

အမှန်က ဒီပိုစ့်က သူတို့မွေးနေ့ကတည်းကရေးရမှာ။ တခြားရေး ပြီးသားတွေတင်နေရလို့ ဒီပိုစ့်ကို ခုမှ တင်လိုက်တာ။ ၃၀-၁-၂၀၂၂ နေ့က ဘေးအိမ်က အမွှာကလေးလေး နှစ်ယောက်ရဲ့ မွေးနေ့။ ကလေးလေးတွေက စနေဖွားလေးတွေ။ နှစ်ယောက်လုံး ချစ်စရာ ကောင်းတယ်။ နာမည်က နေဘုန်းယံနဲ့ နေထွဋ်ယံတဲ့။ ကျမတို့ကတော့ အကြီးကောင်နဲ့ အငယ်ကောင်လို့ခေါ်ကြတယ်။

(မွေးနေ့အမှတ်တရပုံလေးရိုက်နေတာကို ကောင်းကောင်းမနေကြဘူး)
အကြီးကောင်ကြီးအကြောင်းကို ဟိုအရင်က ဂန္တဝင်ရွှေဖားဆိုပြီး ပိုစ့် တင်ဖူးပါတယ်။ ကလေးလေးတွေက တစ်နှစ်ပြည့်ပြီဆိုတော့ ပိုပြီး ချစ်စရာကောင်းလာသလို ပိုပြီးတော့လည်း သိတတ်လာကြပြီ။ ဒီအရွယ်လေးတွေက ဘာမှ ကူဖော်လောင်ဖက် မရသေးတဲ့ အရွယ်လေးတွေဆိုတော့ မနက်ဆို သူတို့ကပဲ အစောကြီးနိုးနေကြတာ။

(ကြည့် အငြိမ်ကိုမနေတာ။ လက်ကိုချုပ်ထားတော့ ခြေထောက်နဲ့ ကန်တာ)
အလင်းရောင်မလာမီ အိမ်ရှေ့ထိုင်ခုံမှာ သူတို့သားအမိရယ်၊ သူ့အဖိုး အဖွားတွေရယ် ကလေးတစ်ယောက်စီချီလို့ သူတို့အမေက ကလေး တွေကို သန့်ရှင်းရေးလုပ်ပေးနေကျ။ မနက်မိုးလင်းလို့ တံခါးပေါက် ဖွင့်လိုက်လို့ ကျမတို့အိမ်က တစ်ဦးဦးကိုမြင်လိုက်ရင် ဟဲဟဲဆိုပြီး သွားလေးတွေ ပေါ်အောင်ရီနေတာများ ချစ်စရာကောင်းလိုက်တာ။

(ရေခဲမုန့်နဲ့ ကိတ်မုန့်ကျွေးတာ။ ဘာပကာသနမှမပါဘူး)
ကလေးလေးတွေက အမွှာတွေဆိုပေမယ့် စရိုက်ကလေးတွေ ကွဲပြားကြတယ်။ အကြီးကောင်က တချိန်လုံးလမ်းထွက်ချင်နေ တာ။ အိမ်ကတူကိုမြင်ရင်ပိုဆိုးတယ်။ တူလေးကဆို သူနိုးလာရင် ဆိုင်ကယ်နဲ့ လက်ဖက်ရည်ဖြစ်ဖြစ် ကွမ်းဖြစ်ဖြစ်ဝယ်ရင်း တစ်ပတ်လောက် ပတ်ပြီးမောင်းပေးရတယ်။ ပြီးတော့ အကြီးလေးက သင်ပေးရင် တတ်လွယ်တယ်။

(ကိုယ့်ဖာသာကိုယ် ကြိုက်သလိုထည့်စားလိုက်တယ်)
အကြီးကောင်ကြီးက ပလီပလာလည်း များတယ်။ ကျမညီမနဲ့ တူမ တွေက အူယားလို့ နဖူးကို ခပ်ဖြေးဖြေးတစ်ချက်လောက် ချလိုက် တယ်။ ဘယ်သူမှ ဘာမှမပြောရင် ဘာမှမဖြစ်ဘူး။ အဲ့ဒါ ကျမက “ဟယ်…ကလေးကဝမ်းနည်းနေတာ” လို့များ ပြောလိုက်ရင် ချက်ချင်းကို မျက်နှာက ငိုမလိုမဲ့သွားတတ်တယ်။ အဲ့ဒါ တကယ်မဲ့ တာ မဟုတ်ဘူး။ အဲ့လိုမျိုး မျက်နှာပေးကို ကျမတို့တွေ သဘောကျ မှန်းသိလို့ သေချာလုပ်ပြတာ။

(ကလေးကဝမ်းနည်းနေတာလို့ ပြောလိုက်ရင် မျက်နှာက အလိုလိုမဲ့ပြတာ)
အငယ်ကောင်ကကျ အစားတစ်လိုင်း။ သူက ကြီးလာရင် Food Bloger ဖြစ်မှာလို့ ကျမကဗေဒင်ဟောထားတာ။ သူက ဘာမုန့်ကျွေး ကျွေး လက်ကလေးနဲ့ သေချာကိုင်ပြီး စားတာ။ မုန့်ကျွတ်၊ ဘီစကစ်၊ ဝေဖာ အို အကုန်လုံးပါပဲ။ ပြီးတော့ အငယ်ကောင်က ခပ်တည်တည်နေပြီး ခြောက်တိုင်းလည်းမကြောက်တတ်ဘူး။ တချက်တချက်မှင်သေသေနဲ့ မျက်မှောင်ကုပ်ပြီး ကြည့်တတ်တယ်။


တစ်ခါတုန်းကျ ကျမတို့အိမ် ဝက်စတူးချက်နဲ့ထမင်းစားနေတုန်း အမွှာနှစ်ကောင်ရောက်လာကြတယ်။ အဲ့ဒါ တူမတွေက ဝက်စတူး ဟင်းရည်လေးတိုက်တဲ့အခါ ညီအကို နှစ်ယောက်လုံး သောက်လိုက် ကြတာ။ လက်ဟန်ခြေဟန်နဲ့လည်း ထပ်ထပ်တောင်းသေးတာ။ သူ့တို့အဖေကတော့ သူ့သားတွေ ဝက်စတူးဟင်းရည်ကြိုက်တတ်လို့ ဆိုင်ကဝယ်ကျွေးတာ။ နှစ်ယောက်လုံး ထွေးထုတ်ပစ်တယ်။

နောက် သူ့အမေက ဆိုင်ချက်မကောင်းလို့လားဆိုပြီး အိမ်ကတူမကို နည်းလမ်းမေးပြီး ဝက်စတူးဟင်းချက်ကျွေးတာ မစားဘူးနော်။ သူတို့ညီအကိုက ကျမတို့အိမ်က ဟင်းမှ ကြိုက်တာ။ တခါတလေ တူမဟင်းချက်တဲ့နားလေးရောက်လို့ တူမက ဇွန်းမှာကပ်နေတဲ့ ဟင်းအနှစ်လေးများ တို့ပြီးကျွေးလိုက်ရင် စားလိုက်ကြတာ။ လက်တွေလည်း ဖြန့်ဖြန့်ပြီး ထပ်ထပ်တောင်းတာ။

အခုတော့ သူတို့လေးတွေ တစ်နှစ်ပြည့်ပြီ။ တစ်နှစ်ပြည့်မွေးနေ့ အဖြစ် ကလေးတို့မေမေက ကြက်သားအချိန်(၆၀) ကို ချက်ပြီး မနက်ဆွမ်းလောင်းဖို့ ဖယ်ထားပြီး အိမ်နီးချင်းတွေကို တစ်အိမ် တစ်ပန်းကန်ဝေတယ်။ နောက်တစ်နေ့ညနေ သူ့သားမွေးနေ့ကျ ဆိုင်က မွေးနေ့ကိတ်မှာပြီး ဘတ်သ်ဒေးကိတ်ခွဲတယ်။ နောက် ရေခဲမုန့် (၂)စည်နဲ့ ကိတ်မုန့်တွေ ဝယ်ပြီး အိမ်နီးချင်းတွေကို အဝ ကျွေးတယ်။

ကျမတို့အိမ်နီးချင်းတွေကလည်း အမွှာလေးတွေအတွက် မွေးနေ့ လက်ဆောင်ပြန်ပေးကြတယ်။ ဪ ဘာမှသွေးသားမတော်စပ် ပေမယ့် ကလေးလေးတွေကို ချစ်လိုက်ရတာ။ အိမ်ကတူမ ကတော့ ပြောပါတယ်။ ကလေးထိန်းဖို့ အကျင့်လုပ်ထားတဲ့။ သူကလေး မွေးရင်လဲ ထိန်းပေးရမယ်တဲ့။ အင်း… ဒီပုံအတိုင်းဆို ကလေးထိန်း ကျောင်းလေး ဖွင့်လိုက်ရင်ကောင်းမလားပဲ။ မဟုတ်လဲ ကလေးက ထိန်းနေရတာပဲလေ။