါပေမယ့် ဆရာတို့လောက် မတွေးနိုင်မရေးနိုင်ကြောင်းပြောတော့ ဆရာ့ကဗျာ ၂ ပုဒ်ကို ဖတ်လည်းဖတ်ပြ ရှင်းလည်းရှင်းပြတယ် .. ကဗျာနဲ့ပတ်သက်ပြီးလည်း ဆရာ့တွေးပုံလေးတွေ ငေးမောခဲ့ရတာပေါ့ .. စားပွဲခုံကို လက်နဲ့ ထိပြပြီး ဒါစားပွဲပေါ့ .. သစ်သားက ရတဲ့စားပွဲ .. သစ်လို့ပါလာရင် သစ်ပင်ပါလာပြီ ၊ သစ်ပင်ဆိုတာနဲ့ အရွက်၊ အကိုင်း၊ အပင် ၊သစ်တော၊ သစ်ပင်ပေါ်က ကျေးငှက် အတွေးထဲအားလုံးပါလာပြီပေါ့ .. စားပွဲလေး ကရတဲ့အတွေးပေါ့ .. ၂ ယောက်သားစကားပြောနေရင်းမှ ကျီးကန်းတစ်ကောက်ထပျံသွားတာကို လက်ညိုးထိုးပြပြီး .. ကျီးကန်းတစ်ကောင်ပျံသွားတယ်ပေါ့ .. " ငါက ကျီးကန်းပျံသွားတယ်လို့ မပြောပဲ .. ကျီးကန်း တောင်ပံနှစ်ဖက်နဲ့ လေထုကြီးကို ပါးရိုက်သွားတယ်လို့ "ပြောမယ်ဆိုရင်ရော ဆရာ့ရဲ့ တဒင်္ဂ နိမိတ်ပုံလေးက အတွေးများစွာ .....။ ဪ .. ကိုယ်တွေ ဘယ်တော့များမှ ဒီလိုတွေးနိုင်မလဲ .. ကဗျာ့ဆရာကြီးတွေရဲ့ အတွေး၊ အပြော၊ အဟော ကိုယ်တွေ ဘေးကထိုင်ကြည့်ယုံပေါ့ ..
ဘဝ ရှင်သန်နေမိသမျှ အချိန်အများစုမှာ ဘာတွေလုပ်နေခဲ့မိလဲ .. ကိုယ်လုပ်နေတဲ့အလုပ်ကို တခြားလူတွေ ဘေးကထိုင်ကြည့်နေတာလား .. ကိုယ့်ရဲ့အချိန်အများစုကို တစ်ခြားသူဘေးမှာ သူလုပ်သမျှ ထိုင်ကြည့်နေမိတာလား .. ဘေးက ထိုင်ကြည့် တာ များနေရင်တော့ ကိုယ့်ဘဝမှာ လွဲချော်မှုလေးတွေ အတော်များနေလို့ပဲလို့ ကိုယ့်အယူအဆ ကိုယ်ကိုယ်တိုင်ထုတ်ဖော်နေမိ .. ဘဝ ရဲ့ အချိန်အများစုကလည်း ဘေးက ထိုင်ကြည့်လာခဲ့မိတာမဟုတ်လား .. ကြီးကြီးကျယ်ကျယ်တွေ ပြောရရင်တော့ နိုင်ငံရေး၊ဘာသာရေး ၊ လူမျိုးရေး ဘေးက ထိုင်ကြည့်ခဲ့မိတာ ဘယ်လောက်များပြီလဲ ..မိသားစုအရေးက အဓိကအကျဆုံးဖြစ်လာတော့ ထိုင်ကြည့်ယုံတင် ထိုင်ကြည့်နိုင်တော့လည်း ထိုင်ယုံကလွဲ ဘာများလုပ်နိုင်အုံးမှာလဲ ..
ထိုင်
တချို့အထိုင်တတ်တော့
ထီးနဲ့နန်းနဲ့ ကြငှန်းနဲ့ပေါ့ ...
အဆဲခံ ထိုင်ခုံ
ဘယ်လောက်ကောင်းကောင်း
အမြဲစံ ထိုင်ခုံ ရောက်ရင်တော့
ကိုယ်ပြုသည့်ကံ ကိုယ့်ထံပေါ့ ...
မသေခင် ထိုင်ရအုံးမယ်
အထိုင်မတတ်ရင်လည်း
သေရအုံးမယ် ...
လော လောပြီး 'က' နေရတဲ့
လောကကြီးက
ဘယ်တော့များမှ
အေးချမ်းတိတ်ဆိတ်စွာ
ထိုင်နားခွင့်ရမလဲ ...
သုံးခွင့်နေရာ ရှာမရသော
ဘေးထိုင် ဘုပြောသမားများ....
ထိုင်တိုင်းမော နေရတဲ့ ဘဝများစွာ
ထိုင်ရင်း ထိုင်ရင်း ထိုင်းရောက်ကုန်ပေါ့ ..
ဒီ တထိုင်က သူထပါမှ
လမ်းမဘေးထက် မိုးလင်းပေါက်
ထိုင်စကားပြောကြတာပေါ့ ...
စိုင်းအယ်ပြည့်