မင်္ဂလာပါ။ ကျွန်တော့်အနေနှင့် အကိုဟင်နှင့် ပိုစ်လေးများ အပြန်အလှန် ချိတ်ဆက်ကာ ဟာသစာစုများ ရေးသားနေမိပါသည်။ မြန်မာဟိုက်အဖွဲ့သားများအား အနည်းငယ်လေးဖြစ်ဖြစ် စိတ်လက်ကြည်လင်၊ ပြုံးပျော်စေချင်သော စေတနာအဟုန်ဖြင့် ဟာသစာစုလေးများကို တင်ဆက်နေခြင်းဖြစ်ပါသည်။ ဤချိန်ဤခါသည် တိုင်းပြည့်အမှောင်ကာလဖြစ်နေသည့်အတွက် ဟာသရေးနေမိသော ကျွန်တော့အား စိတ်ကွက်ညိုငြင်ခြင်းမပြုပဲ ခွင့်လွှတ်ပေးကြပါရန် အနူးအညွတ်တောင်းပန်အပ်ပါသည်။
ယခင့်ယခင် စတီးမစ်ကာလများဆီက ကျွန်တော်သည် စာရေးရန် ဝါသနာပါသဖြင့် အကိုဟင်တို့နှင့် မြန်မာစတီးမစ်ကွန်မြူနတီပေါ်တွင် အမျိုးစုံသော စာတိုပေစများရေးသားခဲ့သည်။ ထိုသို့ ဝါသနာပါရာလျောက်လှမ်းနေရင်း ကွန်မြူနတီရှိ မိတ်ဆွေများအား စနောက်လိုသောစိတ်ဖြင့် အကိုဟင်မှ "စ"ပေးလိုက်သော ဟာသဇတ်လမ်းများတွင် ဝင်ရောက်ချိတ်ဆက် ရေးသားရင်း အပျော်တော်ဆက်ခဲ့ပါသည်။
ယခုလည်း ကျွန်တော်များ မြန်မာဟိုက်ကွန်မြူနတီအဖွဲ့ရှိ မိတ်ဆွေများ၏ အကောင့်အမည်များကို အသုံးပြုလျက် ဟာသအခြေခံသော စင်တင်ပြဇာတ် ဇာတ်လမ်းရှည်ကြီးအား တင်ဆက်ရန် အကိုဟင်မှ ပိုစ်နှစ်ပုဒ်ဖြင့် လမ်းဖွင့်ကာ အားထုတ်နေပါပြီ။ မိတ်ဆွေများအနေနှင့် ကြည့်ရှုခံစား ပြုံးပျော်နိုင်ကြပါစေ။
ယနေ့သည်ကား ကျွန်ုပ်ကွီးရွှေအတွက် အလွန့်အလွန်မှ အရေးတကြီး ဖြစ်နေရသောနေ့တစ်နေ့ဖြစ်တော့သည်။ ဤသို့ အရေးကြီးနေရသော အကြောင်း၏ တွန်းအားမှာ ယမန်နေ့က အစပျိုးလိုက်သော ပစ္စည်းပျောက် ပြဿနာကြောင့်ပင်။
မည်သော ရွာထိပ်ပိုင်းက သူဌေးပေါက်စမလေး၏ ဘိုးဘွားပိုင် နဖာကလော်ဆီမှုတ် ပျောက်ဆုံးမှုကြောင့် သူဌေးမ-အမှု ရွာပါတ်ဆိုသလို ရွာလူကြီးကျွန်ုပ်ကွှီးရွှေ တစ်ဖြစ်လဲ စုံထောက်ကြီးကွီးရွှေထံသို့ ထိုအမှုသည် ဗိန်းမောင်းတီးကာ ရောက်လို့လာချေတော့၏။ ထိုအမှု၏ ဇစ်မြစ်ကို အကြောင်းစုံ သိလို၍ အသေးစိတ်စုံစမ်းရန် ငွေတိုးချေးသူဌေးမ
အိမ်ဝသို့ ကျွန်ုပ်ဆိုက်ရောက်ခဲ့တော့သည်။
အမယ်မင်း - ကြည့်စမ်း ရွာထိပ်ပိုင်းတွင် ကျွန်ုပ်၏ အိမ်သည်သာ အကြီးဆုံးဟု ကိုယ့်ကိုယ်ကို တွေးထင် သွေးနထင်ရောက်နေခဲ့မိရာ ယခုတော့ ဤသည့်သူဌေးမ အိမ်ရှေ့ရောက်လေတော့မှ ကျွန်ုပ်ကွီးရွှေ၏အိမ်သည် တဲစုတ်သာသာအဆင့်သို့ ရောက်သွားလေတော့သည်။ ထိုသူဌေးမ
၏အိမ်ကြီးသည် အဘယ်မျှ ကြီးမားခန့်ညားနေသည်ကို စာရှုသူများ စိတ်ကူးဖြင့်မြင်ယောင်မိပါလေ။
အိမ်ခြံဝင်းအဝင်တွင် ခန့်ညားလှသော သံပန်းများဖြင့် အလှဆင်ထားသော ဝင်းတံခါးကြီးမှာ ခန့်မှန်းချေ ပေ၂၀ခန့်ရှိမည်ထင်သည်။ အိမ်အစောင့်မာလီ၊ ဒရဝမ်များမှာ ငါးယောက်ပင်ထားရှိထားသည်။ အစောင့်မာလီများက ကျွန်ုပ်အား အဝင်ဝတွင် တားဆီးစစ်ဆေးကြသည်။ ထို မာလီအစောင့်များ အားလုံးသည် တောင့်တင်းသန်မာကြပီး လူမိုက်ရုပ်များပေါက်နေကြသည်။ နောင်တစ်ချိန်တွင်မှ သိရသည်မှာ ထိုအစောင့်လူမိုက်များမှာ ကျွန်ုပ်၏အားကိုးရသော လူမိုက်ကြီး တို့ညီအစ်ကိုများ၏ တပည့်များဖြစ်ကြောင်းသိရသည်။
သို့နှင့် အိမ်အဝင်ဝတွင်ပင် စစ်လားဆေးလား လုပ်နေကြသော လူမိုက်အစောင့်များကြောင့် ကျွန်ုပ်၏စိတ်တွင် ခိုးလို့ခုလုဖြစ်မိတော့သည်။ ကတောက် ငါလို အုပ်ကြီးကို မင်းတို့က ဘယ့်နှာကြောင့် စစ်ဆေးချင်ရတာလဲကွာ ရယ်လို့ ဒေါသတို့သည် တားဆီးမရ ထွက်လာကာ "မင်းတို့က ဘာဖြစ်ချင်လို့ ငါ့ကိုစစ်ဆေးတာလဲကွ" ဟု ချဲလင့်ခေါ်မိလေတော့သည်။
လူမိုက်ငါးယောက်သည်လည်း ကျွန်ုပ်၏ ချဲလင့်ခေါ်သံကြားသည်နှင့် ဝိုင်းသမရန် လူစုလာလေတော့သည်။ ကျွန်ုပ်အနေနှင့် ဤလူမိုက်ငါးယောက်လောက်ကတော့ လက်တစ်ဖက်တည်းနှင့်ပင် ချေမှုန်းနိုင်သော်လည်း သူတပါးအိမ်ဝင်းအတွင်းဖြစ်နေ၍ အသာကိုယ်ရှိန်တန့်ကာ အခြေအနေကို သတိထားကြည့်နေမိသည်။
ထိုစဉ်အခိုက် ခြံတံခါးတွင် တပ်ဆင်ထားသော လျပ်စစ်ဘဲလ်ကလေးမှ တချွင်ချွင်အသံမည်လာကာ စပီကာအသံတစ်ခုထွက်လာလေသည်။ "ဟဲ့ကလေးတွေ အဲဒါအုပ်ကြီးဟဲ့ အကြောင်းရှိလို့လာတာ အိမ်ထဲကို ပင့်ခဲ့ကြစမ်း" ဆိုသည့် စူးရှရှ မိန်းမတစ်ယောက်အသံထွက်ပေါ်လာလေတော့သည်။
ထိုအသံကြားလေမှ လူမိုက်အစောင့်ငါးယောက်သည်လည်း ကျွန်ုပ်အနီးမှ နောက်သို့ရှဲသွားကာ ကျွန်ုပ်အား တံခါးဖွင့်ပေးကြသည်။ အရိုအသေများ ကိုယ်စီပေးကာ အိမ်ကြီးဆီသို့ လမ်းပြခေါ်ဆောင်လာကြလေသည်။ တယ်နိပ်ပါလားဟ နိုင်ငံခြားဓါတ်ရှင်ကြည့်နေရသလိုပါလား။
ကြည့်စမ်း သူဌေးမ ဒင်းက အိမ်ကြီးရခိုင်ကြီးနှင့် နောက်လိုက်တပည့်များစွာမွေးထားပီး ငွေတိုးချေးလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်နေပါရော့လား။ ဒီလောက်ကပ်စေးနဲ စည်းစနစ်ကြီးသည့် သူဌေးမတစ်ယောက်က တပည့်တပန်းများစွာထားပီး လုံလုံခြုံခြုံရှိ နေသည်တောင်မှ အိမ်ရှိအထူးပစ္စည်း ပျောက်ဆုံးရသည်ဆိုသည်မှာ ကျွန်ုပ်အတွက် အထူးအဆန်းဖြစ်နေရတော့သည်။
အိမ်အဝင် ဆင်ဝင်အောက်ရောက်သည်နှင့် တဝုန်းဝုန်းဟောင်သံများပေးကာ ရုန်းကန်နေသော ခွေးနက်ကြီးသုံးကောင်အား မြင်တွေ့ရပြန်သည်။ သံကြိုးတန်းလန်းနှင့် အိမ်အဝင်ပေါက်အား သွားရည်တမြားမြားနှင့် စောင့်နေကြသည်မှာ ဘာလာလာ ကိုက်ဆွဲပစ်မည့် သတ္တဝါများဟု ကျွန်ုပ်တွေးထင်နေမိသည်။
အိမ်ခြံဝင်းကြီး၏ ထောင့်ကျသော နေရာတိုင်းတွင် ယခုခေတ်ပေါ် စီစီတီဗီဟုခေါ်သော လှုပ်ရှားမှုများကို မှတ်တမ်းတင်ပေးသည့် ကိရိယာများတပ်ဆင်ထားသည်ကိုလည်း ကျွန်ုပ်သတိထားမိသည်။
ဤရွေ့ဤမျှ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ပျောက်ဆုံးလေသော နဖာကလော်ဆီမှုတ်အားအထူးအံ့ဩမိသည်။ ကျွန်ုပ်ကွီးရွှေ၏ စုံထောက်သတိ စုံထောက်အသိကြောင့် ဤအမှုသည် အပြင်ကသူခိုးကြောင့်မဟုတ် အတွင်းမှပယောဂကြောင့်သာ ဖြစ်သည်ကို ကျွန်ုပ်၏ အတွေ့အကြုံအရ ကောင်းစွာသိလိုက်ရတော့သည်။
သို့နှင့် ဧည့်ခန်းမဟာတွင် အခန့်သားထိုင်စောင့်လင့်နေသော အားတွေ့ရသည်။ "ကိုင်းတူမကြီးရေ မယ်မင်းရဲ့ပျောက်ဆုံးသွားတဲ့ ပစ္စည်းအတွက် စုံစမ်းစစ်ဆေးချင်လို့ ဒီအိမ်မှာရှိသူအကုန် ဒီဧည့်ခန်းမှာ စုဝေးပေးပါ"လို့ ကျွန်ုပ်မှ ရောက်ရောက်ချင်းပင် တောင်းဆိုလိုက်သည်။ ထိုသို့ပြောပီးသည်နှင့် အိစက်နေသော ဆိုဖာတစ်လုံးပေါ်တွင်အခန့်သားဝင်ထိုင်လိုက်ရင်း လက်ဆွဲတော် ဆေးပြင်းလိပ်တစ်လိပ်အား ထုတ်ယူကာ ဖွာရှိုက်နေလိုက်တော့သည်။
များမကြာမီပင် လူကြီးလူငယ် အတော်များများ ကျွန်ုပ်ရှိရာ ဧည့်ခန်းသို့ စုဝေးရောက်ရှိလာကြသည်။ ခြံစောင့်မာလီ ငါးယောက်၊ ခွေးထိန်း သုံးယောက်၊ ထမင်းချက်နှစ်ယောက်၊ သန့်ရှင်းရေးသုံးယောက်၊ ပစ္စည်းထိန်း အဒေါ်ကြီးနှစ်ယောက်၊ ငွေတိုးချေး စာရင်းများ လုပ်ရသည့် စာရေးမက ငါးယောက် လားလား--- ဤအိမ်တွင် ဒီလောက်လူအများကြီး ရှိလိမ့်မည်မထင်ရချေ။
"ဒါအကုန်ပဲလား"ဟု ကျွန်ုပ်မှ မေးလိုက်သည်။ ကျွန်ုပ်အထင် နောက်ထပ်စစ်ဆေးရန် တစ်ယောက်ယောက်တော့ ရှိနေရဦးမည်ဟု စုံထောက်တို့၏ မသိစိတ်က လှုံ့ဆော်လေသဖြင့် အလိုလိုပင် "ဒါအကုန်ပဲလား"ဟု ပိုင်ပိုင်နိုင်နိုင်ကြီး မေးမိလိုက်သည်။
ထိုအခါကြမှ သူဌေးမ သည် ရောက်ရှိလာသော လူများအားစစ်ဆေးကြည့်ရင်း "ဟဲ့ ဟိုကမြင်းမ နှစ်ကောင်ကျန်သေးပါလား ဘယ်သွားနေကြတာလည်း"ဟု ဆူငေါက်အော်ဟစ် လေတော့သည်။ ထိုကမြင်းမနှစ်ကောင်ဆိုသည်မှာ သူမ၏ တူမများဖြစ်မည်ကို ကျွနုပ်သိနှင့်နေပီးဖြစ်သည်။
"ကိုင်းကိုင်း မရေ ခင်ဗျားတူမတွေကို ခေါ်မနေပါနဲ့တော့ ကျွန်ုပ်ရောက်လာလို့ သူတို့အပြစ်တွေပေါ်တော့မယ်ဆိုတာ သိနှင့်နေလို့ အတွေ့မခံပဲ ပုန်းနေကြတာဖြစ်မယ်"။ ကျွနုပ်၏ ပိုင်ပိုင်နိုင်နိုင်ကြီး ပြောချလိုက်သော စကားကြောင့် သူဌေးမ
မှာ ကြောင်အအဖြစ်သွားလေသည်။ "ရှင်- ဘယ်လို - အုပ်ကြီးကွီးရွှေ၊ ရှင့်ပြောပုံအရ ကျမတူမတွေက ကျမရဲ့ အထူးပစ္စည်းကိုခိုးတဲ့ သူခိုးလို့ စွပ်စွဲလိုက်တာလားဟင်"။
ရန်စွယ်ငေါငေါနှင့် ကျွန်ုပ်အား ရန်တွေ့ရန်ပြင်နေသော သူဌေးမအား ကျွန်ုပ်ကလည်း ပြန်လည်၍ အနိုင်ပိုင်းရမည့်အချိန်ဖြစ်လာပေပြီ။ "ဟုတ်ပ ဒေါ်သူဌေးမရေ ခင်ဗျားရဲ့ တူမများကိုယ်တိုင်က ခိုးယူဖွက်ထားလို့ ခင်ဗျားရဲ့ အထူးအမွေပစ္စည်းက ပျောက်နေရတာပါဗျ။ ကျွန်ုပ်ကွီးရွှေရာဇဝင်မှာ အမှုမှန်ဖော်ထုတ်တာ လုံးဝမလွဲပါဘူး ခင်ဗျားတူမများကိုသာ ခေါ်ယူမေးမြန်းပါလေဗျား"ဟု ဆေးပြင်းလိပ်အား အားရပါးရဖွာရှိုက်ရင်း ပိုင်ပိုင်နိုင်နိုင်ကြီး ပြောချလိုက်လေတော့သည်။
ထိုသောအခါမှ သူဌးမ ၏ နောက်တွင် ကုပ်ကုပ်ကလေးပုန်းနေကြသော တူမလေးများက ထွက်လာကြပီး "ဟုတ်ပါတယ် ဒေါ်လေးရယ် ကျွန်မတို့ ဒေါ်လေးရဲ့ နဖာကလော် ဆီမှုတ်ကို ခိုးယူဖွက်ထားမိပါတယ်ရှင့် ခွင့်လွှတ်ပေးပါနော် နော်"ဟု ငိုသံလေးများစွက်ကာ သူမတို့၏ အဒေါ်သူဌေးမကြီးအား တောင်းပန်နေကြတော့သည်။
"ဒီဆီမှုတ်ရှိနေလို့ သမီးတို့ လဘက်သုပ်စားရင် ဆီစိတ်ကြိုက်ထည့်မစားရဘူးထင်တာ အဲဒါလေသမီးတို့က ဆီမှုတ်ကိုခိုးပီးဖွက်ထားလိုက်ရင် လဘက်သုပ်ကို ဆီရွှဲရွှဲနဲ့စားရမယ်ထင်လို့ပါ- အခုတော့ သမီးတို့က လူပုံအလယ်မှာ သူခိုးအဖြစ်ဖော်ထုတ်ခံရပီ အီးဟီးဟီး--" ကလေးမလေးများ၏ ငိုသံနှင့်အတူ ကျွန်ုပ်၏ ပျောက်ဆုံးလေသော နဖာကလော်ဆီမှုတ်အမှုသည်လည်း ဆုံးခန်းတိုင်ကာ ပြီးဆုံးသွားတော့သည်။
ကိုင်း ဒေါ် ခင်ဗျားရဲ့ ဘိုးဘွားအမွေ နဖာကလော်ဆီမှုတ်ကို တူမတွေဆီက ပြန်သိမ်းယူပီး ဆက်သုံးပါလေ၊ ကျွန်ုပ်ကတော့ ပေးထားသောကတိကို တည်အောင် အမှုမှန်ကို ဖော်ထုတ်ပေးပြီးသွားလို့ ပြန်ချေအုန်းတော့မည်။
ထို့နောက်တော့ ကျွန်ုပ်၏ အိမ်အပြန်လမ်းသည် ရွှင်လန်းတက်ကြွနေတော့သည်။ ကျွန်ုပ်ကွီးရွှေအား ခေါင်းကိုက်စေသော ပြဿနာတစ်ခုဖြစ်သည့် "နဖာကလော် ဆီမှုတ်"ပြဿနာသည် ဤတွင်ဆုံးခန်းတိုင်သွားတော့သည်။
သို့သော် ကျွန်ုပ်ကွီးရွှေအား နောက်ထပ် ခေါင်းကိုက်စေသောအမှုတစ်ခုကျန်ရှိနေချေသေးသည်။ ရွာ၏လူမိုက်ကြီး၏ အစ်ကိုပိုင်ဆိုင်သော "ပဉ္စလက်ဓါး"အား ရှာပုံတော် ဖွင့်ရပေအုန်းမည်။
ထိုပြဿနာအား ဖြေရှင်းရန် ကျွန်ုပ်ကွီးရွှေ စုံစမ်းမှုများပြုလုပ်ရတော့မည်။ ထို့အတွက် ရွာတောင်ပိုင်းက အရက်ပုန်းအရောင်းဆိုင်ပိုင်ရှင် ထံသို့ သွားကာ သတင်းစုံစမ်းရပေမည်။
၏ အရက်ပုန်းဆိုင်သည် သတင်းစုံသည်၊ လူစုံသည်။ ယခုလို လူမိုက်ပစ္စည်းများနှင့် ပါတ်သက်၍ စုံစမ်းလျင် သူ၏ဆိုင်သည် အသင့်တော်ဆုံးဖြစ်ချေတော့သည်။
ကျွန်ုပ်ကွီးရွှေအတွက် တစ်ချက်ခုတ်နှစ်ချက်ပြတ် တစ်ခွက်တစ်ဖလားဆွဲရင်း ညီအစ်ကို၏ ပျောက်ဆုံးလေသော မိစ္ဆာမှော်ဝင်ဓါးအကြောင်းအားသတင်းစုံစမ်းခြင်းအား စတင်ရန်
၏ အရက်ပုန်းဆိုင်သို့ ခြေဦးတည်လိုက်လေတော့သည်။
ဤတွင် ကျွန်ုပ်ကွီးရွှေ၏ ခေါင်းကိုက်စေသောပြဿနာများအား အပိုင်းခွဲ၍ ခေတ္တ ရပ်နားလိုက်ပါမည်။
ပျော်စေပျက်စေကလက်စေ အပျော်ရေးသားထားသော ဟာသစာပေဖြစ်သည့် အတွက် Hive Myanmar မှ အကောင့်အမည်များ ထည့်သွင်းရေးသားခြင်းအား မနှစ်သက်ပါက ကွန်မန့်တွင် ပြောစေချင်ပါသည်။ မိတ်ဆွေတို့ သဘောမကျ မနှစ်သက်ခြင်းရှိပါက အကောင့်အမည်များအား နာမည်လွဲ၍ အသုံးပြုပေးပါမည်။