မင်္ဂလာပါ မိတ်ဆွေတို့ရေ။
HIVE MYANMAR မှာ ကျွန်တော်ကိုကျွန်တော် မိတ်ဆက်တာ လုပ်ဦးမယ်။
Hive Myanmar မှာ မိတ်ဆက်တာက ကျွန်တော်က လူသစ်တစ်ယောက်မို့တော့ မဟုတ်ပါဘူး။
Blockchain Social Media နဲ့ ရင်းနီးတာ ၄ နှစ်တာ ကျော်ခဲ့လောက်ပါပြီ။
စတီးမစ်မှာ စခဲ့တာပေါ့။ စတီးမစ်မှာတုန်းက ကျွန်တော့် အကောင့်က ဘီလျံနာဟိန်း ပါ။
ဘီလျံနာဟိန်း အကောင့်တုန်းက မာတီပယ်အကောင့်ရာဂဏန်းလောက်က ပို့စ်တင်တိုင်း လာဗုတ်ကြတော့ စတင်းကလင်နာ က အလွဲသုံးစားလုပ်တယ် ထင်ပြီး ကျွန်တော်၏ အကောင့်ကို အော်တိုဒေါင်းဗုတ် ဖြင့် အပစ်ပေးတာ ခံခဲ့ရပါတယ်။
တကယ်က အစမှာ ကျွန်တော်က အဲ့ဒီ အကောင့်ရာကျော် ကိုင်တဲ့သူဆီကို ဗုတ်ဝယ်ခဲ့ဖူးတာပါ။
နောက် မဝယ်တော့ပေးမယ့်လည်း Power မရှိလှတဲ့ မာတီအကောင့်ရာကျော်က ကျွန်တော် ပို့သ်တင်တိုင်း လာဗုတ်နေကြတော့တာပါပဲ။ အင်း ဗုတ်ရတိုင်းလည်း မပျော်ခဲ့ရပါဘူးဗျာ။
ဒါနဲ့ပဲ ကျွန်တော်ဟာ ဂိုးဒင်းဖြူးချား ရွှေအနာဂတ် ဆိုတဲ့ အကောင့်သစ်တစ်ခု ထပ်မံ ဖွင့်ပြီး စတီးမစ်မှာ ရှေ့ဆက်ခဲ့ရပါတယ်။
ဘီလျံနာဟိန်း ဆီက ပါဝါတွေကို ရွှေအနာဂတ်ဆီ ပြောင်းခဲ့တာပေါ့။
နောက်ဆုံး စတီးမစ်ကနေ ဟိုက်ဆီ ပြောင်းကြတော့ ရွှေအနာဂတ်မှာ ပါဝါ နှစ်ထောင်ကျော် ရှိနေခဲ့ပါပြီ။
ဟိုက်ရောက်တော့ ဟိုက်ပါဝါ နှစ်ထောင်ကျော် အော်တို ရခဲ့ပါတယ်။
စတီးမစ်အကောင့်က စတင်းတွေကို ရောင်းပြီး ဟိုက် ထဲ ထည့်လိုက်တော့ နောက်ဆုံးမှာ ဟိုက်ပါဝါ ၄၅၀၀ လောက်နဲ့ Hive Decentralized Blockchain ကို လျှောက်လှမ်းခဲပါတယ်။
အဲ့ဒီမှာ စတီးမစ်တုန်းက စတင်းအင်ဂျင်တုန်ကင်တွေလည်း ဟိုက်အင်ဂျင်တုန်ကင် ဖြစ်လာကြပါတယ်။
ဟိုက် ရောက်တော့ ဟိုက်အင်ဂျင်တုန်ကင် ထဲက leo ဟာ ဈေးကွက် ပေါက်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော်က စတီးမစ်တုန်းက leo ဟာ crypto and finance အကြောင်း ရေးမှသာ tag တွဲလို့ ရတာ ဖြစ်သောကြောင့် leo မစုဘဲ ပြန်ရောင်းထုတ်ခဲ့တာပါ။
လီယိုဈေးက တဖြည်းဖြည်းကောင်းလာတာရယ်၊ ကိုဟင် ဦးဆောင်တဲ့ ဟိုက်မြန်မာအဖွဲ့သားတွေ လီယိုတဂ် တွဲကြတော့ ကျွန်တော်လည်း ပို့စ်တိုင်းကို တွဲထည့်မိခဲ့ပါတယ်။
စတီးမစ်မှာတုန်းက လီယိုရဲ့ စည်းကမ်းကို နားလည်ခဲ့ပေမယ့် ဟိုက်မှာ ဖြေလျှော့ပေးထားလို့ တွဲနေကြတယ် ထင်မိခဲ့ပါတယ်။
အဲ့မှာ ဦးထွေး၊ ကိုဒွန်၊ ဦးစိုး နှင့် ကျွန်တော်တို့ အကောင့်တွေကို လီယိုက ဘလက်လစ်သွင်း ဖယ်ထုတ်လိုက်တယ် ထင်ပါတယ်။
ကျွန်တော်တို့တွေ လီယိုတဂ် တွဲလည်း လီယိုပလက်ဖောင်းပေါ်မှာ မပေါ်သလို ဗုတ်၊ ကွန်မန့်၊ ရီဝဒ် ဘာမှ မရတော့ပါဘူး။
ထိုအခါ ကျွန်တော်လည်း လီယို ရချင်မိသောကြောင့် အကောင့်သစ် တစ်ခု ထပ်မံ ဖွင့်ခဲ့ပါတယ်။
အဲ့အချိန်က လီယိုဈေးသည် ဟိုက်ထက် မြင့်တက်လာနေခဲ့တာကိုး။
၂၀၂၁ နှစ်ဝက်လောက်မှာ လီယိုဟာ ဟိုက်ရဲ့ သုံးဆ သို့မဟုတ် ၁$ ကျော်ထိ ရောက်ခဲ့တာပါ။
လီယိုအတွက် ဖွင့်ခဲ့တဲ့ အကောင့်က အခု သုံးနေတဲ့ တင်အောင်စိုး ပါပဲ။
တင်အောင်စိုး က ကျွန်တော်၏ အမည်ရင်းပါ။
ဖေ့ဘုပ်မှာ ဟိန်းခန့်မောင် ၊ စတီးမစ်သုံးတော့ ဘီလျံနာဟိန်း နဲ့ စခဲ့တာမို့ ကျွန်တော့်ကို ဒီမှာ ကိုဟိန်း လို့ပဲ သိကြ၊ခေါ်ကြတာပါ။
အခုဆို အရင်အကောင့်ဟောင်း ရွှေအနာဂတ်မှာ ပါဝါ ၄၆၀၀ ကျော်၊ ဒီအကောင့်မှာ ပါဝါ ၂၇၀၀ ကျော် တို့ဖြင့် ကျွန်တော် ခရီးဆက်နေပါတယ်။
ဒါနဲ့ တဆက်တည်း ပြောရဦးမယ်။
ကျွန်တော့်မှာ နောက်ထပ် အကောင့်တစ်ခု ရှိပါသေးတယ်။
အဲ့ဒါက ကျွန်တော်၏ သားကလေး မွေးပြီးတာနဲ့ ဖွင့်ခဲ့တဲ့ အကောင့်ပါ။
အဲ့အကောင့်ကို သားသား အတွက် အမွေတစ်ခု အဖြစ် သီးသန့်ထားဖို့ ဖွင့်ထားတာပေါ့။
သားသား၏ အမည်အရင်းတိုင်း ဝဠာဟိန်း ဟု ပေးထားတာပါ။
ဝဠာဟိန်း အကောင့်မှာလည်း ပါဝါ ၇၀၀ ကျော် ရှိနေပါပြီ။
လက်ရှိ အားပြု သုံးနေတာက တင်အောင်စိုး အကောင့်ပါပဲ။
လီယိုနဲ့ စခဲ့တာမို့ ပထမတုန်းက crypto and finance အကြောင်း ဆပ်စပ်တာတွေပဲ ပို့စ်တင်ခဲ့ပါတယ်။
လီယိုပါဝါ ၃၀၀၀ ၊ လီယို ၁၀၀၀ ကျော် စုမိခဲ့ပါတယ်။
HP ၂၇၀၀ ကျော်၊ HBD 250 လောက်၊ လီယို ၄၀၀၀ ကျော် နဲ့ Hive-engine wallet တန်ဖိုး $1500 လောက်ရှိတဲ့ ပမာဏ ကို ၁၄ ကျော်ကာလနဲ့ ရရှိခဲ့တာပါ။
ဒါတွေ ပြောနေတာက ကြွားဝါနေတာ မဟုတ်ပါဘူး။
တကယ်လုပ်ရင် အရင်းငွေ မစိုက်ရဘဲ ဖုန်းဘေဖိုးနှင့် အားလပ်ချိန်တို့ကိုသာ စိုက်ထုတ်ခဲ့တဲ့ အကျိုးရလဒ် ကို ဖော်ပြပေးတာပါ။
လီယိုဈေးကွက်က ထင်သလို ဆက်မရပ်တည်နိုင်ဘဲ ဖြစ်လာသောအခါ ကျွန်တော်ဟာ Blockchain Gaming ဘက်ကို ဦးတည်ခဲ့ပါတယ်။
အဲ့နောက်မှာတော့ ကျွန်တော်၏ ပို့စ်တွေဟာ Hive Game အကြောင်းတွေသာ များပါတော့တယ်။
ကျွန်တော်က Hive Myanmar Community မှာ Post တင်လေ့ သိပ်မရှိပါဘူး။
Support ရနိုင်မယ့် community တွေဘက်သာ လျှောက်လှမ်းခဲ့တာပါ။
ဒါပေမယ့် ထူးထူးထွေထွေလည်း မကြိုးစားခဲ့ပါဘူး။
နေ့စဉ် ပုံမှန် လုပ်ဆောင်ခဲ့တဲ့ ဇွဲလုံ့လသာ ရှိခဲ့တာပါ။
ကျွန်တော်၏ စာတွေက အရည်အသွေး မရှိလှပါဘူး။
အရေအတွက်တွေသာ များတာပါ။
ဒါကလည်း ကျွန်တော်က E လို မကျွမ်းကျင်ဘူးလေ။
မြန်မာလို ရေးပြန်တော့လည်း အထောက်အပံ့ ကောင်းကောင်း မရနိုင်သေးဘူးလေ။
ဒီတော့လည်း ကျွန်နော်က ပါဝါ များများရဖို့သာ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာပါပဲ။
အခုဆို ကျွန်တော်၏ အကောင့်သုံးခု ပေါင်းလျှင် ဟိုက်ပါဝါ ၈၅၀၀ ကျော်လောက် ရှိပါတယ်။
သို့ပေမယ့် ကျွန်တော်က ၂၅၀၀ ကျော်လောက်ကို ဒလီဂိတ်လုပ်ပြီး ငှားစားထားပါတယ်။
ဒါတွေ ပြောပြနေတာက အကယ်၍ မြန်မာယူဆာတွေ အတွက် လိုအပ်လာလျှင် ထို ဒလီဂိတ်တွေကို ပြန်ထုတ်မှာပါ။
ဟိုက်မှာ မြန်မာယူဆာတွေ များများစားစား မရှိတော့ ကျွန်တော်က E လို မကျွမ်းပေမယ့် နိုင်ငံခြားအကောင့်တွေနဲ့ အနည်းငယ် ဆက်သွယ်မှုလုပ်နေပါတယ်။
ဟိုက်ပါဝါ စုဆောင်းနေခြင်းက ကျွန်တော်၏ အနာဂတ် မျှော်လင့်ချက် အိပ်မက်အတွက် အဓိကပါ။
သို့ပေမယ့် စုဆောင်းထားတဲ့ ပါဝါတွေဟာ မြန်မာယူဆာတွေ အတွက် အကျိုး ရရှိစေဖို့ မျှော်လင့်ထားပါတယ်။
ကိုယ်တိုင်က လေးနှစ်ကျော်ကာလအတွင်း ယခုဈေးဖြင့် တွက်ချက်ပါလျှင် မြန်မာငွေ သိန်းနှစ်ရာ ဝန်းကျင် ပိုင်ဆိုင်ထားလေတော့ ကိုယ့်မြန်မာတွေကိုလည်း ရစေချင်မိပါတယ်။
ဤသည်မှာ ကြာချိန်ကာလ လပေါင်း ၅၀ ဖြင့်ဆိုပါလျှင် တစ်လလျှင် မြန်မာငွေ လေးသိန်း လောက် တွက်ခြေကိုက်ခဲ့သည်ဟု ပြောချင်ပါတယ်။
အဲ မိတ်ဆက်တယ် ဆိုပြီး ကိုယ့်အကြောင်းတွေကို အပြင်မှာ ဘာညာ မပြောတော့ပါဘူး။
Hive Blockchain ပေါ်က Hive Myanmar တွေကို ဒီမှာ ကိုယ့်ရဲ့ ဖြစ်တည်မှု၊ လျှောက်လှမ်းနေမှု နှင့် ရလဒ်တွေကိုပဲ ထုတ်ပြောမိလိုက်ပါတယ်။
တကယ်တော့ Hive Myanmar အနေဖြင့် သော်လည်းကောင်း၊ Hive ထဲ ရောက်လာတဲ့ မြန်မာတွေ အနေဖြင့် လည်းကောင်း စည်းလုံးညီညာစွာ အတူ ရှေ့ဆက်ချင်တာပါ။
တစ်ဦးကိုတစ်ဦး လိုအပ်မှုတွေ၊ သိလိုမှုတွေကို အချင်းချင်း ရိုင်းပင်းကူညီရင်း အကျိုးအမြတ် ကောင်းကောင်း ရစေဖို့ပါ။
ကျွန်တော်ကတော့ အားလပ်နေချိန်များမှာ နားလည် တတ်သိသလောက် ကူညီပေးပါမယ်၊ ဖြေကြားပေးပါမယ်။
ဒါပေမယ့်လည်း လူသစ်တွေက ကိုယ့်ထက် တော်နေကြတော့ ထူးထွေ ပြောပြပေးဖို့ လိုမယ်တောင် မထင်ပါဘူးလေ။
မိတ်ဆွေများ ပြုံးပျော်နိုင်ကြပါစေ။
တင်အောင်စိုး