ခရီးသွားရဖန်များတော့ နှလုံးသားလေးနယ်ကျွံချင်လာတယ် .. ရန်ကုန်နဲ့မန်းလေးကို ရောက်ပြန်ကူးနေရင်းက ကိုယ်စီးနေကျ လိုင်းကားရဲ့ bus မယ်တစ်ယောက်နဲ့ဆုံတွေ့ခဲ့တယ် .. လိုင်းကားစီးရင် ရှေ့ဆုံးခုံမှ စီးတတ်တဲ့အကျင့်ရယ် လမ်းလေးကိုမြင်နေရမှ စိတ်ချမ်းသာတတ်တာရယ်ကြောင့် ကားစီးလိုက်တိုင်း A1 2 3 ကလွဲရင် ကျန်တာမစီးဖြစ်ဘူး .. အဲဒီ ၃ ခုံလုံးမကျန်မှ ရတဲ့ခုံစီးပေါ့ .. မှတ်မှတ်ရရ မန်းလေးကိုမနက်ကား နဲ့ စီးသွားတော့ နေ့ဖက်ဖြစ်နေတာရယ် မအိပ်ချင်တာရယ်နဲ့ ကိုယ့်ရှေ့က လမ်းကိုကြည့်ပြီး လိုက်လာမိတယ် .. အမြန်လမ်းပေါ်ရောက်တော့ bus မယ်လေးရဲ့ အေးပြီးစွာတဲ့အသံလေးကို စ သတိထားမိတာ .. သူ့ကလေးဘဝ ကအလွဲလေးတွေ ရော တခြားအကြောင်းအရာတွေရောပေါ့ .. သူ့ရုပ်ကိုတော့ သေချာမကြည့်မိတော့ မသိပေမယ့် အသံလေးကတော့ အတော်နားထောင်ကောင်းတယ် .. အိပ်မရတော့ အမြန်လမ်းရဲ့ခြေနေလေးတွေ ကားဆရာနဲ့ စကားပြန်လှန်ပြောရင် သူငြိမ်နေတတ်တယ် .. အမြန်လမ်းအထာ ကင်မရာ အကြောင်းလေးတွေပြောဖြစ်တော့ မကြာမည်တွေ့လိမ့်မယ် သတိထားကြည့် ဆိုတာနဲ့ ခုံပေါ်ကနေ အောင်ဆင်းကြည့်တော့ ကွယ်ဝှက်ထားတဲ့ ကင်မရာလေးက တကယ် မထင်မှတ်ထားတဲ့နေရာမှာ ထောင်ထားလေရဲ့ .. ကားဆရာက ရှေ့မှာကင်မရာလို့လည်းပြောရော မရွှေချောက လက်၂ ချောင်းထောင်ပြလိုက်တာ လှမ်းမြင်လိုက်တယ် .. ကားဆရာသတိပေးမှ ပြန်ချပြီး ကင်မရာဆိုတော့ ပုံလှလှလေးမြင်အောင်လို့တဲ့ ..
မန်းလေးရောက်တော့ အဲည ၈:၃၀ ကားနဲ့ပြန်ဖို့မှီမှန်းလည်းသိရော လိုင်းပေါ်ကနေပဲ လက်မှတ်ဖြတ်လိုက်တယ် .. အလုပ်ကိစ္စအတွက် သူဌေးအိမ်သွားပေါ့ .. အိမ်ရောက်ရောက်ချင်း မနားတမ်းရေချိုးပြီး ရန်ကုန်ပြန်ဖို့ သူငယ်ချင်းကို လိုက်ပို့ခိုင်းမိတယ် .. ကားအချိန်စောနေသေးတာကြောင့် သူငယ်ချင်းနဲ့ အကင်ဆိုင်ထိုင်ရင်း ညစာစားကြပေါ့ .. ၈ နာရီကျော်တာနဲ့ ဖုန်းနံပါတ်စိမ်းတစ်ခုဝင်လာလို့ ကောက်ကိုင်မိတော့ " ဦးလေးရေ...... ၈:၃၀ ကားက ဆက်တာပါ . ဦးလေးလာနေပြီလားရှင့် " အသံကြားလိုက်တာနဲ့ အလာတုန်းက ကလေးမလေးနဲ့ပဲ တစ်စီးထဲ ပြန်ရတော့မယ်ဆိုတာ တွေးမိလိုက်တယ် .. ကားပေါ်ရောက်လို့ ကိုယ့်ထိုင်ခုံမှာ ထိုင်မိတာနဲ့ ခေါင်းက ကိုက်ချင်ချင်ဖြစ်လာတယ် .. တစ်နေကုန် ရှူးဖိနပ်စီးပြီး နေလာမိတာရယ် ရေချိုးပြီးချင်း ရှူးစီးလာတာရယ်ကြောင့် အပူတွေ ကန်တော့မှာ အလိုလိုသိနေပြီ .. ကားထွက်ပြီးလို့ မကြာခင်ပဲ ခေါင်းကိုက်လာတာက နေလို့မရတော့ဘူး . အရေးပေါ်မီးလေးနှိပ်လိုက်တော့ ကားစပါယာရောက်လာတယ် . ခေါင်းတွေတအားကိုက်လာလို့ ဆေးရှိလားမေးတော့ ရှုဆေးတွေရှိတယ် . ကားခေါင်းမှာ ခန လိုက်စီးလိုက်ပါလား ဆိုတာနဲ့ ခေါင်းခန်းထဲမှာ ထိုင်ပြီးစီးလာမိတယ် .. ကားဆရာရဲ့ လိမ်းဆေးလေးကို နှာချောင်း လည်ကုပ်မှာ လိမ်း နားထင်ကို ပါဆေးနဲ့ ပွတ်ပေးတော့ နေရထိုင်ရသက်သာလာတယ် .. ကားဆရာ ရယ် စပါယာရယ် ကိုယ်ရယ် ၃ ယောက်သား ကားအကြောင်းပြောလိုက် အလုပ်အကြောင်းပြောလိုက်နဲ့ လာကြတော့ သာလိကာမလေးက ရေငုံနှုတ်ပိတ် .. မိတ္ထီလာလမ်းခွဲမှာ နားတော့ ထမင်းစားပြီးဆေးဝယ်သောက်ပေါ့ . ကားပေါ်ပြန်ရောက်တော့ သက်သာလား လာကြည့်ပေးရှာတယ် .. ဆေးသောက်ထားတဲ့ အရှိန်နဲ့ အိပ်လိုက် တရားလေးနာလိုက်နဲ့ ရန်ကုန်ရောက်တဲ့ထိပဲ .. ကားဆရာဖုန်းနံပါတ်နဲ့ ကားbus မယ်ဖုန်းနံပါတ် ၂ လုံး Phone Contact ထဲမှာ အသစ်ထပ်တိုးလာတာက လွဲပြီးဘာမှမပိုခဲ့ပါဘူး ..
လွန်ခဲ့တဲ့ ၂ ရက်က မန်းလေးသွားရမယ်ဆိုတော့ မှ ကားလက်မှတ်ဝယ်ရင်း သူလေးများထပ်ဆုံမလားတွေးမိလိုက်တယ် .. ခရီးသွားရာသီမို့ လက်မှတ်ကြိုဝယ်ထားတော့ ကိုယ်လိုချင်တဲ့နေရာတွေအကုန်ရတယ် .. ခရီးသွားရမယ့်မနက်ရောက်မှ မသွားလည်းရပြီ မန်းလေးက လူလာမှာဆိုတော့ လက်မှတ်ပြန်ရောင်းပေါ့ .. လက်မှတ်ရောင်းပေးဖို့ ဂိတ်ကိုဖုန်းဆက်တော့ တော်ယုံနဲ့ဆက်မရ ဆက်ရပြန်တော့လည်း ရက်ပဲချိန်းလို့ရမှာ ငွေပြန်မအမ်းဘူးဆိုတော့ .. မသွားတော့လည်းရှုံးယုံပေါ့ . အဲဒီအချိန်ရောက်မှ သာလိကာလေးကိုသတိရပြီး လက်မှတ်ပြန်ရောင်းပေးဖို့ ကူညီတောင်းပေါ့ .. သူကူညီပေးမယ်ဆိုတော့ viber ကနေပဲ လက်မှတ်ပုံတွေပို့ပေးမိတယ် .. ည ၆ နာရီကျော်မှ မန်းလေးက မလာတော့ဘူး ထွက်လာမှရမယ်ဆိုတော့ကာ ကမန်းကတန်းပြေးရပြီပေါ့ .. ကားဂိတ်ရောက်တော့လည်း သာလိကာလေးနဲ့ မတွေ့ဖြစ်မဆုံဖြစ်ပါဘူး .. ၇၆ မှာနားမှ ထမင်းစားနေတာ သွားတွေ့တယ် .. ကားပြန်ထွက်တော့ viber ကနေ စကားသွားပြောရင်းမှ ကြည်နူးမှုတစ်ခုနဲ့အတူ ရင်ခုန်သံက နိုးကြားလာသလိုလို .. လိုင်းမိတဲ့နေရာ စာလေးပို့လိုက် သူ့အကြောင်းလေးနှိုက်လိုက်ပေါ့ .. မန်းလေးကနေ ရန်ကုန်ပြန်တော့လည်း သူတစ်စီး ကိုယ်တစ်စီး .. Viber ကနေပဲ စကားပြောလာဖြစ်တယ် .. နာမည် ဖုန်းနံပါတ် လက်ရှိနေတဲ့နေရာ သူ့ဇာတိ သိသင့်သလောက်သိလာပြီးမှ စိတ်ထဲပေါ်လာတဲ့အတွေးက ငါရင်ခုန်သံတွေ ပြန်နိုးထ လာတာမှန်ပေမယ့် ငါတကယ်ချစ်မိနေရဲ့လား .. သူလေးကရော အသက်အရွယ်အရ ငါ့ကိုလက်ခံနိုင်ပါ့မလား .. ကိုယ်ကချစ်လို့ သူလက်ခံသည့်တိုင် ငါနောင်တစ်ချိန် ဘုန်းကြီးဝတ်ရင် သူများသားသမီး ဒုက္ခပေးမိနေမလား .. ဘဝရဲ့ပန်းတိုင်က ဘုန်ကြီးအပြီးဝတ်ဖို့ ဆိုတော့ လက်သလောခံစားချက်အတွက်နဲ့ ရှေ့ဆက်သင့် မဆက်သင့် .. မုန့်ဆီကြော်ကို မမြင်ရသေးပေမယ့် နှုတ်ခမ်းနာက ရှတတ .. ချစ်မိတော့လည်း ချစ်ရတဲ့အပြစ် .. ငါ ဆက် ချစ်သင့် မချစ်သင့် .. လူပျိုကြီးတစ်ယောက်ရဲ့ စိတ်ကူးက စိတ်ကူးတစ်ခုထက် ပိုင်နိုင်ခဲ့ရင် ... ခရီးသွားမိမှ နယ်ကျွံသွားတဲ့ နှလုံးသားက နှုတ်ရအခက် စိုက်ရအခက်ပါလား ..
စိုင်းအယ်ပြည့်