ဖေဖော်ဝါရီလမှ စတင်၍ ၈ လအတွင်း အမေရိကန်ဒေါ်လာ စုစုပေါင်း ၁၄၅ သန်း နီးပါးကို စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်မှ ထုတ်ရောင်းခဲ့ပါသည်။
အာဏာသိမ်းပြီး ၃ ရက်မြောက်နေ့တွင် ပထမဆုံး အကြိမ်အဖြစ် တဒေါ်လာလျှင် ၁၃၈၂ ကျပ်ဖြင့်၎င်း၊ ယခု နောက်ဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၂၇ ရက်နေ့တွင် တဒေါ်လာကို ၁၇၅၅ ကျပ်ဖြင့်၎င်း ရောင်းချခဲ့ပါသည်။
ပြည်သူ့အစိုးရ အုပ်ချုပ်ချိန် ဇန်နဝါရီလ၌ တဒေါ်လာလျှင် ၁၃၅၀ ကျပ် ဝန်းကျင်ရှိနေသော်လည်း ယခု ၈ လ ကြာသောအခါ ပြင်ပပေါက်ဈေးသည် တဒေါ်လာလျှင် ၂၇၀၀ ကျပ် အထိ ရှိလာသောကြောင့် နှစ်ဆ ဈေးတက်သွားပါသည်။ တနည်းအားဖြင့် မြန်မာကျပ်ငွေ တန်ဖိုးသည် ၅၀ ရာခိုင်နှုန်း ကျဆင်းသွားပါသည်။
သင်သည် ဘဏ်ထဲ၌ သိန်း ၁၀၀ ကျပ် စုဆောင်းထားသည်ဆိုပါစို့၊ သင်၏ငွေသည် ယခုအခါ သိန်း ၅၀ သာ ကျန်ပါတော့သည်။ သမ္မာအာဇီဝဖြင့် ရှာဖွေ၍ မိသားစု နောင်ရေးအတွက် စုဆောင်းထားသော သင်၏ပိုင်ဆိုင်ငွေ တဝက်တိတိ ဓါးပြတိုက်ခံလိုက်ရပြီ ဖြစ်သည်။
သာမန် ပြည်သူအများစု အနေဖြင့် စားဝတ်နေရေးအတွက် ၅ ဒေါ်လာ နှင့် ညီမျှသော ဝင်ငွေကို ရှာဖွေရန် ခက်ခဲနေသော အချိန်တွင် အဆိုပါ ဗဟိုဘဏ်မှ သန်းချီသော ဒေါ်လာငွေများကို မည်သူတို့ကို ရောင်းချပေးနေသနည်း။ မည်သူတို့က ဝယ်ယူနေကြသနည်း။ အလွန်စဉ်းစားစရာပင် ကောင်းလှသည်။
ယခုနောက်ဆုံး ဗဟိုဘဏ်၏ ရောင်းဈေးမှာ တဒေါ်လာကို ၁၇၅၅ ကျပ် ဖြစ်သော်လည်း၊ ပြင်ပဈေးကွက်၏ ပေါက်ဈေးမှာ တဒေါ်လာကို ၂၇၀၀ ကျပ် ဖြစ်နေသောကြောင့် ၁၀၀၀ ကျပ်နီးပါး ကွာဟနေသည်။
ဗဟိုဘဏ်မှ ဝယ်ခွင့်ရသူသည် ပြင်ပဈေးကွက်မှ ပြန်လည်ရောင်းချပါက တဒေါ်လာလျှင် ၁၀၀၀ ကျပ် ဝန်းကျင် အမြတ်ရလိမ့်မည်။ ဒေါ်လာ ၁ သန်း ဝယ်ခွင့်ရရှိသူ ဆိုပါက မည်မျှ အမြတ်ရမည်နည်း။ ကိန်းဂဏန်း များပြားလွန်းသောကြောင့် မည်သို့ တွက်ရမည်ပင် မသိတော့ပါ။
မည်သူများက ဤသို့သော အခွင့်အရေးမျိုး ရရှိနေသည်ကို ပြေးကြည့်ရန်မလို၊ တွေးကြည့်ယုံနှင့် သိနိုင်ပါသည်။ ဝါဇီစက်ရုံမှ လိုချင်သလောက် ရိုက်ထုတ်၍ရသော ထောင်မလဲ၊ သဲကော် မြန်မာငွေစက္ကူများဖြင့် သန်းချီသော ဒေါ်လာငွေများကို လဲလှယ်ယူခြင်းလည်း ဖြစ်နိုင်ပါသည်။
မြန်မာကျပ်ငွေတန်ဖိုး ခေါက်ချိုးကျဆင်းခြင်းနှင့်အတူ ပြည်ပမှ ဝယ်ယူတင်သွင်းရသော စက်သုံးဆီဈေးနှုန်းမှာလည်း ၈ လအတွင်း ၂ ဆ မြင့်တက်သွားပြီ ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်ခြင်းနှင့်အတူ အထွေထွေ ကုန်ဈေးနှုန်းများ မိုးထိအောင် လှေခါးထောင်နေလေပြီ။
ADB အာရှဖွံ့ဖြိုးရေးဘဏ်၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု GDP သည် ၂၀၂၁ ခုနှစ်အတွက် အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းသွားပြီ ဖြစ်သည်။
မြို့နေတောနေ အခြေခံလူတန်းစားများအဖို့ အလုပ်အကိုင် ရှားပါးခြင်းနှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းဒဏ်ကို ခါးစည်းခံရပေတော့မည်။ မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းခြင်းနှင့် ကိုဗစ်ကပ်ရောဂါတို့၏ အကျိုးဆက်အဖြစ် စားနပ်ရိက္ခာ ခေါင်းပါးမှုဒဏ်ကို အကြီးအကျယ် ခံရလိမ့်မည်ဟု UN World Food Programme ကလည်း သတိပေးထားသည်။
ASEAN နိုင်ငံများထဲတွင် မိမိတို့နိုင်ငံသည် အောက်ဆုံးမှ နောက်ပြန်ရေတွက်ပါက အဆင်းရဲဆုံးနိုင်ငံအဖြစ် ဗိုလ်စွဲနေသည်ကို တွေ့ရသည်။ စစ်ကောင်စီ အာဏာတည်မြဲခြင်းသည် နိုင်ငံ၏ အနာဂါတ် ပျောက်ဆုံးခြင်းသာ ဖြစ်သောကြောင့် ဤအခြေအနေဆိုးကြီးကို ပြောင်းပြန်လှန်ပစ်ရန် လိုအပ်လှသည်။
၁၉၆၂၊ ၁၉၈၈၊ ၂၀၂၁ သုံးကြိမ်တိုင်တိုင် စစ်အာဏာသိမ်းခြင်းကို နှိုင်းယှဉ်သုံးသပ်ပါက ယခု အာဏာသိမ်းပွဲသည် အောင်မြင်နိုင်ဖွယ် မရှိပါ။ စစ်ကောင်စီသည် နိုင်ငံတကာ မျက်နှာစာတွင် လူရာမဝင်ခြင်း၊ နိုင်ငံတွင်း စစ်ရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး အကြပ်အတည်းပေါင်းစုံကိုရင်ဆိုင်နေရခြင်းကြောင့် သက်ဆိုးရှည်ဖွယ်ရာ မရှိဟု ယူဆပါသည်။
ဤစာစုကို မူလတန်းဖတ်စာလေးဖြင့် အဆုံးသတ်လိုပါသည်။ ဖတ်စာထဲတွင် ပြဿနာနှင့်အတူ ပြဿနာဖြေရှင်းသည့် နည်းလမ်းကိုပါ ဖော်ပြထားပါသည်။ ထို့ကြောင့် မူလတန်းဖတ်စာဖြစ်သော်လည်း အလွန် တန်ဖိုးရှိလှသည်ဟု ဆိုချင်ပါသည်။
ဇွန်ပန်းရုံအနီး။
လှည်းဘီးနွံထဲကျွံနေသည်။
လေးလွန်း၍ မတွန်းနှိုင်ဘူးလား။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။
မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။