Today is the thirty-seven
Garbage collection.
ယနေ့ 11-8-24 တနင်္ဂနွေနေ့ အမှိုက်ကောက်ရမည့်
ရက်၊ Cleanplanet မှာ post ရမည့်ရက်ဖြစ်သည်။
ထုံးစံအတိုင်း အိမ်ခြံဘေးမှာရှိသော အမှိုက်များကို
ကောက်ယူသည်။ ခြံဘေးမြောင်းအတွင်းရှိသော
တခါသုံးကြွတ်ကြွတ်အိတ်များကို ကောက်ယူသည်။
ဝါဆို၊ ဝါခေါင် လေရူးတိုက်တော့ ကြွတ်ကြွတ်အိတ်များ
လမ်းမထက် လေယူရာယိမ်နွဲ့လိုက်ပါကာ
နောက်ဆုံးပိတ်မှာတော့ မြောင်းအတွင်း ခိုနားကြသည်။
မြောင်းအတွင်းရှိ ကြွတ်ကြွတ်အိတ်များကို
ကောက်ယူပြီး ခြံဘေးပတ်၍ကြည့်သည့်အခါ
ကွမ်းထွေး၍ ထဲ့ထားသော ကွမ်းထွေးကြွတ်ကြွတ်အိတ်ကို
တွေ့သည်။ ထို ကွမ်းထွေးကြွတ်ကြွတ်
အိတ်ကိုတော့ လက်ဖြင့် မကောက်ချင်၍
တုတ်ထိုးကောက်ယူပြီး အမှိုက်တောင်းမှာ
ပစ်လိုက်သည်။ အနှီးကွမ်းယာ သည်က မြန်မာ
ပြည်၌ လွန်စွာမှ မင်းမူနိုင်လေသည်။
ကွမ်းယာစားသုံးသူက မြန်မာပြည်၌ အမျိုးသား၊
အမျိုးသမီး နှစ်လီစားသုံးကြသည်။ ကွမ်းယာ
စားသုံးသူများက အများအားဖြင့် ကွမ်းထွေးရာတွင်
အလွယ်တကူထွေးကြသည်။ ကွမ်းတံထွေးများက
အဆောက်အဦးနေရာအချို့တွင် မြင်မကောင်း
အောင် တွေ့မြင်ရသည်။
တနေ့က ကျွန်တော့်ခြံအရှေ့ရှိ တရုတ်အိမ်သည်
သူ့ခြံဝင်းအတွင်း ကွန်ကရစ်ခင်းသည်။
ထိုသို့ ကွန်ကရစ်ခင်းရန်အတွက် ပန်းရံအုပ်စု
အဖွဲ့ကိုငှားသည်။ ထိုပန်းရံအဖွဲ့သည် ဒိုင်နာ
ကားတစီဖြင့် မိသားစုလိုက် အုပ်စုဖွဲ့လာကြသည်။
ကလေးများက သုံးလေးနှစ်အရွယ်နှင့်
နို့စို့အရွယ်လေးများလည်းပါသည်။
သူရို့အုပ်စုသည် တရုတ်ခြံအတွင်း ကွန်ကရစ်ခင်း
အလုပ်လုပ်ရင်း နေ့လယ်ခင်းအစားအသောက်
များကို ကျွန်တော်တို့ခြံရှေ့မှာလာစားသည်။
နိုစို့အရွယ်ကလေးကို ခြံရှေ့မှာရှိသော
ပိတောက်ပင်နှင့် တမာပင်ကို ပုဆိုးကြိုးတန်း၍
ပုခက်ပြုလုပ်ကာ သိပ်ထားသည်။ အနှီးအဖွဲ့သည်
ခြံဘေးရှိ ကျောင်းမှရောင်းသော ခေါက်ဆွဲဗူး
များကိုဝယ်စားပြီး ဗူးခွံများကို ခြံဘေးမှာ
ပြန့်ကျဲစွာပစ်ထားသည်။ ထို့အပြင် သူရို့စားထား
ကြသော အစားအသောက်ကြွတ်ကြွတ်အိတ်
များနှင့် အအေးဗူးများလည်း ပြန့်ကျဲစွာ ပစ်ထား
ပြန်သည်။
သူရို့အုပ်စု လုပ်ငန်းပြီး၍ ကလေးရော၊
လူကြီးများနှင့် ပစ္စည်းများပါ ဒိုင်နာကားပေါ်သို့
တင်ကြသည်။ ဒီလူအုပ်နှင့် ဒီပစ္စည်းများမည်သို့
ကားပေါ်တင်သလဲဟု အံ့ဩစွာကြည့်မိသည်။
ပစ္စည်းဆိုသည်ကား အင်္ဂတေမွှေသည့် အိုကြီးနှင့်
လက်တွန်းသံလှည်းတစီး၊ ဂေါ်ပြား၊ ပေါက်ပြား
များ၊ ခြင်းတောင်းများပါဝင်သည်။ ကျွန်တော်
ကြည့်နေစဉ်မှာပင် အင်္ဂတေမွှေသည့် အိုကြီးကို
သံဘောင်လျှာထိုး၍ ကားပေါ်သို့ ဝိုင်းတွန်းကာ
တင်လိုက်ကြသည်။
ထိုနောက် ဟိုဟာ၊ ဒီဟာဖြုတ်ကာဖြင့် ကားပေါ်သို့
ရောက်သွားသည်။ ကားအတွင်းမှာ လည်း အမျိုးသမီး
အချို့က ရောက်နေကြသည်။ အင်္ဂတေမွှေသည့်
အိုကြီးသည် ကားနောက်မြီးမှာ တဝက်၊ အတွင်း
တဝက်ဖြင့်တင်ပြီးသွားသည်။ ကားခေါင်မိုးပေါ်သို့
သံတွန်းလှည်းနှင့် အခြားပစ္စည်းများကို
တင်ကြသည်။ လူများက ကားနောက်မြီးမှာ
တိုးလို့တန်းလန်းတမျိုး၊ ကားခေါင်မိုးပေါ်
တချို့ဖြင့် လူရော၊ ပစ္စည်းများပါ အားလုံး
အပြီးအစီး တင်ပြီးသွားကြသည်။
ထို ပန်းရံအဖွဲ့ ဒိုင်နာကားကြီး ထွက်သွားသည့်
အခါမှာတော့ သူရို့ စားခဲ့၊ သောက်ခဲ့သော
ပလပ်စတစ်အိတ်များ၊ ခေါက်ဆွဲဗူးခွံများ၊
ဖျော်ရည်ဗူးခွံများနှင့် ကြွတ်ကြွတ်အိတ်များကို
ကောက်ယူ၍ အမှိုက်တောင်းမှာ သွားရောက်
ပစ်လိုက်ရပါတော့သည်။