သင်္ကြန်မတိုင်မီ ရက်ပိုင်းအလိုကပင် စာရေးသူတို့ ခတ္တနေထိုင်ရာ မြို့လေးမှာ မိုးတွေ ရွာသွန်းနေပါသည်။ မိုးသည်းထန်စွာရွာသွန်းသည်သာမက လေကြမ်းများပင် တိုက်ခတ်ပါသည်။ လမ်းဘေး သစ်ပင် တချို့ ကြိုးကြေကုန်သည်။ တချို့ အိမ်များ အိမ်ခေါင်မိုးပါလန်ထွက်ကုန်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၏ လေတိုက်နှုန်းမှာ ကချင်ပြည်နယ်ထက် များသည်ဟု စာရေးသူတော့ ထင်မိပါသည်။
ကောင်းကင်တစ်ခုလုံး အနီရောင်သန်းလာကာ လေကြမ်းကြမ်းတိုက်ခတ်ပုံသည် မကြုံဘူးသေးသော စာရေးသူအတွက် အထူးအဆန်းဖြစ်သလို ကြောက်စရာလည်း ကောင်းနေပါသည်။ လေတိုက်ပြီး မိုးရွာချလာမှ လေတိုက်နှုန်းလျော့ပါသည်။ ထို့ကြောင့်လည်း သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ကာလတစ်လျှောက် မီးမှာ မကြာခဏ ပျက်ပါတော့သည်။ မီးမလာသော်လည်း ရှိသည့် ဖုန်း ဖြင့် အချိန်ကို အကျိုးရှိစေရန် စာရေးသူက ကိုးရီးယား ဇာတ်လမ်းတွဲများ ကြည့်ပါတော့သည်။
စာရေးသူ ကြည့်မိသည့် ဇာတ်လမ်းတွဲကလည်း တိုက်တိုက်ဆိုင်ဆိုင် Love and Weather ဖြစ်နေတော့သည်။ မိုးလေဝသ ဌာန၏ ရုံးတွင်း အချစ်ဇာတ်လမ်းလေး ဖြစ်သည်။ မင်းသမီးကြီး Park Min Young နဲ့ မင်းသားချောလေး Song Kang တို့ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ညွှန်ကြားရေးမှူးချုပ် မမနှင့် မိုးလေဝသခန့်မှန်းသူ မောင်လေးတို့၏ နုနုရွရွ အချစ်ဇာတ်လမ်းလေး ဖြစ်ပါသည်။ သည် ဇာတ်လမ်းတွဲတွင် ထူးခြားသည်က ကိုးရီးယား မိုးလေဝသဌာန၏ မိုးလေဝသတွက်ချက်မှု တိုင်းတာမှု ခန့်မှန်းဖော်ပြမှု မိုးလေဝသဌာနစိတ် ဌာနခွဲများ၏ ဆောင်ရွက်ပုံကိုပါ တစ်ပါတည်း ရိုက်ပြထားခြင်းဖြစ်သည်။
မိုးလေဝသဌာန၏ ခန့်မှန်းချက်များသည်မှားယွင်းနိုင်သော်လည်း ဝန်ထမ်းများ၏ ကြိုးစားအားထုတ်ကာ မိသားစုအရေးကိစ္စများကိုပင် ဂရုမစိုက်နိုင်ဘဲ လုပ်ငန်းခွင်အတွင်း ဘဝများကို ပေးဆပ်ထားပုံကို ပီပြင်စွာရိုက်ကူးထားသည်။ မိုးလေဝသ ဌာနမှ ထုတ်ပြန်ချက် မှားယွင်းလျှင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးကြရပုံကိုလည်း Drama တွင် တင်ဆက်ထားပါသည်။ အပိုင်း ၁၂ အထိသာ ပါရှိပြီး သိပ်ရှည်လျားလှသော Drama မဟုတ်သဖြင့် အားလပ်ချိန်များတွင် ကြည့်ရှုသင့်ပါကြောင်း Review ရေးသားအပ်ပါသည်။