source: https://central-therapy.uk/mindfulness-mental-wellbeing-staying-healthy-in-the-pandemic/
ဟိုတစ်ရက်က တရားစခန်းမှာ ဆရာက ယောဂီ တစ်ယောက်ကို ပြောတာ ကြားမိတာက 'အနောက်တိုင်းမှာ brainstorm တွေ လုပ်ကြတယ်၊ မြန်မာတွေက သိပ်မရဘူး (ဆိုလား) ဒါပေမယ့် ဝိပဿနာလုပ်ရင် brainstorming ကလွယ်သွားတယ်' တဲ့။ ဝိပဿနာက အာရုံကို တုန့်ပြန်မှု မလုပ်ပဲ ကြည့်တာ၊ ရှုတာဆိုတော့ ဆရာပြောတာကို အပြည့်အဝ လက်ခံပါတယ်။
ကျွန်တော်တို့ ဘာသာရပ်တစ်ခုကို လေ့လာတဲ့ အခါ learning curve နဲ့ ကြုံတယ်ဆိုပါတော့။ အဲအချိန်ကျွန်တော်တို့ စိတ်ကနေ မကြိုက်ဘူး မလုပ်ချင်ဘူး ဆိုပြီး တုန့်ပြန်မိကြပါတယ်။ ရှေ့ဆက်မလုပ်ဖြစ်ပဲ ဒီ ဘာသာရပ်က ငါ့နဲ့ မရပါဘူးကွာ၊ စသည်ဖြင့် စိတ်ပျက်အားလျော့မိတတ်ပါတယ်။ ဒါပေမယ့် ဝိပဿနာ ရှုတတ်တဲ့ သူကတော့ ဒီလို ခံစားတုန့်ပြန်တာမျိုး မလုပ်တာမို့ ရှေ့ဆက် လေ့လာဖြစ်ဖို့ များတယ်လို့ မြင်ပါတယ်။ စိတ်အေးအေးနဲ့ အဖြေရှာဖို့၊ ဦးနှောက်မုန်တိုင်းဆင်ဖို့ (brainstorming) ဆိုရင် ခံစားချက်နဲ့ တုန့်ပြန်တာကို လျော့ ဖို့လိုတယ် မြင်ပါတယ်။ ဒေါက်တာ စိုးလွင် (မန္တလေး)က လည်း မြန်မာလူမျိုးတွေက ခံစား တုန့်ပြန်လွယ်ကြတယ်လို့ သူ့ TikTok ဗီဒီယို တစ်ခုမှာ ပြောသွားတာ တွေ့မိပါတယ်။ ဒီမှာက ရှင်းပါတယ် ခံစားတုန့်ပြန်မှု များလေလေ စိတ်အေးအေး နဲ့ brainstorm လုပ်နိုင်စွမ်း လျော့လေပါပဲ။ ဒါဆိုရင် ဒီလို ခံစားတုန့်ပြန်တာကို လျော့ဖို့ ဝိပဿနာ အားထုတ်ဖို့ပြောမှာ မဟုတ်လားလို့ ပရိတ်သတ်က ကြိုသိကောင်းသိနေပါမယ်။ အဖြေကတော့ မှန်ပါတယ်၊ ဝိပဿနာက ခံစားတုန့်ပြန်တာမလုပ်ပဲနဲ့ အရှိကို အရှိအတိုင်း ရှုမြင် သိရှိရတာမို့ပါ။
ဒါဆိုရင် ဝိပဿနာ ရှုဖို့ အခွင့်အရေး မရှိတဲ့သူဆိုရင်ကော? အခြားလွယ်ကူတဲ့ နည်းကတော့ နောက်ပိုင်း လူပိုပို သိလာတဲ့ mindfulness (သတိရှိတာ) ပါပဲ။ သိပါ။ သိတယ်ဆိုတာကလည်း mindful ဖြစ်တာပါပဲ။ တစ်ခုခုကို ခံစား တုန့်ပြန်တာမလုပ်ပဲ သိသိ နေခြင်းအားဖြင့် ကျွန်တော့်တို့ရဲ့ emotion တွေကို လျော့စေနိုင်ပါတယ်။ သတင်းအချက်အလက် ကို သိတာဖြစ်ဖြစ် ကိုယ် နေ့စဥ်လှုပ်ရှားတာကို သိတာဖြစ်ဖြစ် ... သိသိနေဖို့ပါပဲ။ ကိုယ့်စိတ်ကို လည်း သိတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ရုပ်ခန္ဓာကို သိတာ၊ ဥပမာ နောက်ဆုံးသိစရာ ခက်ခဲရင် ကိုယ့်အင်္ကျီနဲ့ အသားနဲ့ ထိတာကိုလည်း သိနိုင်ပါတယ်။
ဘာဖြစ်လို့သိတာလေးက ခံစားတုန့်ပြန်မှုကို လျော့စေတာလဲ ဆိုတော့ ဥာဏ်မှီသလောက် အတိုဆုံးဖြေရရင် စိတ်က နှစ်ခု မဖြစ်လို့ပဲ လို့ ဖြေတတ်ပါသေးတယ်။ စိတ်ရဲ့ ခန္ဓာဖြစ်တဲ့ နာမ်ခန္ဓာ ၄-ပါး မှာဆိုရင် ခံစားတဲ့ သဘော(ဝေဒနာက္ခန္ဓာ)၊ မှတ်သားတတ်တဲ့သဘော (သညက္ခန္ဓာ)၊ တုန့်ပြန်တတ် တတ်တဲ့သဘော (သင်္ခါရက္ခန္ဓာ) နဲ့ သိမှု သဘောတွေ (ဝိဉာဏက္ခန္ဓာ) တွေပါပါတယ်။ ဒီသဘောတွေထဲမှာမှ သိမှုသဘော (mindfulness)ကို အားကောင်းအောင် အားထုတ်ရမယ်လို့ မှတ်သားထားဖူးပါတယ်။ ဝိဉာဏက္ခန္ဓာ အားကောင်းလေ အခြား စိတ်ရဲ့ ခန္ဓာတွေ အားလျော့လာလေလို့မြင်ပါတယ်။သိမှု သတိ အားကောင်းလာလေ၊ ခံစားတုန့်ပြန်မှုလျော့လာလေလို့ ဆိုရမှာပါ။ ဒီလို ခံစားတုန့်ပြန်မှုလျော့လေ brainstorm လုပ်ဖို့ပိုလွယ်လာလေ၊ ဒါကြောင့်ဆရာက ဝိပဿနာလုပ်ရင် brainstorm လုပ်ဖို့လွယ်သွားတယ် ပြောတယ် ထင်ပါတယ်။ ကျွန်တော် ဉာဏ်မှီသလောက်ပါ။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
10th Mar 2026