မဂ်လာပါ မြန်မာဟိုက်အဖွဲ့သားများခင်ဗျား။
ဒီနေ့တော့ ကျွန်တော်အိမ်တွင်ရှိနေပါသည်။ မိသားစု စုံစုံလင်လင်နှင့် နေ့သစ်တစ်ခုကိုဖြတ်သန်းရင်း အမှတ်ရစရာလေးများ ဖန်တီးဖြစ်ကြသည်။
ထူးထူးခြားခြား ဒီနေ့က မြန်မာပြည်လွတ်လပ်ရေးရခဲ့သောနေ့တစ်နေ့လည်းဖြစ်နေပြန်ပါ၏။ လွန်ခဲ့သော နှစ်များဆီကတော့ အခုလို လွတ်လပ်ရေးနေ့အား တခမ်းတစ်နား ပြည်သူအများကျင်းပကြသည်။ ယခုနှစ်ကတော့ သမိုင်းတွင်သော နှစ်တစ်နှစ်ဖြစ်နေသည့်အတွက် လွတ်လပ်ရေးနေ့သည် အေးစက်စက်ဆောင်းနှင်းစက်များအောက်တွင် တိတ်ဆိတ်ခြောက်ကပ်လို့နေပေတော့သည်။
မဆီမဆိုင် နိုင်ငံရေးများကို ဆက်ပြောဖြစ်နေလျင် ကျွန်တော်၏ လိုရင်းတင်ပြလိုသော ဟင်းတစ်ခွက်ချက်နည်းလေးသည် လမ်းကြောင်းလွဲသွားပေရော့မည်။ ကောင်းပါပီ ယခုကျွန်တော်တင်ပြလိုသည်က ကျွန်တော်တို့ မိသားစုအိမ်တွင် မကြာခဏ ချက်စားဖြစ်သော "ကြက်သားမုန်ညှင်းချဉ်ကြော်"ဟူသည့် ဟင်းတစ်ခွက်ချက်ခြင်း အနုပညာတစ်ရပ်အား တင်ပြလိုပါသည်။
မုန်ညှင်းချဉ်ကို ကျွန်တော်တို့ မြန်မာနိုင်ငံအနှံ့တွင် အလွယ်တကူရရှိနိုင်ပါသည်။ မုန်ညှင်းချဉ်သည် နေရာဒသအလိုက် မုန်ညှင်းစိမ်းအား အချဉ်တည်ထားခြင်း၊ ကျက်အောင်လုပ်ပီးမှ အချည်တည်ထားခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးကွဲပြားနိုင်သော်လည်း အနံ့၊ အရသာနှင့် ဓါတ်သတ္တိကတော့ အတူတူသာဖြစ်သည်။
ကောင်းပါပီ ယခုစပီး ချက်လိုက်ရအောင်။ လိုအပ်သော ပါဝင်ပစ္စည်း အမယ်များကို စာရင်းပြုစုပါမယ်။ ကျွန်တော်က ပရော်ဖက်ရှင်နယ် စားဖိုမှုးတစ်ယောက်မဟုတ်လေတော့ ဟင်းချက်လျှင် လက်မှန်းနဲ့သာ ချက်တတ်သည်။ ဘာပစ္စည်းက ဘယ်လောက်ကုန်မည် စသည်ဖြင့်တော့ တွက်ချက်မပြတတ်ပါ။ သို့သော်လည်း ဟင်းချက်နည်းကို တင်ပြလေမှတော့ ပါဝင်ပစ္စည်း အမျိုးအမည် ခန့်မှန်းချက်လောက်တော့ ပြောပြမှဖြစ်ပေတော့မည်။
အောက်ပါ အမယ်များသည် မိသားစု သုံးယောက်စာအတွက် ဟင်းချက်ရန် လိုအပ်သည်တို့အား ခန့်မှန်းချက်သာဖြစ်သည်။ မိတ်ဆွေတို့ ကိုယ်တိုင် ချက်လုပ်သည့်အခါ မှန်းဆနိုင်အောင် ဖြစ်ပါသည်။
| စဉ် | အမျိုးအမည် | အရေအတွက် |
|---|---|---|
| ၁ | ခရမ်းချဉ်သီး | အကြီး ၁ |
| ၂ | ကြက်သွန်နီ | အကြီး ၁ |
| ၃ | ကြက်သွန်ဖြူ | အကြီး ၁ |
| ၄ | ဂျင်း | အနည်းငယ် |
| ၅ | ငရုပ်သီးအစိမ်းတောင့် | အနည်းငယ် |
| ၆ | နံနံပင် | အနည်းငယ် |
| ၇ | ခရုဆီ | အနည်းငယ် |
| ၈ | ဟင်းချက်ဆီ | ၃ ကျပ်သားခန့် |
| ၉ | ဆား | အနည်းငယ် |
| ၁၀ | ဟင်းခတ်အချိုမှုန့် | အနည်းငယ် |
| ၁၁ | မုန်ညှင်းချဉ် | ၁၀ ကျပ်သားခန့် |
ကဲ စချက်လိုက်ရအောင်--ပထမဦးစွာ အဓိက ပါဝင်ပစ္စည်း မုန်ညှင်းချဉ်များကို သင့်တော်သည့် အရွယ်အစားလေးများဖြစ်အောင် ဖြတ်ညှပ်လိုက်ပါ။ ကျွန်တော်၏ ဓါတ်ပုံတွင် မုန်လာပန်းပွင့်လေးများအား အနည်းငယ် ထည့်ထားပါသည် မိတ်ဆွေတို့ ကြိုက်နှစ်သက်ပါက ဟင်းချက်ရာတွင် ထည့်သွင်းချက်နိုင်ပါသည်။
ဒုတိယအဆင့်အနေနှင့် ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်းနှင့် နံနံပင်တို့အား ရေစင်စွာဆေး၍ သင့်တော်သောအရွယ်အစားတွင် လှီးဖြတ်ထားပါ။ ငရုတ်သီးစိမ်းသည် မုန်ညှင်းချဉ်နှင့် လိုက်ဖက်သောအရာဖြစ်သည်။ အစပ်မကြိုက်သူများ အနေနှင့်
မထည့်လျင်လည်း ရပါသည်။ ထို့နောက် ကြက်သွန်ဖြူနှင့် ဂျင်းအနည်းငယ်တို့အား ဆုံဖြင့်သေချာ ညက်အောင် ထောင်းကြိတ်ထားပါ။
ဆီသုံးကျပ်သားမှ ငါးကျပ်သားခန့်အား ဒယ်အိုးတွင်ထည့်ကာ ဆီပူသည်အထိစောင့်ရင်း ကြက်သွန်နီအား စတင်ဆီသတ်ပါ။ ကြက်သွန်နီများ ကြွမ်းမသွားခင် ခရမ်းချဉ်သီး ထည့်၍ ဆက်လက်ကြော်ချက်ပါ။
ဒီနေရာတွင် ကျွန်တော်ကတော့ ခရုဆီကို ထည့်သွင်းဆီသတ်ပါသည်။ အချို့ကတော့ ပဲငန်ပြာရည်အား အသုံးပြုကြသည်။ ကျွန်တော်ကတော့ ကျန်းမာရေးအရ ငန်ပြာရည်အားမသုံးပါ။
ခရမ်းချဉ်သီးများ တော်တော်လေးကြေညက်ကာ လာသည့်အချိန်တွင် ကြက်သွန်ဖြူနှင့်ဂျင်း ထောင်းထားသည်တို့အားထည့်၍ ဆက်လက်ကြော်ချက်ပါ။ ဆီပြန်လာလျင် ကြက်သားနှင့် မုန်ညှင်းချဉ်များထည့်၍ မွှေရင်းဆက်လက်ကြော်ချက်ပါ။ ကျွန်တော်ကတော့ ငရုပ်သီးစိမ်းလှီးဖြတ်ထားသည်များအား တဆက်တည်း ထည့်၍ကြော်ချက်ပါသည်။ အချို့သော သူများမှာ ငရုပ်ကောင်းမှုန့်လေးများဖြူးကာ ချက်တတ်ကြသည်။
သုံးမိနစ် သို့မဟုတ် ငါးမိနစ်ခန့် မီးအေးအေးနှင့် မွှေပေး ကြော်ပေးပီးပါက ကျွန်တော်တို့၏ ဟင်းလျာ "ကြက်သားမုန်ညှင်းချဉ်ကြော်" ဟင်းတစ်ခွက်သည် ပြီးစီးခြင်းသို့ ရောက်ရှိပါပီ။
ဟင်းပန်းကန်ပြားတွင်ထည့်ကာ နံနံပင်လေးများ အုပ်ထားလိုက်ပါ။ ဟင်းငွေ့ပူပူလေးနှင့် နံနံပင်လေးများထိတွေ့မိလျင် အလွန်မွှေးပျံ့သော ရနံ့လေးသည် မိတ်ဆွေတို့အား အရသာရှိသော ထမင်းစားပွဲသို့ ဆွဲဆောင်သွားပေမည်။
မြန်မာဟိုက်ကွန်မြူနတီအဖွဲ့သားများ ဆောင်းမနက်မှာ ဟင်းကောင်းတစ်ခွက်နှင့် အဟာရဖြစ်နိုင်ကြပါစေ။
4.1.2022
5:40 PM