သမီးငယ် ကို ပုဂ္ဂလိကဆေးရုံငယ် တစ်ခုမှာ မနက် ၉ နာရီ ၅၅ မိနစ်၌ မွေးဖွားခဲ့သည်။
သမီးငယ် မွေးပြီး သားဖွားခန်းမှ ခေါ်ယူလာစဉ်ကတော့ သားကြီး သည် ပျော်နေသည်။
သူ့အတွက် ညီမလေး ရပြီ ဆိုပြီး သားကြီး သည် ပျော်နေသည်။
သို့ပေမယ့် ...
ညရောက်လာသောအခါ ...
ကျွန်တော်တို့သည် မွေးကင်းစ သမီး ကို ဂရုစိုက်နေခဲ့သည်။
သမီးငယ် ကို ထိမိခိုက်မိမှာ စိုး၍ သားကြီးကို ငြိမ်ငြိမ်နေရန်လည်း ပြောဆိုခဲ့ရသည်။
သမီးငယ် မိခင်နို့ စို့သောအခါ သားကြီးကလည်း နို့စို့ချင်သည်။
ကျွန်တော်တို့သည် သမီးငယ် ကို မွေးရက်မရောက်ခင်မှာ ဗိုက်ခွဲ၍ မွေးဖွားခဲ့ခြင်း ဖြစ်သောကြောင့် မွေးဖွားသည့် ရက်က မိခင်နို့ သိပ်မထွက်သေးပါ။
ဒီတော့ သမီးငယ် ကို နို့မှုန့် ဖျော်ကာ တိုက်ရသည်။
သမီးငယ် ကို နို့မှုန့်ဖျော် တိုက်တော့ သားကြီး ကလည်း သောက်ချင်သည်။
ညနက်လာသောအခါ ...
ကျွန်တော်တို့သည် အိပ်ချင်လွန်းလာခဲ့သည်။
သို့သော် သမီးငယ် က နို့မဝဘဲ ရှိနေပြီး ခဏအိပ် ခဏနိုး ဖြစ်နေသည်။
သားကြီး သည်ကား မိခင် ဘေး ကပ်လျက် မအိပ်ရ၍ မအိပ်ဘဲ ဂျီကျနေသည်။
သားကြီး သည် မိခင် နှင့် ခွဲခွါလျက် မအိပ်ဖူးသောကြောင့် မအိပ်ဘဲ ပြဿနာရှာနေခဲ့သည်။
သားကြီး သည် သမီးငယ် ကို သဝန်တိုနေဟန် ရှိသည်။
သားကြီး သည် မိဘ၏ ဂရုစိုက်မှုကို သမီးငယ် အား ခွဲဝေပေးရသည်ကို မကျေမနပ် ဖြစ်နေခဲ့သည်။
ကျွန်တော်တို့ သမီးငယ် ကို ဂရုစိုက်နေသည်ကို ကြည့်ပြီး သားကြီး သည် သူ့အား ဂရုမစိုက်မှာ၊ မချစ်တော့မှာကို ကြောက်နေခဲ့သည်။
ဤသို့ဖြင့် သားကြီး သည် မအိပ်ဘဲ တင်းခံ ပြဿနာရှာနေသည်မှာ ညသန်းခေါင် ကျော်လွန်၍ မနက် ၂ နာရီကျော်သည် အထိ ဖြစ်သည်။
ကျွန်တော်တို့သည် ဆေးရုံမှာ နှစ်ရက် နှစ်ည နေခဲ့ရသည်။
သားကြီး သည် နှစ်ည စလုံး မိခင်နှင့် အတူ မအိပ်ရ မအိပ်ဘဲ နေခဲ့သည်မှာ ညသန်းခေါင်ကျော် မနက် ၂ နာရီခွဲ ထိပင် ဖြစ်သည်။
ကျွန်တော်တို့သည် အရွယ်မရောက်သေးသော သားကြီး ကို ဆုံးမ သွန်သင်ရန် ခက်ခဲလှသည်။
သူသည်က ညရောက်တိုင်း မိခင်နှင့် အတူ အိပ်ရမှသာ အဆင်ပြေသည်။
အဆင်မပြေသည်က မိခင်သည် သမီးငယ်ကို ခဏတိုင်း ဂရုတစိုက် နို့ချို တိုက်ကျွေးနေရသည်။
ဤသို့ဖြင့် ကျွန်တော်တို့သည် သမီး မွေးပြီး ၅ ရက်လောက်တော့ အတော် စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်ခဲ့ရသည်။
ခုတော့ သားကြီးသည် သူ၏ ညီမလေး ကို ချစ်ရမှန်း၊ ဂရုစိုက်ရမှန်း အနည်းငယ် သိလာပါပြီ။
ညညတွေမှာ မိခင် ဘေး ကပ်လျက် မအိပ်ဘဲ ဖခင် ဘေးက အိပ်တတ်ခဲ့ပါပြီ။
ကျွန်တော်တို့သည် သမီးငယ် ရလာသည့် အတွက် သားကြီး ကို အချစ်ပေါ့မသွားကြောင်း သိအောင် ဂရုစိုက်ပေးခဲ့ရသည်။
သားကြီးသည် သူ့အား ချစ်သလား ဆိုသည်ကို ခဏခဏ မေးတတ်သည်။
ကျွန်တော်တို့သည် သားကြီး ရော သမီးငယ် ကိုပါ အတူတူ ချစ်ကြောင်း သိစေအောင် ဂရုစိုက်ပြုစုပေးနေရပါသည်။
အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက် မိဘ ဖြစ်ရတာ တကယ်မလွယ်ပါဘူး။
ကျွန်တော်တို့သည် အစားအသောက် အတွက် အလုပ်လုပ်နေရသလို၊ ကလေး နှစ်ယောက်ကိုလည်း ပြုစုစောင့်ရှောက်နေရသည်။
ကလေးတွေကို ပြုစုစောင့်ရှောက်ရသည်မှာ ခန္ဓာကိုယ် ဖွံ့ဖြိုး ကျန်းမာစေရုံ သာမက စိတ်ဒဏ်ရာ မရစေရန်ပါ ထိန်းသိမ်းပေးရပါသည်။
ဆက်ရန် ...