Image source:
https://capitalcampaignpro.com/capital-campaign-volunteers/
အားလုံး မင်္ဂလာပါ။
Volunteer (လုပ်အားပေးသူ)ဆိုတာ ပထမတစ်ချက်က သူ့မှာ အားတဲ့ အချိန်ရှိမှရတယ်။
ဒုတိယအနေနဲ့က သူ့မှာ သဒ္ဓါတရား နဲ့ တတိယကတော့ အလုပ်ရဲ့လိုအပ်ချက်အရ ကျွမ်းကျင်မှု အတိုင်းအတာတစ်ခုအထိရှိရမယ်။
ဒီသုံးချက်မှာ ဘယ်ဟာက အဓိကအကျဆုံးလဲဆိုတော့ အားလုံးတော့ လိုအပ်တယ်ထင်ပါတယ်။ တစ်ချို့တွေ့ဖူးပါတယ်၊ ကျွမ်းကျင်မှုတော့ရှိတယ်၊ မအားလို့ လုပ်အားမပေးနိုင်တာ။ ဒါကတော့ ဖြေရှင်းပေးလို့မလွယ်ပါဘူး။ သူတို့ အလုပ်မှာအားအောင် ကိုယ်က သွားမကူပေးနိုင်ဘူးလေ။
အချိန်ရပြီး သဒ္ဓါတရားရှိလို့ လာကူချင်ပြန်တော့လည်း အလုပ်ကို မလုပ်တတ်လို့ ဆိုတာမျိုးလည်းရှိနိုင်တာပဲ။ ဒါမျိုးကျတော့ သူမတတ်တာကို ကိုယ်ကတတ်အောင်သင်ပေးနိုင်တယ်၊ လေ့ကျင့်ပေးလို့ရတယ်။ သူ့အနေနဲ့ သင်ယူချင်စိတ်ရှိဖို့ပဲလိုတာ။
နောက်ဆုံး သဒ္ဓါတရားတခုထဲရှိတယ်ဆိုရင်တောင်၊ ဒီ သဒ္ဓါတရားကြောင့် သူမအားတဲ့ကြားက လာလုပ်ကူမယ်ဆိုတာလဲရှိနိုင်တာပါပဲ။
(FB ပေါ်က ဆောင်းပါးအရ) သဒ္ဓါတရားနဲ့ ပါတ်သက်လို့ တစ်ခါက သဲအင်းဂူဆရာတော်ဘုရားကြီးကို ရှမ်းစော်ဘွား တစ်ပါးက ပင့်ပြီး ဆောင်းတီးပြီး ပူဇော်ပါတယ်တဲ့၊ (ဒီခေါတ် FB ပေါ်က သူတွေသိရင် ဘုန်းကြီးကို ဂီတနဲ့ ပူဇော်ရကောင်းလားဆိုပြီး ဘလိမ်းကြမလားတော့မသိဘူး။) စောင်းတီးပူဇော်အပြီးမှာ စော်ဘွားကြီးက ဆရာတော်ကို တပည့်တော်ရဲ့ ေစာင်းဂီတ သာယာပါရဲ့လား လို့မေးတော့ ဆရာတော်က တကာတော်ရဲ့ စောင်းသံကောင်း မကောင်းအပေါ်မှာအာရုံမထားတဲ့ အကြောင်း နဲ့ တကာတော်ရဲ့ ကြည်ညိုစိတ် သဒ္ဓါတရားကိုပဲ အားရုံပြုထားကြောင်းမိန့်တော့ စော်ဘွားကြီးက သဒ္ဓါတရားပိုမိုတိုးပွားခဲ့ရတဲ့ အကြောင်းဖတ်ဖူးမိခဲ့ပါတယ်။
ဆိုလိုချင်တာကတော့ ဒီလုပ်အားပေးတွေရဲ့ သဒ္ဓါတရားကို အသိအမှတ်ပြုဖို့လိုတယ်၊ သဒ္ဓါတရားပိုမိုတိုးပွားလာအောင် ကူညီပေးနိုင်ရင် အကောင်းဆုံးဆိုတာပါပဲ။ သဒ္ဓါတရားတိုးပွားအောင် နိဗ္ဗာန်ဆော်လုပ်ရင်လဲ ကုသိုလ်ရတယ်လို့ လည်း ဖတ်ရှုမှတ်သားခဲ့ဖူးပါတယ်။