**မဂ်လာပါ။ **

ဆောင်း၊ ဆောင်း၊ ဒီဇင်ဘာဆောင်း
ဘာလိုလိုနှင့် ဒီဇင်ဘာဆောင်းလသည် တဝက်ကျိုးတော့မည်။ နှင်းလည်းမမြင်ရ၊ မြူလဲမမြင်ရ၊ ရမ်းခိုး ရမ်းငွေ့များကြားက ဆောင်းညတွေမှဟုတ်ပါရဲ့လား။
ကျွန်တော်တို့ ရင်တွင်း တောက်လောင်နေသော အပူမီးကို အားနာသည်ထင့် ဆောင်းညများပင် မသိကျိုးကျွံပြုကာ အေးစက်ခြင်းကို မေ့လျော့၍ နေကြသည်။ လူတစ်ဦးမှ လူတစ်စု ထိုမှ တစ်တိုင်းပြည်လုံးရှိ ပြည်သူတို့၏ ရင်တွင်းအပူမီးတို့အား ဆောင်းမမသည်ပင်လျှင် အေးချမ်းအောင် မစွမ်းဆောင်နိုင် တော့ချေ။

ပုံမှန်ဆောင်းရာသီ တစ်ခုဆိုလျှင် ယခုအချိန်ကာလသည် အေးမြသော နှင်းပွင့်လေးများအောက်တွင် လန်းဆန်းသွားစေသော ဆောင်းလေပြေလေးများအား ရှုရှိုက်ရင်း ကျွန်တော်တို့အားလုံး လန်းဆန်း တက်ကြွ နေခဲ့ဖူးကြသည်။
ကျွန်တော်သည် ဆောင်းကိုချစ်သည်။ သူမ၏အေးမြသော မြူနှင်းခြုံလွှာလေးဖြင့် ထွေးပွေ့မှုအား မြတ်နိုးသည်။ သူမ၏ လန်းဆန်းစေသော လေးပြေနု အေးလေးများကို နှစ်သက်သည်။ သူမ၏ ကျစ်လစ်သိပ်သည်းသော လေအေးစီးကြောင်းများသည် သဘာဝ ယန္တယားကို သင့်တင့်မျှတ စေသည်။ သူမ၏ နှစ်လိုဖွယ်ကောင်းသော ဆောင်းညတေး သီချင်းသံများဖြင့် ချော့သိပ်ခံရသည်ကို မက်မောမိသည်။

ယခုတော့ ဆောင်းမမသည်လည်း ကျွန်တော်တို့အားလုံး၏ အပူမီးကို ဖေးကူမပေးနိုင်ရှာ။ သူမကိုယ်တိုင်သည်ပင်လျှင် မအေးချမ်းနိုင်ရှာ လေရော့သလား။
"ဆောင်းနှင်း ဖွေးဖွေးလေး တောင်တန်းများကြားမှာ --
အေးချမ်း သာယာတဲ့ ကျွန်တော်တို့မြို့လေးကို--"
အဆိုတော် စိုင်းဆိုင်မောလား စိုင်းခမ်းလိတ်လား ဆိုထားတဲ့ ဆောင်းအငွေ့လေးပါတဲ့ သီချင်းလေးများ ဟာဆိုရင် အခုလို ဒီဇင်ဘာ၏ ညချမ်းလေးများမှာ အမြဲလိုလိုကြားရနေကြဖြစ်သည်။ ဒီတစ်ဆောင်းတော့ ဆောင်းသီချင်းသံများ မကြားရလေပြီ။
"ဒီဆောင်း နှင်းမြူတွေ ကိုယ်ချင်းမစာတယ်--
အေးတယ် ချမ်းတယ် အသည်းခိုက်ခိုက်တုန်တယ်--"
အဆိုတော်ကြီး ဆိုင်းထီးဆိုင် သီဆိုခဲ့တာပေါ့ ဒီဇင်ဘာရဲ့ အေးချမ်းပုံလေးကို ဖွဲ့နွဲ့ဆိုထားတာ အဲဒီတုန်းကတော့ ဟုတ်မှာပဲ အသည်းခိုက်အောင် အေးချမ်းစေမှာ အခုများတော့ အသည်းခိုက်အောင် စိတ်နာမှုတွေကို အအေးဒဏ်က မကျော်လွှားနိုင်ပီ။

( Credit image source )
ဆောင်းလမှာ ဆောင်းနှင်းလေး တွေနဲ့အတူ ဆောင်းည နှင်းမြူတွေ ကြဲဖြန့်လိုက်စမ်းပါ ဆောင်းမမရယ်။ ပြည်သူတွေရင်ထဲ ခဏတာလေး အေးချမ်းသွားရင် ကျေနပ်ပါပီ။ ကျွန်တော့ ရင်မှာတော့ အရင်လို ဆောင်းညများကို တမ်းတလျက်--။

မြန်မာပြည်သူများ အေးချမ်းပျော်ရွှင်နိုင်ကြပါစေ။
