မင်္ဂလာညချမ်းလေးမှာ မိတ်ဆွေတို့ရေ
ဒီနေ့မနက် အိမ်ကနေ
အလုပ်ကို လမ်းလျှောက်သွားတော့
တိုက်တိုက်ဆိုင်ဆိုင် ဈေးနေ့နဲ့ကြုံတယ်
ကျွန်တော်တို့ ရှမ်းပြည်မှာက
ငါးရက် တစ်ဈေးရှိကြတာကိုး
အလွယ်အားဖြင့် ဈေးနေ့ကို
တောင် - တောင် - ညောင် - ညောင် - ဟိုဆိုပြီး
တောင်ကြီးဈေးနေ့ , တောင်နီဈေးနေ့, ရွှေညောင်ဈေးနေ့ ,
ညောင်ရွှေဈေးနေ့, ဟဲဟိုးဈေးနေ့ဆိုပြီး
ဈေးနေ့ အစဉ်ကို မှတ်သားလေ့ရှိပါတယ်
ထိုရက်တွေမှာဆိုရင်
တောသည်လို့ ခေါ်တဲ့
ရွာက တက်လာရောင်းတဲ့ ဈေးသည်တွေ
တွေ့တတ်ပြီး
လတ်ဆတ်သော ဟင်းသီးဟင်းရွက်အပြင်
ချိုသာတဲ့ဈေးနှုန်းနဲ့ ဝယ်ရတာမို့
ဒီလိုရက်တွေက
ဈေးမှာလည်း လူစည်ပါတယ်
ဒီလိုနေ့မျိုးမှာ
ကျွန်တော့အနေနဲ့ကတော့
ဒေသစားစရာ အမျိုးမျိုး ဝယ်စားလေ့ရှိပါတယ်
ဒီနေ့မှာ ဈေးဝယ်ရ ပျော်ဆို
သပွတ်အူသီးခြောက် ခပ်ကြီးကြီးတွေ
ဝယ်လို့ရလိုက်လို့ပါပဲ
ပုံမှန်ဆို သပွတ်အူသီးခြောက် တစ်လုံးကို
ငါးရာကျပ်မှ တစ်ထောင်ကျပ်ပေးရတတ်ပေမယ့်
နေ့မြှင့်ချိန် (ဈေးကွဲချိန်မို့) တူပါရဲ့
ဈေးသည်ကြီးက
တစ်လုံး ၃၀၀ ကျပ်ဆိုတော့
တစ်ထောင်ဖိုး ၄လုံး နဲ့ ဆစ်ပြီး ဝယ်ခဲ့လိုက်တယ်
ကျွန်တော်က ရေချိုးရင် နောက်ကျောပြင်ကို
Body Scrubber နဲ့ အေးဆေးဆပ်ပြာတိုက်ရတာကို
ဇိမ်တစ်ခုအနေနဲ့ကြိုက်တဲ့သူ ဖြစ်ပါတယ်
ဈေးကွက်မှာ နိုင်ငံခြားက တင်သွင်းလာတဲ့
ပလပ်စတစ် Body Scrubber တွေထက်
ကျွန်တော်က သပွတ်အူသီးခြောက်နဲ့ အသုံးပြုရတာကို
ပိုနှစ်သက်ပါတယ်
ပလပ်စတစ် Body Scrubber တွေကတော့
လက်ကိုင် ရ ကောင်းမွန်တာကိုတော့ လက်ခံပါတယ်
ဒါနဲ့ သပွတ်အူသီးခြောက်ကို ပုံစံအနည်းငယ်ပြောင်းသုံးဖြစ်ပါတယ်
၁) ပထမဉီးစွာ သပွတ်အူခြောက်၂လုံးကို
ရေစိမ်ထားပြီး
အကျယ်အနေအထားရအောင်
ကတ်ကြေးဖြင့် ပိုင်းပြီး
အူတိုင်ကို ထုတ်ပါတယ်
၂) ရေချိုးတဲ့အခါ ကျောပြင်တစ်လျှောက်
တစ်ဖြတ်တည်း တိုက်နိုင်ဖို့
သပွတ်အူခြမ်း နှစ်ခုကို
အနားကျယ်သည့် နှစ်ခုကို
အပ်ချည်ဖြင့် ဆက်ပါမည်
အနေအထားအရ
လိုအပ်လျှင် လက်ကိုင်ဆွဲစာ
ကြိုးတပ်မည်ဟု စိတ်ကူးလိုက်သောလည်း
အစမ်းအနေနဲ့ ရေချိုးကြည့်သည့်အခါ
သပွတ်အူ နှစ်လုံးစာရဲ့
အရှည်က ၁၆လက်မခန့်ရှိသွားပြီမို့
လက်ကိုင် တပ်ဖို့ မလိုတော့ပြီ
ပလပ်စတစ် အသုံးကို လျော့ချပြီးသား
ဖြစ်ရုံမက သပွတ်အူသီးခြောက်က
ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်
အသားအရည်ကို ချောမွေ့စေသလို
ချွေးပေါက်များကို ပွင့်စေတယ်
ဈေးနှုန်းအားဖြင့်လည်း သက်သာသလို
အသုံးပြုရတဲ့ အထိအတွေ့က
ကျေနပ်ဖို့ ကောင်းပါတယ်
ဒီတင်ပဲလားဆိုတော့
ပထမက အလယ်အူတိုင်ကို ဖယ်လိုက်တာ
မှတ်မိကြအုံးမယ် ထင်ပါတယ်
အူတိုင်တွေကိုတော့
ပန်းကန်ဆေးတဲ့ နေရာမှာ
ကျွန်တော် ပြန်သုံးလိုက်ပါတယ်
အိုးတိုက်ပန်းကန်ဆေးတဲ့အခါ
အိမ်တော်တော်များများက
အလွယ်တကူ ဝယ်ယူရနိုင်တဲ့
ပလပ်စတစ်စ သံစများကို
အသုံးပြုကြပါတယ်
ထို ပလပ်စတစ်စ သံစများက
ပြုတ်ခြင်း ပဲ့ကြွေခြင်းကြောင့်
ထမင်းမှာ ပါလာကာ စားမိခြင်း
စတဲ့ ကျန်းမာရေးထိခိုက်စေနိုင်တဲ့ဘေးကနေ
သပွတ်အူခြောက်ကို သုံးတဲ့အခါ
သဘာဝပစ္စည်းဖြစ်တဲ့အတွက်
အန္တရာယ်အနည်းဆုံး ဖြစ်စေနိုင်တာမို့
ပြန်လည် ဝေမျှခွင့်ပြုတဲ့
Hive မိသားစုကို
ကျေးဇူးတင်ရှိစွာဖြင့်
ချစ်တဲ့ တီဖြိုး
၁၅-၃-၂၀၂၄