ဘယ်လို ငြိမ်းအေးရမလဲ?
ဒီအကြောင်းအရာကို ရေးဖို့ မနက်တည်းက စိတ်ကူးရှိခဲ့သည်။ ဒါပေမဲ့ မအားတာကြောင့် နောက်ကျမှ ရေးဖြစ်ခဲ့သည်။ ခေါင်းစဉ်က "ဘယ်လို ငြိမ်းအေးရမလဲ?" ဆိုသည့်အတိုင်း ကျွန်တော့်မှာ အဖြေမရှိပေ။ ကျွန်တော်ဖြတ်သန်းနေရသည့် အခြေနေပေါ် မူတည်၍သာ ပြောပြခြင်းဖြစ်ပါသည်။
မနက်အိပ်ယာထသည်။ မနက်စာကို စျေးရှိ မိခင်၏ ရှမ်းခေါက်ဆွဲဆိုင်တွင်စားသည်။ မိခင်နှင့် ရင်းနှီးသူ အဒေါ်ကြီးတစ်ယောက်က သူမကြားရသည့် သတင်းများကို ဖောက်သည်ချနေသည်။
*"အဲ့ဒီကောင်လေး ဆေးပြား အလုံး ၂၀ ဆယ်မိလို့ ထောင် ၂ နှစ်ကျသွားတာ။ တကယ်တော့ သူက ဆေးပြားကို တခြားသူအတွက် ဝယ်ပေးတာလို့ပြောတာပဲ။ တကယ်တော့ နှစ်ကုန် အမှုလိုနေတဲ့အချိန်မို့ ဘယ်လိုမှ လိုက်မရဘူးတဲ့။"
"ဟုတ်လား? သနားစရာ"
"တကယ်က ကောင်လေးကလဲ အတော်ဆိုးတာ။ ဟိုတလောက ဓာတ်တော်ချိုင့်ထဲ သရဲဖမ်းအဖွဲ့လာတော့ သူတို့အိမ်မှာတည်းတာ ဆူညံနေတာပဲ။ ကျွန်မတို့မှာ အိပ်လို့ကိုမရဘူး။ သူ့ မိဘတွေကလည်း ရန်တဂျက်ဂျက်ဖြစ်တာ။ တချို့ညတွေများဆို မိန်းမကို ဓားနဲ့ လိုက်ခုတ်မယ်လုပ်လို့ မိန်းမက ကျွန်မတို့အိမ်ထဲ အတင်းဝင်လာပုန်းတာ"
အင်း... ထိုသတင်းများကို နားမထောင်ပဲနှင့် ကျွန်တော်ကြားနေရသည်။ မနက်တည်းက စိတ်မချမ်းသာစရာ သတင်းများနှင့် စတင်လာသည်။ သို့နှင့် ဖုန်းလေးဖွင့် ယူကျူ့က သတင်းတွေ နားထောင်တော့လည်း စိတ်မချမ်းမြေ့စရာသတင်းများသာ ကြားရသည်။
မှုတ်ဆိတ်ဟုခေါ်သော ထိုင်းမျိုးချစ် အဖွဲ့က ထိုင်းမှာ ရှိတဲ့ မြန်မာအလုပ်သမားတွေကို ညင်းပန်းနှိပ်စက်နေသည့်အကြောင်း။
ဒေါ်နယ်ထရန့်က အီရန်ကို စစ်သင်ဘောတွေ အများကြီး ဉီးတည် စေလွတ်လိုက်တဲ့အကြောင်း။
စစ်တပ်က ဗုံးကျဲလို့ အရပ်သား ၂၀ သေဆုံးသွားခဲ့တဲ့အကြောင်း။
စသည်ဖြင့် စိတ်မချမ်းသာစရာ သတင်းများကိုသာကြားနေရသည်။ သည်အချိန်မှာ ပါချုပ်ဆရာတော်၏ ဆုံးမသြဝါဒများကို ကြားယောင်လာသည်။ ဆရာတော်ပြောတာက "လူတွေဟာ တစ်နေ့လုံး မကောင်းတာတွေဟာ ကိုယ်မလိုချင်ပေမဲ့လည်း အလိုလိုရောက်လာတက်တယ်ပေါ့" တဲ့။ အခုခေတ်ခြေနေမှာတော့ ထိုအရာက လုံးဝမှန်နေသည်။ ကျွန်တော်တို့ မလိုချင်သည့် မကောင်းတဲ့အရာ မကောင်းသတင်းတွေဟာ အလိုလို ရောက်လာကြသည်။ ဒါကြောင့် ယနေ့ခေတ်မှာ ကျွန်တော်တို့ရဲ့စိတ် ငြိမ်အေးဖို့ဆိုတာ အလွန်ရှားပါးသော သို့မဟုတ် ရှာဖွေရခက်သော ထုတ်ကုန်တစ်ခုလို ဖြစ်လာခဲ့ပါပြီ။ ပျော်ချင်ရင်တောင် မိမိစိတ်ကို အတင်းလုပ်ယူကာ ပျော်ရွှင်အောင် လုပ်နေရသည့် အနေအထားဖြစ်သည်။ ထို့ကြောင့်ပဲလားမသိ စိတ်ငြိမ်းအေးစေရန် တရားတော်တွေကို ညအိပ်ရာဝင်တိုင်း နားထောင်ပြီး ဆင်ခြင်နေမိသည်။ လူ့သဘော၊ လူ့စိတ်နဲ့ သဘာဝတရားတွေကို ပိုပြီးသတိထားမိလာခဲ့သည်။ ကြာရင် တရားများပေါက်သွားမလားဟု မိမိကိုယ်ကို ပြန်မေးမိသည်။
မိတ်ဆေတို့ရော စိတ်ငြိမ်အေးဖို့ ဘာတွေလုပ်ဖြစ်ကြလဲ?