Hello all my friends!
မင်္ဂလာပါ။
This post can be read by English in this post
ဒီနေ့ဟာဆိုရင် မြန်မာနိုင်ငံမှာ 8888 အရေးတော်ပုံ ဖြစ်ခဲ့တာ ၃၃ နှစ်ပြည့်မြောက်ခဲ့ပါပြီ။
8888 အရေးတော်ပုံ ဆိုသည်မှာ 8/8/1988 နေ့မှာ နိုင်ငံရေးတတ်ကြွသူ ကျောင်းသားလူငယ်များ ဦးဆောင်သော မြန်မာပြည်သူလူထုကြီးက စစ်အာဏာရှင်ကို တော်လှန်၊ဆန္ဒပြ၊သပိတ်မှောက်ကြသော စစ်အာဏာရှင်တော်လှန်ရေး အရေးတော်ပုံ ကို ဆိုလိုခြင်း ဖြစ်ပါသည်။
ထိုစဉ်ကလည်း စစ်အကြမ်းဖက်အဖွဲ့က မြန်မာပြည်သူများစွာကို သတ်ဖြတ်ခဲ့ပါသည်။
ထိုအရေးတော်ပုံ၏ ရလဒ် အဖြစ် စစ်အာဏာရှင်သမ္မတကို ဖြုတ်ချနိုင်ခဲ့ပြီး 1990 ခုနှစ်မှ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါသည်။
၎င်းရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၉၀% ကျော်ဖြင့် အပြတ်သတ် အနိုင်ရရှိခဲ့သည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ကိုယ်စားလှယ်များသည် လွှတ်တော် တတ်ရောက်နိုင်ခြင်း မရှိကြဘဲ အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ကြရသည်။
ထို့နောက်တော့ ကုလသမ္မဂ နှင့် ကမ္ဘာ့နိုင်ငံရေးဩဇာရှိသော နိုင်ငံကြီးများ၏ အကူအညီကို အလုံးစုံ မရရှိဘဲ မြန်မာပြည်သူလူထုသည် စစ်အာဏာရှင်၏ လက်အောက်၌ နေထိုင်ခဲ့ကြရတော့သည်။
ကမ္ဘာ့နိုင်ငံရေးဩဇာရှိသော နိုင်ငံကြီးများ၏ စီးပွားရေးပိတ်ဆို့မှုသည် အကြမ်းဖက်စစ်တပ် အပေါ် မထိရောက်ပါဘဲ ပြည်သူလူထုသည်သာ စီးပွားရေးနိမ့်ပါးသောဘဝမှာ နေသားကြကြရတော့သည်။
၂၀၀၃ ခုနှစ်၌ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေးခေါင်းဆောင်များ အကြမ်းဖက်စစ်တပ်၏ အကျယ်ချုပ် အကျဉ်းထောင်များမှ လွတ်မြောက်ခဲ့ကြသည်။
ထိုအခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး နိုင်ငံအတွင်း လှည့်လည်ကာ နိုင်ငံရေးဟောပြောပွဲများ ပြုလုပ်ခဲ့ကြသည်။
ထိုစဉ် ဒီပဲယင်းမြို့ အနီး၌ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စွမ်းအားရှင်အဖွဲ့က လုပ်ကြံတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။
စွမ်းအားရှင်အဖွဲ့သည် အကြမ်းဖက်စစ်တပ်မှ ဖွဲ့စည်းထားသော ဆိုးသွမ်းသောလူများ ဖြစ်ကြသည်။
ထိုနောက်တော့ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေးခေါင်းဆောင်များစွာ ထပ်မံ ဖမ်းဆီး ချုပ်နှောင်ခံကြရပြန်သည်။
၂၀၀၇ ခုနှစ်၌ မြန်မာနိုင်ငံ၌ လောင်စာဆီဈေး မြင့်မားမှုနှင့်အတူ ရဟန်းသံဃာများ ဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားခဲ့သည်။
၂၀၀၈ ခုနှစ် မြန်မာနိုင်ငံသည် နာဂစ်မုန်တိုင်း တိုက်ခိုက်ခံရပြီး လူပေါင်းသိန်းချီ သေဆုံးခဲ့ရသည်။
၎င်းဝမ်းနည်းဖွယ်အဖြစ်အပျက်ကြီးကို စစ်အာဏာရှင်က လစ်လျူရှုကာ ၂၀၀၈ ဖွဲ့စည်းပုံ ကို ဟန်ပြ လူထုထောက်ခံမှု ရယူကာ အတည်ပြုခဲ့သည်။
၎င်း၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ အရ ၂၀၁၀ ခုနှစ်၌ ရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့သည်။
ထိုရွေးကောက်ပွဲ၌ NLD ပါတီ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် အကြမ်းဖက်စစ်တပ်မှ ယူနီဖောင်းလဲကာ ရွေးကောက်ပွဲဝင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) က အနိုင်ရရှိခဲ့ပြီး သမ္မတမှာ ဦးသိန်းစိန် ဖြစ်ခဲ့သည်။
၂၀၁၂ ခုနှစ်၌ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ NLD ပါတီ ခေါင်းဆောင်များ ပြန်လည် လွတ်မြောက်လာခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရာ ကိုယ်စားလှယ်နေရာ ၄၅ နေရာ၌ ၄၃ နေရာ အနိုင်ရရှိခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီး၌ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၉၀% ကျော်ဖြင့် အနိုင်ရရှိခဲ့ပြန်သည်။
၂၀၁၅ - ၂၀၂၀ အတွင်း၌ မြန်မာပြည်သူလူထုသည် ဒီမိုကရေစီ အရသာကို အနည်းငယ် ခံစားခွင့် ရရှိခဲ့ကြသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အခြေအနေသည်လည်း အနည်းငယ် ခေါင်းထောင်လာနိုင်ခဲ့သည်။
၂၀၁၉ ကုန်ခါနီး ဖြစ်ပွားခဲ့သော Covid-19 pandemic ကိုလည်း အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်ဟု ပြောရမည်။
၂၀၂၀ ရွေးကောက်ပွဲကို Covid-19 pandemic ကြားမှာ ပွင့်လင်းမြင်သာစွာ ကျင်းပနိုင်ခဲ့သည်။
ထိုရွေးကောက်ပွဲ၌လည်း NLD ပါတီသည် ၉၅% ကျော်ဖြင့် အပြတ်သတ် အနိုင်ရရှိခဲ့ပါသည်။
သို့သော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အနိုင်ရကိုယ်စားလှည်များ လွှတ်တော် မတက်ရောက်မီ ညသန်းခေါင်အချိန်၌ အကြမ်းဖက်စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ အနိုင်ရကိုယ်စားလှယ် များစွာကို ဖမ်းဆီးချုပ်နှောင်ကာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တော့သည်။
Image source
ယခုအခါ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာ ၆ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သို့သော် အကြမ်းဖက်စစ်အာဏာရှင်သည် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ဆုပ်ကိုင်နိုင်ခြင်း မရှိသေးပါ။
အကြမ်းဖက်စစ်တပ်ကို အစိုးရ ဟူ၍လည်း မည်သည့်နိုင်ငံကမှ ထောက်ခံခြင်း မရှိသေးပါ။
ဤကာလအတွင်း အကြမ်းဖက်စစ်တပ်သည် ဆန္ဒပြပြည်သူများကို သတ်ဖြတ်ခဲ့ရာ လူဦးရေ ၁၀၀၀ ဝန်းကျင် ရှိခဲ့ပါပြီ။
ဖမ်းဆီးခံရသူ ထောင်ပေါင်းများစွာ နှင့် စစ်ဘေးတိမ်းရှောင်နေရသူ ၃ သိန်း ဝန်းကျင် ရှိသည်။
အကြမ်းဖက်စစ်တပ်သည် Covid-19 pandemic တတိယလှိုင်းကို ဇီဝလက်နက် အဖြစ် အသုံးချခဲ့သောကြောင့်လည်း လူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါပြီ။
ဤသို့သော အခြေအနေ၌ အမှန်တရားမြတ်နိုးသူ ကျွန်တော်တို့ မြန်မာနိုင်ငံသားများသည် ငါတို့အတွက် ငါတို့ရှိသည် ဟူသော ခံယူချက်ထားကြကာ စစ်အာဏာရှင်ကို ဆက်လက် တော်လှန်နေကြပါသည်။
ယခုအခါ မြန်မာပြည်သူများစွာသည် ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။
လွတ်မြောက်သွားကြသော နိုင်ငံရေးခေါင်းဆောင်များမှ ဦးဆောင်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ကမ္ဘာ့အလယ်မှာ သံတမန်ရေးအရ နိုင်ငံတော်အစိုးရ အဖြစ် အသိအမှတ်ပြုခံရနိုင်ရန် ကြိုးစားလျက် ရှိသည်။
ပြည်တွင်းမှ နိုင်ငံရေးတတ်ကြွသူ လူငယ်များကတော့ အကြမ်းဖက်စစ်တပ်ကို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုနေကြသည့်အပြင် စစ်ရေးအရပါ တော်လှန်တိုက်ခိုက်ရန် People Defense Force (PDF) အဖွဲ့များ ဖွဲ့စည်း ပြင်ဆင်နေကြသည်။
ဤသို့သော အခြေအနေများ၌ ကျွန်တော် ဘာလုပ်နိုင်မည်လဲ။
ကျွန်တော်သည်လည်း ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သည်။
အကူအညီ လိုအပ်သော နေရာအချို့၌ ငွေကြေးအနည်းငယ် ထောက်ပံ့ခဲ့သည်။
ထိုမျှထက် ကျွန်တော် ပို၍ ပါဝင်လုပ်ဆောင်ချင်သော်လည်း အစွမ်းအစ နည်းနေသည်။
သို့ဖြစ်၍ ကျွန်တော့်ကိုကျွန်တော် ရှက်မိပါသည်။
ဤတွင် မိတ်ဆွေတို့ကို အကြံဉာဏ်၊ အကူအညီ တောင်းလိုသည်။
HIVE Blockchain မှာ Fund Account တစ်ခု ဖွင့်လှစ်ကာ အကူအညီ တောင်းခံသင့်ပါသလား။
ကျွန်တော်က Fund Account အသစ် ဖွင့်ကာ လုပ်ဆောင်ပါလျှင် ကူညီပေးကြပါမည်လား။
ယခု Account မှပဲ အကူအညီ တောင်းခံသင့်သလား။
မည်သို့ လုပ်ဆောင်ပါလျှင် မြန်မာပြည်သူများ၏ ကျန်းမာရေး၊အစားအစာ အတွက် လိုအပ်ချက်များကို ကူညီနိုင်ပါမည်လဲ။
ကျေးဇူးပြု၍ အကြံဉာဏ်၊အကူအညီများ ပေးကြပါဦး မိတ်ဆွေတို့ရေ။
အရာအားလုံး အတွက် ကျေးဇူးတင်ပါသည်။
တင်အောင်စိုး