စာရေးဖို့စိတ်ကူးရင်း ပုံဟောင်းလေးတွေ ပြန်ကြည့်ဖြစ်သည်။ ကျမရိုက်ထားတဲ့ ပုံတွေက ရေးတတ်ရင် ပိုစ့်တစ်ခုဖြစ်နိုင် သော်လည်း ခက်တာက မရေးတတ်။ ကိုယ်သွားခဲ့တဲ့ ခရီးစဉ်တွေ အကြောင်း ရေးရအောင်ကလည်း မမှတ်မိ၊ နောက်ထပ်လည်း ဘယ်မှမသွားဆိုတော့ ရေးစရာအကြောင်းအရာက တဖြည်းဖြည်း ရှားပါးလာသည်။ အဲ.. စိတ်ကူးရလို့ ရေးမိရင်တော့
တစ်ပုဒ်နဲ့ မပြီးပဲ နောက်ဆက်တွဲအပိုင်းဆက်ကလေး ပါလာတတ်သည်။
ခုလည်း စာရေးရန်အကြောင်းကို စဉ်းစားရင်းပုံဟောင်းတွေ ကြည့်ပြီး သီတဂူရေအလှူတော်အကြောင်း ရေးဖို့စိတ်ကူးရသည်။ ၂၀၁၉ တုန်းကလှူထားတာပါ။ ထိုကာလတုန်းကတော့ ပျော်စရာပေါ့။ အဲ့ဒီတုန်းက ကျမတို့ရုံးအဖွဲ့ တွေ အလှူဒါနတွေ တော်တော်လုပ်ဖြစ်ကြသည်။ စတုတ္ထလွန်းထိုး
ဘူတာမှာ ရေစက်အလှူ၊ နောက်စတုတ္ထလွန်းထိုးဘူတာမှာ ဟိုယခင်ဝန်ကြီးတည်ထားသော စေတီတော်လေးတစ်ဆူရှိသည်။
(သီတဂူရေအလှူအတွက် စာရင်းပေးနေပုံ)
ထိုစေတီလေးကို ကျမတို့ရုံးအဖွဲ့ဦးဆောင်ပြီး အလှူငွေကောက်၍ မီးရထားမှ စေတနာရှင်ကုသိုလ်ရှင်များ စုပေါင်းပြီး ထုံးသင်္ကန်းလေး ကပ်နိုင်ခဲ့သည်။ အလှူတွင် အကျွေးအမွေးရောပါသည်။ နောက်ပြီး အခုရေးမယ့် သီတဂူရေအလှူတော်ပေါ့။
(အလှူငွေပေးအပ်နေပုံ)
သီတဂူဆရာတော်ဘုရားကြီးက စစ်ကိုင်းတောင်ရိုးတစ်လျှောက်ရှိ ချောင်ပေါင်း (၁၃၀၀)ကျော်၊ ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီသူတော်စင်ပေါင်း (၁၇၀၀၀) နီးပါးအား ရေအလှူပေးခဲ့ရာ ယခုဆို လျှင် နှစ်ပေါင်း(၄၀) ကျော်ပြီဖြစ်သည်။ တိုးတက်လာသော ကျောင်းချောင်များနှင့် အတူ လျှပ်စစ်ဓာတ်အားခများလည်း တိုးမြှင့် ကောက်ခံလိုက်သောကြောင့် သီတဂူရေအလှူတော်လုပ်ငန်းမှာ မီတာခဆောင်ရန် အလှူငွေလုံလောက်မှုမရှိဖြစ်လာရသည်။
(အလှူငွေအတွက် ကျေးဇူးတင်လွှာပြန်လည်ပေးအပ်ပုံ)
ရေအလှူဆိုရာ၌ ရေစက်ရုံအသစ်တည်ဆောက်ခြင်း၊ ပိုက်လိုင်း အဟောင်းများကို အသစ်အစားထိုးလဲလှယ်ခြင်း၊ ရေစုပ်စက်ကြီး များ အသစ်ဝယ်ယူတပ်ဆင်ခြင်း အသစ်ဆောက်သော ကျောင်းများ အရောက် ရေပိုက်လိုင်းအသစ်များ တပ်ဆင်ခြင်း၊ ရေလှောင်ကန် သစ်ကြီးများ ထပ်မံတည်ဆောက်ခြင်း၊ ကန်ဟောင်းများ ပြုပြင် ထိန်းသိမ်းခြင်းတို့ပါဝင်သည်။
(သီတဂူဝိပဿနာအကယ်ဒမီကျောင်း အပြင်ဘက်မှာ မှတ်တမ်းရိုက်တော့မယ်လေ)
(ကျောင်းရဲ့ မျက်နှာကျက်ကလည်း လှလို့ရိုက်လာတာ)
(ပန်းချီ၊ ပန်းပုလက်ရာလေးတွေ လှလို့ အတူရိုက်ပြီး မှတ်တမ်းတင်ထားတာ)
(ပန်းချီ၊ ပန်းပုလက်ရာလေးတွေ လှလို့ အတူရိုက်ပြီး မှတ်တမ်းတင်ထားတာ)
ထို့ကြောင့် ဆရာတော်က စစ်ကိုင်းတောင်ရိုးတစ်လျှောက်ရေအလှူ ပေးဝေရာမှာ တစ်လလုံးဓာတ်အားသုံးစွဲမှုအတွက် မီတာခက သိန်း(၄၀၀) ကျသင့်ပါတယ်။ ထိုသိန်း (၄၀၀)အား ဘဏ်တိုးအဖြစ် လစဉ်ရရှိနိုင်ရန် ငွေပင်ငွေရင်း သိန်း(၆၀၀၀၀) လိုအပ်ပါတယ်။ ထို့ကြောင့် အစုတစ်စု(၆)သိန်းဖြင့် ကုသိုလ်ဝေစု (၁၀၀၀၀) အား အလှူရှင်အပေါင်းမှ ထည့်ဝင်လှူဒါန်းနိုင်ပါရန် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။
(အကယ်ဒမီဝိပဿနာကျောင်းကို အဝေးကမှတ်တမ်းတင်ထားတာ)
(ရှုခင်းတွေလှချက်)
ကျမတို့ရုံးအဖွဲ့သူငယ်ချင်းတစ်စုလည်း တစ်ဦး(၅၀၀၀၀) နှုန်း၊ တချို့လည်း တတ်နိုင်သလောက်စုပြီး အလှူငွေကောက်တဲ့အခါ ကုသိုလ်ဝေစု(၂)စုအတွက် အလှူငွေ(၁၂)သိန်းကောက်ခံရရှိခဲ့ပါတယ်။ ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်နေ့မှာတော့ လုပ်ဖော်ကိုင်ဖက်တချို့နှင့်အတူ ရရှိတဲ့အလှူငွေများကို စစ်ကိုင်းတောင်ရိုးသီတဂူ ဝိပဿနာအကယ်ဒမီမှာ သွားရောက် လှူဒါန်းခဲ့ပါတယ်။
(လှလိုက်တဲ့ ရှုခင်း)
သီတဂူဆရာတော်ဘုရားကြီးက ဆွမ်းစားနေတဲ့အတွက် မဖူးရသေး ပါဘူး။ ကျမတို့ထဲကတစ်ယောက်က ဆရာတော်ကြီးရဲ့တပည့် သီတဂူမောင်မျိုးနဲ့ အသိမိတ်ဆွေတွေပါ။ သီတဂူမောင်မျိုးကနေ ဆရာတော်ကြီး ဆွမ်းစားပြီး အနားယူတဲ့အဆောင်ကို လိုက်ပို့ ပါတယ်။ ကျမတို့တွေလည်း ဆရာတော်ကြီးကို စောင့်ရင်း မှတ်တမ်း တွေ တင်ကြတာပေါ့။ နာရီဝက်လောက်အကြာမှ ဆရာတော်ဘုရားက ကြွလာတဲ့အတွက် အနီးကပ်ဖူးမျှော်ခဲ့ရပါတယ်။
(အလှူတော် မော်ကွန်းလွှာ)
ဆရာတော်ကြီးက ရေအကျိုးဆယ်ပါးအကြောင်း အကျဉ်းဟောပြီး ကုသိုလ်အတွက် သာဓုသုံးခါခေါ်ဆိုပါတယ်။ သီတဂူဆရာတော် ဘုရားကို ဖူးမျှော်ဦးချပြီး ကျမတို့အဖွဲ့လည်း ရုံးကို ပြန်လာ ကြပါတယ်။ အပြန်ခရီးမှာတော့ အားလုံးရဲ့မျက်နှာမှတေ့ာ ပီတိအပြုံးတွေ ကိုယ်စီနှင့်။
(ဆရာတော်ကြီးကို ဖူးဖို့စောင့်ရင်း ချလပ်)